Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

အစိုးရကူညီမှုဖြင့် သူနာပြုဖြစ်လာသော မြန်မာအမျိုးသမီး


ဆောင်းပါး
★ ကောင်းထက်ဟိန်းကျော် ★
အမေရိကန် ပြည်ထောင်စုတွင် အစိုးရဌာနများသည် ပြည်သူများအတွက် အထောက်အကူပြု အစီအစဉ်များ ထူထောင်ထားသည်။ ထိုအစီအစဉ်များအကြောင်း သိနားလည်ပြီး ကောင်းစွာ အသုံးချတတ်လျှင် များစွာ အကျိုးရှိပါသည်။ မြန်မာနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသော အမျိုးသမီးတစ်ဦးသည် အလုပ်သမားဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုဖြင့် သူမ ဖြစ်ချင်သော သူနာပြုဆရာမတစ်ယောက် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော မိသားစုမှ ဂျူလီဝက်ဘ်ကို ဆေးရုံအလုပ်ခွင်တွင် တွေ့ရပုံ ဖြစ်ပါသည်။မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော မိသားစုမှ ဂျူလီဝက်ဘ်ကို ဆေးရုံအလုပ်ခွင်တွင် တွေ့ရပုံ ဖြစ်ပါသည်။မြန်မာစစ်အာဏာရှင်အစိုးရ လက်အောက်တွင် မနေလိုသောကြောင့် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသော မြန်မာမိသားစုသည် သားသမီး နှစ်ဦးအတွက် ပညာရေးကောင်းကောင်းကို လိုချင်ပါသည်။ သူတို့ မိသားစုသည် မေရီလန်းပြည်နယ်၊ ဂေးသားစ်ဘတ်ဂ်သို့ ၂၀၀၄ ခုနှစ်တွင် ပြောင်းရွှေ့လာစဉ် ဂျူလီ၏ အသက်မှာ ၁၅ နှစ်သာ ရှိသေးသည်။ သူတို့ မိသားစုသည် အမေရိကားတွင် ကောင်းကောင်း နေသားကျလာခဲ့သည်။
အမေရိကန်နိုင်ငံတွင် တွေ့ကြုံရသော လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် လွတ်လပ်မှု အသစ်ကိုလည်း ဂျူလီသဘောကျခဲ့သည်။ အထက်တန်းကျောင်းမှ ၁၂ တန်း ပြီးဆုံးအောင်မြင်ပြီးနောက် ဂျူလီသည် ဖရော့စ်ဘတ်ဂ် ပြည်နယ်တက္ကသိုလ်တွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျောင်းမှ ခေတ္တနားလိုက်ပြန်သည်။ တစ်ဖန် ၂၀၁၃ ခုနှစ်တွင် အင်တာနက်မှ အွန်လိုင်းသင်တန်းများကို အမေရိကန်လူထုတက္ကသိုလ်စနစ် (American Public University System) ဖြင့် ပြန်တက်ပြီး ၂၀၁၄ ခုနှစ်တွင် အထွေထွေလေ့လာမှု ဘာသာတွဲဖြင့် AA အငယ်တန်းဘွဲ့တစ်ခု ရရှိခဲ့၏။
ကောင်းလွန်းသဖြင့် မယုံကြည်နိုင်စရာ
ဂျူလီသည် လက်မှတ်ရသူနာပြု (registered nurse) တစ်ယောက်ဖြစ်ဖို့ အမြဲတမ်း စိတ်ကူးယဉ်နေခဲ့သူ ဖြစ်သော်လည်း ရှေ့ဆက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ရသည်။ မေရီလန်းပြည်နယ် ဝု(ဒ်)စတော့ Job Corps Center မှ အစီအစဉ်ဖြင့် ဘွဲ့ယူကာ အလုပ်ရခဲ့သော အမျိုးသမီး သူငယ်ချင်းတစ်ယောက်က သူမကိုလည်း လူငယ်များ သက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ပြီး အလုပ်ကောင်းကောင်းရအောင် ပညာသင်ခြင်း၊ သင်တန်းပေးလေ့ကျင့်ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးသည့် Job Corps မှာ လျှောက်ဖို့ တိုက်တွန်းအားပေးခဲ့သည်။ (ဂျော့ဘ်ကိုးဟု အသံထွက်ပါသည်။)
“အဲဒီအကြောင်း ကျွန်မကို သူပြောပြတဲ့အခါ ပထမတော့ ကျွန်မ မယုံဘူး။ ဒီလောက် အံ့ဩစရာ ကောင်းတဲ့ဟာမျိုး ရှိလိမ့်မယ်လို့ ကျွန်မ မယုံနိုင်ဘူးလေ၊ ပြီးတော့ အဲဒါက အခမဲ့တဲ့” ဟူ၍ ဂျူလီက ဝန်ခံခဲ့၏။
၎င်းဌာန၏ ရုံးခန်းသို့ ဂျူလီရောက်သွားချိန်က သူမ၏ အသက်မှာ ၂၅ နှစ်ပြည့်ဖို့ ရက်ပိုင်းမျှသာ  လိုတော့သဖြင့် အချိန်ဖြုန်း၍ မဖြစ်တော့ကြောင်း သဘောပေါက်နေပါသည်။ အဆိုပါအစီအစဉ်၏ အသက်သတ်မှတ်ချက် ၂၅ နှစ် မပြည့်မီ အမြန်ဆုံး စာရင်းသွင်းနိုင်အောင် ဌာနက လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် ဂျူလီသည် လက်တွေ့ ဆေးဖက်ဆိုင်ရာအကူ လေ့ကျင့်ရေးသင်တန်းကို ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် စတင်သင်ယူနိုင်ခဲ့ပါသည်။
Job Corps အစီအစဉ်
Job Corps (ဂျော့ဘ်ကိုး) သည် အမေရိကန် ပြည်ထောင်စုအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်း ဖြစ်သည်။ ရိုးရိုးကောလိပ်ကျောင်းကဲ့သို့ မဟုတ်ဘဲ အဆောင်မှာ စည်းကမ်းဖြင့် နေထိုင်ရသည်။ သတ်မှတ်ထားသော အချိန်ဇယားဖြင့် သွားလာသင်ယူကြရပြီး ည ၁၀ နာရီနောက်ပိုင်း အဆောင်အပြင်မထွက်ရပါ။
တစ်နေ့လျှင် အစားအသောက် ၃ ကြိမ် အခမဲ့ ကျွေးမွေး၍ နှစ်ပတ်တစ်ကြိမ် မုန့်ဖိုး ၂၇ ဒေါ်လာကျော်ကိုလည်း ပေးသည်။
အမေရိကန်နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကဒ်) ရှိသူ အသက် ၁၆ မှ ၂၅ နှစ်အတွင်းသာ လျှောက်ထားခွင့် ကန့်သတ်ထားသည်။ သင်တန်းအမျိုးအစား ၁၀၀ ကျော် ရှိ၍၊ ကွန်ပျူတာ IT ၊ စက်ပြင်မက်ကင်းနစ်၊ ငွေကြေးနှင့် လုပ်ငန်းစီမံခန့်ခွဲရေး၊ သူနာပြုနှင့် ကျန်းမာရေးဓာတ်ခွဲခန်းပညာ စသည့်ဖြင့် ဘာသာရပ်မျိုးစုံမှ မိမိနှင့် သင့်လျော်မည့် ပညာကို ရွေးချယ်နိုင်သည်။
အသေးစိတ်စုံစမ်းရန် ဝက်ဘ်ဆိုက် လိပ်စာမှာ Job Corps
အင်တာနက် လျှောက်လွှာတင်ရန်မှာ-Job Corps Recruiting
တယ်လီဖုန်းနံပါတ်- 800 733-5627
