Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 19, 2015

အမတ်လောင်း ပပ၀တီနဲ့ ဥမ္မာဒန္တီ

ရွေးကောက်ပွဲကြီးလည်း နီးလာပြီ။ တရားဝင် မဲဆွယ်ခွင့် ကာလလည်း စပြီဆိုတော့ ပါတီတွေ အလိုက်ရော အမတ်လောင်းတွေရော အပြိုင်အဆိုင် မဲဆွယ် လာကြပြီး။ နိုင်ငံရေး သင်္ကြန်ယိမ်းက စထွက်ပြီးပေါ့ဗျာ။ ဒီ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာတော့ ထူးထူးခြားခြား ချောချောလှလှ အမျိုးသမီး အမတ်လောင်းတွေရဲ့ ပုံတွေက အင်တာနက်မှာ ပြန့်နှံ့နေသလို တစ်ချို့ မြို့တွေဆိုရင် ချောတဲ့ လှတဲ့ အမတ်လောင်းကိုပဲ မဲပေးကြမယ်ဆိုတာတွေ ဖြစ်ကုန်တယ်။ တော်သေးတာပေါ့ဗျာ။ မာဂျေတို့က အမတ်လောင်း မရူးပေမိလို့။ ကိုယ်နဲ့ပြိုင်မယ့် မဲဆန္ဒနယ်မှာ တကယ်လို့သာ ချောချောလှလှ အမျိုးသမီး အမတ်လောင်းနဲ့ ထိပ်တိုက်တိုးရင် ရုပ်ရေရူပကာ တစ်ခုတည်းနဲ့တင် မာဂျေတို့ ခွက်ခွက်လန်ရှုံးမှာ။

အင်တာနက်ပေါ်က ဆိုရှယ် မီဒီယာတွေပေါ်မှာ အမတ်လောင်းတွေက ချောချင်တိုင်း လှချင်တိုင်း လှနေကြတော့ လိုက်လုပ်(Like)တဲ့ သူတွေ တက်လုပ် (Tag)တဲ့ သူတွေကလည်း များမှများ။ ဒါကြောင့်လဲ မြန်မာနိုင်ငံက မယ်တွေ နိုင်ငံခြားသွားပြိုင်ရင် အင်တာနက်ပေါ်က မဲအများဆုံး ရနေတာ ဖြစ်မှာ။ ဘာပဲပြောပြော ရွေးကောက်ပွဲ မဲဆွယ်ကာလရဲ့ အင်တာနက်ပေါ်မှာ ခြင်္သေ့ကြီးတွေတော့ ဒေါင်းမလေးတွေ ခွပ်တာ အလူးအလဲ ခံနေရပြီ။ မာဂျေကတော့ ခုနစ်ဆောင်တိုက်ခန်း မီးမထွန်းပဲ လင်းတဲ့ ပပ၀တီလို၊ သိဝိဘုရင်ကြီးတောင် ဆင်ပေါ်ကနေ မူးမေ့သွားရတဲ့ ဥမ္မာဒန္တီလို အလှပဂေးတွေကို လွမ်းမိသဗျာ။ လိုချင်သူ ခုနစ်ပြည်ထောင်မင်းတွေ စစ်ခင်းမှာစိုးလို့ ဘယ်သူမှ မောင့်မူပိုင်ရှင် မလုပ်ကြပါနဲ့။ အများနဲ့ဆိုင်တဲ့ ဘုံပိုင်လို့ သဘောထားကြပါဆိုပြီး ပြည့်တန်ဆာ ဖြစ်သွားရရှာတဲ့ အမ္မပါလီလေးလည်း လွမ်းမိတယ်။ အခုနေသာဆိုရင် သူလဲ အမတ်လောင်း ၀င်ပြိုင်ပြီး လူကယ်ပြန် ၀န်ကြီး နေရာလေး ဘာလေး မှန်းလို့ရတာပေါ့ဗျာ။ သူတို့သာ အခုချိန် သက်ရှိထင်ရှားဆိုရင် ရွေးကောက်ပွဲမှာ မဲတွေ ၀က်ဝက်ကွဲရမှာ အသေအချာပေါ့။ ပပ၀တီဆိုရင် လျှပ်စစ်ဝန်ကြီး နေရာတောင် မှန်းလို့ရသေးတယ်။

ဒီရွေးကောက်ပွဲက နမူနာ အတိုင်းဆိုရင် နောက်တစ်ကြိမ်ကျော်မှာ ကျင်းပမယ့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲကြီးမှာ အနုပညာရှင်တွေ တော်တော်များများ အမတ် ဖြစ်လာနိုင်သလို ပါတီတွေကလည်း အခု ၂၀၁၅ အတွေ့အကြုံကိုယူပြီး ချောပေ့လှပေ့ အမတ်လောင်းမလေးတွေကို အခုကတည်းက သိမ်းသွင်းထားမယ်ဆိုရင် ကမ္ဘာပေါ်မှာ အချောဆုံး အလှဆုံး လွှတ်တော် အမတ်တွေရှိတဲ့ နိုင်ငံဆိုပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ နည်းတစ်မျိုးနဲ့ ထပ်ပြီး ကျော်ကြား လာနိုင်ပါသေးသဗျ။ တိုင်းပြည်ရဲ့ ကံကြမ္မာက တက်ပြီဆိုလဲ ဆွဲချလို့ ရတာမှ မဟုတ်ပေပဲဗျာ။ ချောချောလှလှ အမတ်လောင်းတွေထဲက အပျိုတွေကိုလည်း ရိသဲ့သဲ့လုပ်လို့ မရအောင် တစ်လင် တစ်မယား ဥပဒေကြီးက အကာအကွယ် ပေးထားပြန်လေတော့ တိုင်းယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်၊ အခွင့်ဆီဆိုင်၊ အတိုင်အလှည့်၊ အစပ်ဖြင့် တည့်လှပေါ့ ဆိုသလိုပေါ့ဗျာ။ ဒီစာသားကလည်း မာဂျေကသိလို့ မဟုတ်ပါဘူး။ မြန်မာစာ အကျော်အမော် ဆရာ ဦးရဲဝေကို ရေးချင်တာ လှမ်းလှမ်းမေးပြီး ရေးရတာ။ ဆရာကိုလဲ အားနာပါတယ်။ သူစာသင်နေတုန်း မာဂျေက မကိုးမကားတွေ မေးရင် သူ့မှာ စာသင်တာ ခဏရပ်ပြီး ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ပြန်ပြန် လှန်နေရတာကိုး။

