၂၀၁၅ရွေးကောက်ပွဲအပြီးတွင် လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါ တီ၏ သမ္မတလောင်းဖြစ်လာနိုင် ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာ သူအချို့၏ ထင်ကြေးပေးခံထားရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၀င်ရောက်ယှဉ် ပြိုင်မည့် ရမည်းသင်းမဲဆန္ဒနယ် မြေတွင် ဒေါ်အောင်ဆန်းစုကြည် က စက်တင်ဘာ ၁၉ရက်၌ မဲဆွယ် စည်းရုံးဟောပြောမှုများပြုလုပ် မည်ဖြစ်သည်။
ရမည်းသင်းခရိုင် မဲဆန္ဒနယ် မြေများသည် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိပြီး ပြည်ခိုင်ဖြိုးပါတီက ၂၀၁၀ရွေးကောက်ပွဲတွင် ၎င်းတို့အောင်ပွဲခံခဲ့သည့် ရမည်းသင်းခရိုင်အ တွင်း ဆက်လက်အောင်ပွဲခံနိုင်ရန် ကြိုးစားနေပြီး ဒီချုပ်ကလည်းပြိုင်ဘက်ပါတီမှ ဦးခင်အောင်မြင့်ကို အောက်ခြေအဆင့်မှာပင် အနိုင်ယူကျော်ဖြတ်နိုင်ရန် ကြိုး စားကြမည်ဖြစ်သည်။
မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာလယ်ရီဂျေဂင် က ရွေးကောက်ပွဲအပြီးတွင် ပြည် ခိုင်ဖြိုးပါတီ၏ သမ္မတလောင်း တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားသည့် လက်ရှိအမျိုး သားလွှတ်တော်ဥက္ကဋ္ဌဦးခင် အောင်မြင့်သည် လာမည့်ရွေး ကောက်ပွဲတွင် ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မြေမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ ဦးခင်အောင်မြင့်သည် ရ မည်းသင်းဇာတိဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီးအမှတ် (၈)အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်မြေဖြစ်သည့် ရမည်းသင်းခရိုင်မှပင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူဖြစ်သည်။
ထို့ကြောင့် စက်တင်ဘာ ၁၉ရက် ညနေတွင် ရမည်းသင်း မြို့၌ ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောမဲဆွယ်စည်းရုံးပွဲသည် သာမန်မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုထက်ပိုမိုထူးခြားနိုင်ပြီး စိတ်ဝင်စားဖွယ်ရာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၉ ရက် ည နေ ၄ နာရီခန့်တွင် ရမည်းသင်း မြို့အဝင်ရှိ ကွင်းပြင်၌ လူထုဟော ပြောပွဲပြုလုပ်မည်ဖြစ်သည်။
လက်ရှိအခြေအနေအရ ရ မည်းသင်းခရိုင်အတွင်း မဲဆွယ် စည်းရုံးနိုင်မှုနှင့် လူထုထောက်ခံမှု အပိုင်းတို့တွင် အကြမ်းဖျင်းအား ဖြင့် ပြည်ခိုင်ဖြိုးက ဒီချုပ်ထက် သာလွန်နေပြီး ဒီချုပ်သည် အောက်သင်းအနေဖြင့် ၀င်ရောက်ယှဉ် ပြိုင်ရမည့်သဘောဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မန္တလေးတိုင်းဒေသကြီးအလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင် ထွဋ်ဦးကပြောသည်။ ထို့အ တွက် မန္တလေးတိုင်းဒေသကြီးအ တွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအကြိမ် မဲဆွယ်ခရီးစဉ် အဖြစ် ရမည်းသင်းဒေသကို ဦးစား ပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထွဋ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ပြိုင်ဘက်အ ခြေအနေကို ဆန်းစစ်ကြည့်တော့ ရမည်းသင်းမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်က တော်တော်လေး အားကောင်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း အ လေးထားပြီး ဥက္ကဋ္ဌကိုယ်တိုင် စည်းရုံးရေးဆင်းတဲ့သဘောပါ’’ ဟု ဦးတင်ထွဋ်ဦးကပြောသည်။