သူမသည် သွေးနှင့် ဆေးထိုးအပ်များကို အမြဲတစေ ကြောက်လန့်ခဲ့သော်လည်း သက်ရှိလူတစ်ဦးထံမှ ပထမဆုံး သွေးဖောက်ယူခဲ့ပြီးသည့် အခါတွင် ကြောက်ရွံ့မှုကို အောင်နိုင်ခဲ့သည်။ သွေးဖောက်ယူခြင်းသည်ပင် ဤအစီအစဉ်မှာ သူမ သဘောအကျဆုံး ဖြစ်ခဲ့၏။ သူမသည် အစစအရာရာ သင်ယူလေ့လာခဲ့သည်။ လူနာများ၏ ရောဂါရာဇဝင်ယူခြင်း၊ ကိုယ်ပူချိန်၊ သွေးဖိအား၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းစသည့် သက်ရှိလုပ်ငန်းဆောင်တာများ တိုင်းတာခြင်းတို့မှအစ ဆေးထိုးဆေးသွင်းခြင်းနှင့် အခြားစမ်းသပ်ရေးလုပ်ငန်းများ ပြုလုပ်ခြင်းတို့ ဖြစ်၏။
ယခု ၂၀၁၅ ခုနှစ်တွင် ဂျူလီဝက်ဘ်သည် ၎င်းအစီအစဉ်မှ အောင်လက်မှတ် လေးခုရရှိကာ ပြီးဆုံးခဲ့ပါသည်။ (အနောက်နိုင်ငံများတွင် အိမ်ထောင်ပြုပြီးလျှင် ခင်ပွန်း၏ မျိုးရိုးအမည်ကို ယူသော ထုံးစံ ရှိသည်။) မကြာခင်မှာပင်၊ အန်အာရွန်ဒဲလ်ဆေးရုံကြီး၏ FastCare ဆေးခန်းတွင် လက်တွေ့ဆေးဖက်ဆိုင်ရာအကူအဖြစ် အင်တာဗျူး ဖြေဆိုခဲ့သည်။ Job Corps အစီအစဉ်တွင် အပြည့်အဝ သင်ကြားလေ့ကျင့်ထားခြင်းကြောင့် ဂျူလီအလုပ်ရရှိခဲ့သည်။ ယခုအခါ သူမသည် တစ်နာရီလျှင် ၁၃.၂၅ ဒေါ်လာ လုပ်အားခရရှိနေပါသည်။ သူမ အလုပ်ဝင်စဉ်က မေရီလန်းပြည်နယ်၏ အနိမ့်ဆုံး လုပ်အားခသည် တစ်နာရီလျှင် ၈ ဒေါ်လာ ဖြစ်၍ ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်းတွင် ၈.၂၅ ဒေါ်လာ ဖြစ်သည်။
လက်မှတ်ရသူနာပြု ဖြစ်ပြီဆိုလျှင် သင်တန်းများ၊ အောင်လက်မှတ်များအလိုက် လုပ်ခလစာလည်း တိုးတက်များပြားလာသည်။ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဇူလိုင်လ စစ်တမ်းအရ လက်မှတ်ရ သူနာပြု၏ ပျမ်းမျှ လုပ်အားခသည် တစ်နာရီလျှင် ၂၆.၆၉ ဒေါ်လာ ဖြစ်သည်။ အဆင့်မြင့် ကျွမ်းကျင်သူနာပြုများသည် တစ်နာရီလျှင် ဒေါ်လာ ၃၀ မှ ၅၀ ရရှိကြသည်။
“Job Corps ကတော့ ကျွန်မကို လက်တွေ့လောကအတွက် ပြင်ဆင်ပေးလိုက်တဲ့ ဘဝအပြောင်းအလဲ အတွေ့အကြုံပါပဲ။ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လက်လှမ်းမီအောင် လုပ်ပေးတဲ့ လှေခါးထစ်တစ်ခုပါရှင်” ဟု ဂျူလီက ပြောပြပါသည်။
သူမ၏ စိတ်ကူးယဉ်အိပ်မက်များသည်လည်း မကြာခင် အကောင်အထည်ပေါ်တော့မည် ဖြစ်၏။ သူမသည် အန်အာရွန်ဒဲလ် လူထုကောလိပ်တွင် သူနာပြုအတတ်ပညာကို ယခု ဆောင်းဦးမှစတင်၍ သင်ယူလေ့လာပါမည်။ ဂျူလ်ီဝက်ဘ်သည် နောင် နှစ်နှစ်အကြာတွင် သူမ ဖြစ်ချင်သော လက်မှတ်ရသူနာပြုတစ်ဦး ဖြစ်လာပါတော့မည်။
http://kabarthit.com/index.php?option=com_content&view=article&id=737&catid=25&Itemid=240

No comments:

Post a Comment