၂၀၂၀ ရွေးကောက်ပွဲ ပြီးရင်တော့ ထွက်ထွက်ညပ်ညပ် လုပ်တတ်တဲ့ မာဂျေကတော့ ငါးစိမ်းမြင် ငါးကင်ပစ် ဆိုသလို လက်ဝှေ့ပွဲတွေကို ပစ်ပယ်ပြီး မစ္စလွှတ်တော် အမတ် (Miss Parliament) ပြိုင်တွေများ ထလုပ်လိုက်ရရင် ကမ္ဘာ့ပထမဆုံး ပွဲစီစဉ်သူ အနေနဲ့ ဟိုးဟိုးကို ကျော်သွားမှာပဲ။ နိုင်ငံခြား ရုပ်သံတွေက အင်တာဗျူးရင် ဖြေနိုင်အောင် ခုကတည်းက အင်္ဂလိပ်စာ စကားပြော သင်တန်းတွေဘာတွေ တက်ထားရဦးမယ်။ ခုခေတ် သူဌေးတွေကလဲ မျိုးဆက်သစ်ရိုးရာ လက်ဝှေ့ပွဲတွေသာ နှလုံးရောဂါ အခံရှိတော့ သွေးမြင်ရင် လန့်တတ်လို့၊ ချွေးစော်တွေနံလို့၊ ဟိုမီဒီယာသမားက ခင်ဗျားဆိုရင် ကြော်ငြာလဲ မထည့်နဲ့၊ ဘာမှလည်း စပွန်ဆာ မပေးနဲ့ ခြိမ်းခြောက်ထားလို့ဆိုပြီး စပွန်ဆာ မပေးချင်ကြတာ၊ မယ်ရွေးပွဲတွေဆိုရင် လက်ဖျားက ရေလျံအောင် စပွန်ဆာတွေ ပေးနေကြလေတော့ အဲဒီမစ္စပါလီမန် ပွဲမျိုးသာ စီစဉ်ဖြစ်လို့ကတော့ မာဂျေတို့ လက်ဖျား ငွေသီးပြီး ကားအသစ် ပြောင်းပြီးစီးလို့ရပြီ။ အဲဒီအခါကျရင် မစ္စယူနီဗာ့စ်တို့ မစ္စဝေါလ်တို့ကို မှတ်ပုံတင်ပြီး လုပ်စားနေသလို မစ္စပါလီမန်ဆိုပြီး တစ်ကမ္ဘာလုံးမှာ လုပ်စားလိုက်ဦးမယ်။ အချောအလှတွေကို မြန်မာတင်မက ကမ္ဘာ့နိုင်ငံ အသီးသီးက နိုင်ငံရေး စင်မြင့်ထက်ကို ရောက်အောင် လုပ်တာ မြန်မာနိုင်ငံသား မာဂျေက ပထမဆိုပြီး နာမည်က ကြီးပြီးရင်း ကြီးဦးမှာ။ အကြံကောင်းရင် တစ်ချက်ပါဗျ။ အခုပဲကြည့် ရုံးက တပည့် သတင်းထောက်တွေဆိုရင် ချောချောလှလှ အမတ်လောင်းတွေကိုပဲ အင်တာဗျူးလုပ်ဖို့ တယ်လီဖုန်း နံပါတ်တွေ ရှာရတာနဲ့၊ ဖေ့စ်ဘွတ်အကောင့် တောင်းရတာနဲ့ ရှုတ်ရှက်ကို ခတ်နေတာပဲ။ အင်တာနက် ပျော်တွေကလည်း အချောအလှ အမတ်လောင်းတွေကို စာရင်းလုပ်ရုံတင်မကဘဲ ဓာတ်ပုံတွေကို ဒီဇိုင်း အမျိုးမျိုးဆင်ပြီး တစ်စုတစ်စည်းထဲ တင်ပေးထားတာ ဟုတ်ဟုတ်သေးဗျား။ တစ်ချို့ကတော့ အဲ့ဒီ အမတ် မယ်လေးတွေရှိတဲ့ နေရာကိုတောင် ပြောင်းပြီး မဲပေးချင်နေကြပါသတဲ့။

မနာလိုသူ တချို့ကတော့ ရုပ်ရည်အလှကိုသုံးပြီး ရွေးကောက်ပွဲ ၀င်မှာကို ကန့်ကွက်မယ်တဲ့။ တော်တော်ဆိုးတဲ့ သူတွေ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေမှာလဲ ရုပ်ရှည်ရူပကာ အသုံးပြု မဲဆွယ် စည်းရုံးခြင်း မပြုရလို့မှ ကန့်သတ် မထားတာ။ ဒါက အတိတ်ဘ၀ များစွာက အကျိုးပေးလို့ ဒီဘ၀လာပြီး လှနေတာပဲ။ မနာလိုစရာ မရှိပါဘူးဗျာ။ မွေးရာပါ အားသာချက်ပေါ့။ ဒီအချက်တွေကို ထောက်ရှု ရရင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မစသေးသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အလှပဂေး အမတ်လောင်းမလေးတွေကို အင်နဲ့အားနဲ့ မြင်ရဖို့က သေချာသလောက် ဖြစ်နေပြီ။ လောကနီတိမှာလည်း မိန်းမတို့၏ ဥစ္စာကား အဆင်းတည်းလို့ ဆိုထားသကိုးဗျ။ ဒီတော့ မာဂျေတို့ကတော့ ၂၀၂၀ပြည့် နှစ်မှာလဲ မစ္စတွေ၊ မယ်တွေ ရှုံးလောက်တဲ့ လေဒီ အမတ်လောင်းလေးတွေကို ကျန်းကျန်းမာမာနဲ့ အားပေးဖို့ ခုကတည်းက အားဆေး စားပြီး စောင့်မျှော်နေကြောင်းပါ ခင်ဗျား။

မာဂျေ
Category:

Satire

No comments:

Post a Comment