ပျော်ဘွယ်မြို့နယ်နှင့် ရ မည်းသင်းမြို့နယ်တို့ပါဝင်သည့် ရမည်းသင်းခရိုင်အတွင်းတိုင်းဒေ သကြီးလွှတ်တော်မဲဆန္ဒနယ်မြေ လေးနေရာ၊ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် နှစ်နေရာနှင့်အမျိုးသား လွှတ်တော်မဲဆန္ဒနယ် တစ်နေရာစုစုပေါင်းမဲဆန္ဒနယ် ခုနစ်နေရာရှိ သည်။ ယင်းမဲဆန္ဒနယ်မြေများတွင် ပြည်ခိုင်ဖြိုး၊ ဒီချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းခုနစ်ဦးစီဖြင့် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၁ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိထုတ်ပြန်ထားသော မဲစာရင်းများအရ ရမည်းသင်းမြို့နယ်တွင် မဲဆန္ဒရှင်၁၆၉,၀၀၀ကျော်ရှိပြီး ခရိုင်တစ်ခုလုံးတွင် မဲဆန္ဒရှင် ၃၆၂,၀၀၀ကျော်ရှိသည်။
ပါတီသုံးခုစလုံးမှ ကိုယ်စား လှယ်လောင်းများက စက်တင် ဘာ ၈ရက်မှ စတင်ကာမဲဆွယ် စည်းရုံးမှုပြုလုပ်နေပြီဖြစ်ကြောင်း ရမည်းသင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဇော်မင်းကပြောသည်။
ဒီချုပ်ဝင်ရောက်ယှဉ်ပြိုင် ခြင်းမရှိခဲ့ဘဲ အငြင်းပွားဖွယ်ရာအချို့ရှိခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲတွင် ရမည်းသင်းခရိုင်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များအားလုံးမှာ မဲအပြတ်အသတ်ဖြင့် ပြိုင်ဘက်များကိုအနိုင်ရရှိခဲ့သည်။ လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ ၂၀၁၀ ရွေးကောက်ပွဲရလဒ်အတိုင်းပင် အနိုင်ရရန်မျှော်လင့်ထားကြောင်း ယင်းပါတီတာဝန်ရှိသူများကပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ခုတို့တွင် မန္တ လေးတိုင်းဒေသကြီးမှာ ပြည်ခိုင် ဖြိုးပါတီရွေးကောက်ပွဲအနိုင်ရရန် အလားအလာအကောင်းဆုံးဖြစ် ပြီး မန္တလေးတိုင်းဒေသကြီးအ တွင်း ရမည်းသင်းခရိုင်ဖြစ်သည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့သည် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသည် အများဆုံးမြို့နယ်များဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကဆိုသည်။
‘‘ရမည်းသင်းခရိုင်က မဲဆန္ဒ နယ် ခုနစ်နေရာမှာတော့ အိုကေ တယ်။ အားလုံးသေချာသလောက်ပဲ။ ရာခိုင်နှုန်းပြည့်အနိုင်ရမယ်လို့ ပြောချင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါ တီ၏ ရမည်းသင်းခရိုင်ဒေသဖွံ့ ဖြိုးရေးတာဝန်ခံ၊ မန္တလေးတိုင်းဒေ သကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။
ရမည်းသင်းခရိုင်အတွင်း နေထိုင်သည့် ဒေသခံအများစုသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက အစိုးရဖွဲ့စည်းချိန် ၂၀၁၁ မှစတင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်မီးလင်းရေး၊ ရေရရှိ ရေးနှင့် လမ်းပန်းဆက်သွယ်ရေး တို့ကို အထူးအလေးထားလုပ် ဆောင်ပေးခဲ့သည်ဟု ဦးကျော်မြင့်က ပြောသည်။ အစိုးရသစ်လက် ထက် ရမည်းသင်းမြို့နယ်အတွင်း မှ ကျေးရွာ ၈၀ မီးလင်းရန် လုပ် ဆောင်ပေးခဲ့ကာ ယခုနှစ်အတွင်း နောက်ထပ်ကျေးရွာ ၄၀ မီးလင်းရေး ဆက်လက်ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲနီးကပ်လာချိန်မှ မဲဆွယ်စည်းရုံးခြင်းမျိုးမဟုတ်ဘဲ အစိုးရဖွဲ့ပြီးချိန်မှစ၍ ကျေးလက်ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ စည်းရုံးလာသည့်အတွက် ကျေးလက်လူ ထုထောက်ခံမှု ပိုမိုအားကောင်းလာခဲ့သည်ဟု ဦးကျော်မြင့်က ယုံကြည်ချက်မြင့်မားစွာဖြင့် ဆိုသည်။
ရမည်းသင်းမြို့နယ်တွင် မြို့ ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၄၆ ရွာရှိပြီး မြို့ နယ်တစ်ခုလုံးရှိ မဲဆန္ဒရှင် ၁၆၀,၀၀၀ ကျော်ရှိရာတွင် မြို့ပေါ် ရပ်ကွက်တွင် နေထိုင်သည့် မဲဆန္ဒရှင်မှာ ၁၆,၀၀၀ ခန့်သာရှိသည့် အတွက် ကျေးရွာများ၏ ထောက် ခံမဲဖြင့် လာမည့်ရွေးကောက်ပွဲ လည်း ထပ်မံအနိုင်ရမည်ဟု ယုံ ကြည်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒေသခံလူထုရဲ့ ထောက်ခံ မှုကတော့ အားရတယ်။ ကောင်း တယ်။ အရင်တုန်းကလည်း ရွေး ကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စား လှယ်တွေဟာ ဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမဲရ ခဲ့တယ်။ အခုလည်းပဲ အဲဒီထက် မလျော့လောက်ဘူးလို့ မျှော်လင့် တယ်’’ဟု ဦးကျော်မြင့်က ဆို သည်။
မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုများတွင် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ပါတီအနေဖြင့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဟူသော ကတိနှင့်အတူ လူကိုကြည့်၍မဲပေးကြရန် စည်းရုံးနေသည်။ ဒီချုပ်ပါတီက လည်း ‘‘အမှန်တကယ်ပြောင်းလဲ ဖို့ NLD ကို မဲပေးစို့’’ဟူသော ဆောင်ပုဒ်ဖြင့် လူကိုမကြည့်ဘဲ ပါတီကို ကြည့်၍ မဲပေးကြရန် မဲဆွယ်စည်းရုံးနေရှိသည်။
ပြီးခဲ့သည့် ၁၉၉၀ ရွေး ကောက်ပွဲတွင်မူ ရမည်းသင်းဒေ သမဲဆန္ဒနယ်မြေများတွင် ဒီချုပ်က အနိုင်ရရှိခဲ့သည်။ သို့ သော် ၁၉၉၀ ရွေးကောက်ပွဲကာလနောက်ပိုင်း ဖိနှိပ်ခံရမှုများကြောင့် ဒီချုပ်အနေဖြင့် စည်းရုံးရေးလုပ်ငန်းများအားနည်းခဲ့သလို တစ်ဖက်ပါတီ၏ ပြည့်ပြည့်စုံစုံဖြင့် စည်းရုံးလာမှုများကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရမည်းသင်းဒေသရှိ မဲဆန္ဒနယ်မြေများ အနိုင်ရရေးမှာမူ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဟု သုံးသပ်ထား ကြောင်း ဒီချုပ်မှ ဦးတင်ထွဋ် ဦးက ပြောသည်။ ထို့အတွက် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် အားဖြည့်စည်းရုံးသည့်သဘော ဖြစ်သလို လာမည့်ရွေးကောက်ပွဲ အနိုင်ရရေးအစွမ်းကုန်ကြိုးစား မည်ဟု ဦးတင်ထွဋ်ဦးက ဆို သည်။
‘‘လူထုထောက်ခံမှုအခြေအ နေကတော့ ခန့်မှန်းဖို့ခက်တယ်။ မဲရလဒ်ထွက်လာမှပဲ သိရမှာပဲ။ ကြားကာလမှာ ကျွန်တော်တို့ မ လှုပ်ရှားသာလို့ မလှုပ်ရှားနိုင်ခဲ့ ဘူး။ ဒါကတစ်ချက်ပေါ့။ တစ်ဖက်ပါတီရဲ့အခြေအနေကလည်း ပြည့်ပြည့်စုံစုံနဲ့ အများကြီးအားသာ ချက်ရှိနေတယ်။ အဲဒီတော့ အပေါ်ယံကြောကြည့်ရရင်တော့ ကျွန် တော်တို့ တော်တော်ခက်ပါတယ်။ဒါပေမဲ့ ပြည်သူလူထုရဲ့ ရင်ထဲမှာ တကယ်ဘာရှိနေလဲဆိုတာက တော့ ရှေ့လမှာအဖြေပေါ်မယ်။ ၈ ရက်နေ့အဖြေကို ကျွန်တော် တို့လိုချင်တဲ့ ရလဒ်ရဖို့တော့ ကြိုး စားရမှာပေါ့’’ဟု ဦးတင်ထွဋ်ဦးက ပြောသည်။
7day daily

No comments:
Post a Comment