Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

၈ ကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော် လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပမည်



မြန်မာနိုင်ငံနှင့် ပတ်သက်သော ရုပ်ရှင်ဇာတ်ကားများကို ပြသသည့် ၈ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ် မြို့လယ် ရုပ်ရှင်ရုံတွင် စက်တင်ဘာ ၁၉၊ စနေနေ့နှင့် ၂၀ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နှစ်စဉ် ကျင်းပလာသော မြန်မာရုပ်ရှင်ပွဲတော်တွင် ယခုနှစ်မှာ မြန်မာနိုင်ငံနှင့် ပတ်သက်သော မှတ်တမ်းရုပ်ရှင် ၅ ကား ပြသမည် ဖြစ်၏။

စက်တင်ဘာ ၁၉ ရက်နေ့တွင် ဖိတ်ကြားထားသော ဧည့်သည်များသာ တက်ရောက်ပြီး ရုပ်ရှင်ကားများအကြောင်း ရှင်းလင်း ပြောကြားမည်။ ယခုနှစ်တွင် ပြသမည့် “ဒီလိုအချစ်မျိုး” မှတ်တမ်းရုပ်ရှင်၏ အဓိက ဇာတ်ကောင်ဖြစ်သူ ဦးအောင်မျိုးမင်း တက်ရောက် ဟောပြော၍ အမေးအဖြေ ကဏ္ဍလည်း စီစဉ်ထားသည်။

ပွဲတော်လာ ဧည့်ပရိသတ်များကို မွန်ထရီပါ့ခ်ရှိ ရိုးမ မြန်မာစားသောက်ဆိုင်မှ မှာယူထားသော မြန်မာအစားအသောက်များဖြင့်လည်း ကျွေးမွေး ဧည့်ခံမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့တွင် အများပြည်သူ အားလုံးအတွက် ပြသမည် ဖြစ်သည်။ လက်မှတ်မလိုဘဲ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ပါသည်။ ထိုနေ့တွင် ကြွလာသူများကို ငါးပြတိုက် ဝင်ခွင့်လက်မှတ်များ ချီးမြှင့်ပါမည်။

ခေတ်မီရုပ်ရှင်ရုံတွင်ပြမည်

LA မြို့လယ်ရှိ ခေတ်မီ ရုပ်ရှင်ရုံတွင် ဧရာမ ပိတ်ကားကြီးဖြင့် ပြသမည့် မြန်မာ ရုပ်ရှင်ပွဲတော်သည် ဝင်ကြေးမရှိ အခမဲ့ ဖြစ်သည်။ တစ်နေ့တာလက်မှတ် (All Day Pass) အခမဲ့ ထုတ်ပေးမည် ဖြစ်၍ ပွဲချိန် ၅ နာရီအတွင်း ကြိုက်သည့် ဇာတ်ကားကို ကြည့်ရှုနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

ပထမဆုံး ရောက်လာသော ရုပ်ရှင်ကြည့် ပရိသတ် ၅၀ ကို စစ်တမ်းမေးခွန်းအနည်းငယ် ဖြေကြားပေးပါက ၂၄.၉၉ ဒေါ်လာတန် THE AQUARIUM OF PACIFIC ငါးပြတိုက် ဝင်ခွင့်လက်မှတ်လည်း မေတ္တာလက်ဆောင် ချီးမြှင့်ဦးမည် ဖြစ်သည်။

ယခုနှစ်တွင် ပြသမည့် မှတ်တမ်းရုပ်ရှင်ကားများမှာ ပထမဆုံးပြသမည့် မြန်မာ လူငယ်ဒါရိုက်တာ နွေးဇာခြည်စိုး၊ မိုင်းအောင်လင်းထွန်းနှင့် ပြည်ဇော်ဖြိုးတို့ သုံးဦး စုပေါင်း ရိုက်ကူးထားသည့် “ခရီးဆက်သူ” (Traveller) သည် ကလေးအရွယ်မှာပင် မသန်မစွမ်း ဖြစ်ခဲ့ရသော မိန်းမပျိုတစ်ဦး၏ ဘဝခရီးအကြောင်း တင်ဆက်ထားသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး အရပ်ဒေသဖြစ်သည့် ချင်းတောင်တန်းတွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် ချင်းအမျိုးသားတပ်ဦး၏ ခေါင်းဆောင် ဆိုလိုမွန် သန်ဒင်းအကြောင်းကို တူမတော်သူ ဒါရိုက်တာ အန်နာ ဗြိတ်သာမာဝီ ရိုက်ကူးထားသော “ဆိုလိုမွန်” (Solomon) ကို ပြသမည် ဖြစ်၏။

