ထိုင်းနိုင်ငံတွင် ဆင်ဦးစီးကို သတ်ဖြတ်ပြီး စိတ်ဆိုး ဒေါသထွက်နေသည့် ဆင်တစ်ကောင်ပေါ်မှ ကမ္ဘာလှည့် ခရီးသည် မိသားစုကို တာဝန်ရှိသူများက ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
ချင်းမိုင်တွင် တောတွင်းသို့ ဆင်စီးပြီး လည်ပတ်ရသည့် ခရီးစဉ် တစ်ခု၌ ဩဂုတ် ၂၆ ရက်က အဆိုပါ ထိတ်လန့်ဖွယ် အခြေအနေနှင့် ကြုံလာခြင်း ဖြစ်သည်။ ဆင်သည် ရုတ်တရက် စိတ်ဖောက်ပြန်ကာ ၎င်း၏ ဦးစီးကို သတ်ဖြတ်ပြီး ကျောပေါ်တွင် တင်ထားသည့် တရုတ်မိသားစု သုံးဦးကို တင်ဆောင်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဇနီးမောင်နှံ နှစ်ဦးနှင့် ၎င်းတို့၏ ကလေးသည် ဆင်ပေါ်တွင် ထိတ်လန့်တကြား ပါသွားခဲ့ကြောင်း ရဲများက ဆိုသည်။
သို့သော်လည်း အခြားသော ဆင်ဦးစီးများနှင့် ကျွမ်းကျင်သူများက ဆင်နောက်သို့ လိုက်သွားပြီး ချော့မော့နှစ်သိမ့်ကာ ပြန်လည် ခေါ်ဆောင်လာသလို ဆင်ကျောပေါ်မှ မိသားစုကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်။ “သူတို့တွေ အခုတော့ ဘေးကင်းနေပါပြီ”ဟု ချင်းမိုင်ရှိ မေဝမ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး သာဝပ်ချိုင် သပ်ဘွန်းက ပြောကြားခဲ့သည်။ စိတ်ရူးဖောက်သွားသည့် ဆင်ထီးကြီး၏ သတ်ဖြတ်ခြင်း ခံရသော ဆင်ဦးစီးသည် အဆိုပါဆင်နှင့် ယခင်က အကျွမ်းတဝင် မရှိခဲ့ဟုလည်း သိရသည်။
ဆင်များသည် ဉာဏ်ရည်မြင့်မားပြီး အမှတ်အသားကြီးကာ ၎င်းတို့နှင့် မရင်းနှီးသည့် ဆင်ဦးစီး အသစ်များကို အလွယ်တကူ လက်ခံလေ့ မရှိဘဲ ရန်ပြုတတ်ကြောင်း Channel 3က ဖော်ပြခဲ့သည်။ Channel 3က ဆင်စခန်း ပြန်ရောက်သည်ထိ အခြားသော ဆင်ဦးစီးများက ချော့မော့ ခေါ်ဆောင်လာသည့် ဆင်ကြီး၏ ကျောပေါ်တွင် ကြောက်ကြောက်လန့်လန့် လိုက်ပါလာရသည့် တရုတ်မိသားစု သုံးဦး၏ ပုံရိပ်ကိုလည်း ထုတ်လွှင့် ပြသခဲ့သည်။
ထိုင်းနိုင်ငံတွင် ဆင်များကို ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၌ အသုံးချနေခြင်းအပေါ် ယခင်ကတည်းက ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ ထိုင်းတွင် ၁၉၈၉ ခုနှစ်မှစ၍ သစ်ထုတ်လုပ်ငန်းများကို ပိတ်ပင်လိုက်ရာ ယင်းလုပ်ငန်းအတွက် လေ့ကျင့်ပေးထားသည့် ဆင်များအား ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွင် ပြောင်းလဲ အသုံးပြုလာခြင်း ဖြစ်သည်။
_Ref: Dailymail
http://7daydaily.com/story/45044
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 27, 2015
ချင်းမိုင်တွင် ဆင်ဦးစီးကို သတ်သွားသည့် ဆင်ပေါ်မှ ကမ္ဘာလှည့် မိသားစုကို လိုက်လံကယ်တင်ခဲ့ရ
ချင်းမိုင်တွင် ဆင်ဦးစီးကို သတ်သွားသည့် ဆင်ပေါ်မှ ကမ္ဘာလှည့် မိသားစုကို လိုက်လံကယ်တင်ခဲ့ရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 27, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment