Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

NLD ကိုယ်စားလှယ်လောင်းများ စာရင်းတွင် ပြည်သူမျှော်လင့်ထားသူများ မပါဝင်ခြင်းမှာ ပါတီတွင်း အားပြိုင်မှုများနှင့် နေရာ မပေးလိုမှုများကြောင့်ဖြစ်ဟုဆို


လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းအား ထုတ်ပြန်ရာ၌ ပြည်သူအများ ထင်မှတ်ထားသည့် ပြင်ပမှ ပုဂ္ဂိုလ်များ ပါဝင်မှု နည်းပါးခြင်းမှာ ပါတီအတွင်း အားပြိုင်မှုများနှင့် ပါတီတွင်း နေရာ မပေးလိုမှုများကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးကပြောသည်။

“အဓိကကတော့ ပါတီတွင်းမှာ လတ်တလော ချုပ်ကိုင်ချယ်လှယ်နေသူတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ လုပ်လိုက်တဲ့ သဘောပေါ့၊ သူတို့အနေနဲ့ သူတို့ထက် နိုင်ငံရေးအမြင်ပိုရှိတဲ့ လုပ်နိုင်ကိုင်နိုင်မယ့် သူတွေကို တင်ပေးလိုက်ရမှာ မလိုလားဘူး၊ အဲ့ဒါကြောင့်အခုလို လုပ်လိုက်တယ်လို့ မြင်မိတယ်၊ ဒီလိုလုပ်ရပ်တွေကြောင့် ပါတီတွင်းမှာလဲ တိုက်ပွဲငယ်တွေ ဖြစ်နေပြီ၊ ဒါဟာ ပါတီဝင်တစ်ချို့ ထွက်စေတဲ့ အဓိက အကြောင်းအရင်းပဲ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများအား သြဂုတ် ၂ရက်က ထုတ်ပြန်ခဲ့ပြီး ထိုသို့ ထုတ်ပြန်ရာတွင် ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ဗဟန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကွန်ရက်မှ ဒေါက်တာ သိန်းလွင်၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ဒေါ်မီးမီး၊ ဒေါ်သက်သက်အောင်၊ ဦးဇော်ဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ ဒေါက်တာစိုးဝင်းဦးတို့မှာ ပါဝင်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပက်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးကလည်း “ဘာပဲဖြစ်ဖြစ် လွှတ်တော်အတွင်း နိုင်ငံရေးအပြင် လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ၀န်းရံမှုတွေကလည်း အရေးကြီးတာပဲလေ။ ဒါ့ကြောင့် ဒီအပြောင်းအလဲမှာ ကိုယ်တတ်စွမ်းသလောက် ပါဝင်ဖို့ ဆန္ဒပြုကြတာပေါ့။ ဒါပေမဲ့ တာဝန်ပေး မခံရတော့လည်း ဘာမှမတတ်နိုင်ဘူး”ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။
ယင်းသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပါဝင်မှုမရှိခြင်းနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူကလည်း “ဆရာက လက်ရှိမှာ ၀န်ထမ်းဖြစ်နေတော့ ဆရာ့ရဲ့ ထွက်စာက မကျသေးတဲ့ အတွက် ထုတ်ပြန်လို့မရလို့ မထုတ်ပြန်သေးတာပါ။ ထွက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄ရက်နေ့မှ ၀န်ကြီးများရုံးက ရပ်နားခွင့်ကျမှာ ဖြစ်တဲ့အတွက် အဲဒီ့ကျမှ သူတို့နဲ့ဆက်သွယ်ပြီး လုပ်ရမှာပါ”ဟု ပြောသည်။
လက်ရှိတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအတွင်း ထိုသို့အကွဲအပြဲများကြောင့် ရန်ကင်းမြို့နယ်မှ ပါတီဝင်အချို့ကလည်း ပါတီမှ နုတ်ထွက်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
“အခုလို ပြင်ပက ကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေ တကယ်ထုတ်ပြန်တဲ့စာရင်းမှာ ပါဝင်တာ နည်းရတဲ့အကြောင်းရင်းကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီအတွင်း အကွဲအပြဲတွေကြောင့်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ပါတီမှာရှိတဲ့ အကြီးပိုင်းတွေက အခုလို ပြင်ပက ပညာရှင်တွေ၊ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူတွေ ပါဝင်လာပြီး ပါတီကို လွှမ်းမိုးသွားမှာကို သူတို့ အနေနဲ့ စိုးရိမ်စိတ်တွေရှိနေတယ်။ အဲဒီ့အတွက်ကြောင့်လည်း အခုလို ပြင်ပက ကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေ စာရင်းမှာ ပါဝင်မှုနည်းတာပါ”ဟု ပါတီဝင် တစ်ဦးမှလည်း ထပ်မံ ဖော်ထုတ်ပြောခဲ့သည်။
ကိုလူသစ်
http://tomorrow.com.mm/?q=articles/1774

No comments:

Post a Comment