ယခုနှစ် ပြသမည့် မှတ်တမ်းရုပ်ရှင်များတွင် အရှည်ဆုံး ၄၅ မိနစ်ကြာသည့် “ဒီလိုအချစ်မျိုး” (This Kind of Love) သည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအောင်မျိုးမင်း အကြောင်းကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ထားသည်။ လူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သော ဦးအောင်မျိုးမင်းသည် မိမိ ဂေးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် အသိပေးထားသူလည်း ဖြစ်သည်။

“ဒီမြေသည် တို့မြေ” (This Land is Our Land) မှတ်တမ်းရုပ်ရှင်မှာ မြေယာ ဆုံးရှုံးရသော တောင်သူ လယ်သမား ငါးဦး၏ ဘဝခံစားချက်များကို ဒါရိုက်တာ စိုင်းခေါင်ခမ်းက ဖော်ကျူးထားသည်။

ချင်းတောင်တန်းမှ မိသားစုတစ်ခု၏ မလေးရှားမှတစ်ဆင့် ဩစတြေးလျသို့ သွားရောက်ခဲ့သည့် ထူးခြားရှည်လျားသော ခရီးစဉ်အကြောင်း ရိုက်ကူးထားသော “ငါဘယ်လို ခိုလှုံသူဖြစ်ရသလဲ” (How I Became a Refugee) မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသမည် ဖြစ်၏။

မွန်ပြည်နယ်၊ သံဖြူဇရပ်မှ တံငါသည် လင်မယား၏ ဘဝလှုပ်ရှားရုန်းကန်မှုကို ဒါရိုက်တာ ခင်မောင်ကျော်က “လှေဝင်ချိန်” (When the Boat Comes In) ဟူ၍ မှတ်တမ်းတင် ရိုက်ကူးတင်ဆက်ထားသည်။

မှတ်တမ်းရုပ်ရှင်များသည် မြန်မာစကားပြော၊ အင်္ဂလိပ်စာတမ်းထိုး ဖြစ်ပါသည်။

အဆင့်အတန်းမြင့်မားလာသော မှတ်တမ်းရုပ်ရှင်ကဏ္ဍ

မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်မှု အဆင့်အတန်း မြင့်မားလာကြောင်းကိုလည်း ရုပ်ရှင်ပွဲတော် စီစဉ်သူ ဦးအောင်မင်းနိုင်က ကမ္ဘာသစ်မီဒီယာကို ရှင်းပြခဲ့သည်။ “အခုဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန်စင်တာ၊ ချက်သမ္မတနိုင်ငံနဲ့ ဂျာမနီတို့ကနေပြီး ရုပ်ရှင်သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးတာနဲ့အမျှ အရည်အသွေးတွေကလည်း တိုးတက်လာတယ်။ ဒါကြောင့်၊ အဲဒီလို မြန်မာ မှတ်တမ်းရုပ်ရှင် ကောင်းကောင်းတွေကို ဒီကလူတွေလည်း ကြည့်ရအောင် ခုလို ရွေးချယ်စီစဉ်ပေးတာပါ” ဟု ဦးအောင်မင်းနိုင်က ပြောကြားသည်။

မြန်မာ-အမေရိကန်လူမျိုးများ ကွန်ရက်အသင်း (Network of Myanmar American Association) ၏ ၈ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်အတွက် ပြသရန် ဇာတ်ကားများကို ယခုနှစ်ဆန်းမှ ဇူလိုင်လအထိ ဖိတ်ခေါ် ရွေးချယ်ခဲ့သည်။ စုစုပေါင်း ကား ၂၀ တင်သွင်းခဲ့သည့်အနက် လက်ရွေးစင် ၅ ကားကို အကဲဖြတ်လူကြီး ၅ ဦးပါဝင်သော အဖွဲ့က စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း NetMAA အသင်း၏ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကမ္ဘာသစ် မီဒီယာသို့ ရှင်းပြပါသည်။

NetMAA အသင်းသည် စတင် တည်ထောင်ကတည်းက မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုကို အမေရိကန်နိုင်ငံတွင် တင်ဆက်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဦးစားပေးဆောင်ရွက်ရင်း မြန်မာရုပ်ရှင်ပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့ကြောင်းလည်း ဦးအောင်မင်းနိုင်က ပြောကြားသည်။

ရုပ်ရှင်ဇာတ်ကားများ ပြသမည့် ပွဲချိန်နှင့် ဇာတ်လမ်းအကျဉ်း၊ ရုပ်ရှင်ပွဲတော်အကြောင်းများ ဖတ်ရှုရန်
 ကလစ်ခ် လုပ်ပါ။

ရုပ်ရှင်ရုံနေရာ Downtown Independent Theater
                         251 S. Main Street, Los Angeles, CA 90012
ပွဲတော်နေ့ရက် September 19 (Sat) & 20 (Sun) 2015
စုံစမ်းရန်          NetMAA
အသင်းရုံးခန်းဖုန်း   626-537-9990

http://kabarthit.com/index.php?option=com_content&view=article&id=761:la-film-fest-2015&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment