Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

သင့်ကလေး ပျော်ရွှင်ကျန်းမာတဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်စေဖို့ သင်အနေနဲ့လုပ်ဆောင်ရမယ့် နည်းလမ်း (၆)သွယ်




ကိုယ့်ချစ်တဲ့ ရင်သွေးလေးတွေကို ငယ်စဉ်အရွယ်ကတည်းကစပြီး သူတို့လေးတွေ ကျန်းမာပျော်ရွှင်တဲ့ဘ၀လေးတွေ ပိုင်ဆိုင်နိုင်အောင် မိဘတွေအနေနဲ့ ကြိုးစားရမှာပါ။ ဒါအမေရဲ့ တာဝန်၊ အဖေရဲ့တာဝန်ရယ်လို့ မခွဲခြားဘဲ သူတို့လေးတွေ အစားမှန်မှန်စားအောင်၊ အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ ကျန်းမာရေးကောင်းနေအောင်၊ ချူချာတဲ့သားသမီးတွေ မဖြစ်ရအောင် ဆောင်ရွက်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။ အဲ့ဒီအချက်လေးတွေထဲက မှ ထိရောက်တဲ့ အချက် (၆) ချက်တော့
၁။ထမင်းဟင်း၊ အစားအစာတစ်ခုခုကို အားလုံးကုန်အောင် အတင်းစားခိုင်းတာမျိုး မလုပ်ပါနဲ့။
မိဘတွေက ကလေးငယ်တွေကို အာဟာရမပြည့်မှာ၊ တခြားကလေးတွေနဲ့ယှဉ်ရင် ပိန်နေမှာ အားမရှိမှာ စိုးရိမ်လွန်ပြီး ကလေးက ဗိုက်ဝနေရင်တောင် ပန်းကန်ထဲမှာ ရှိတာတွေအကုန်စားခိုင်းတတ်ပါတယ်။ ဒါဟာ ကလေးငယ် အတွက် မကောင်းပါဘူး။ ကလေး အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီအကျင့်ကြီးစွဲသွားပြီး မရှိရှိတာ အတင်းစွတ်စားနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
၂။အာဟာရပြည့်ပြီး ကျန်းမာအောင် ဘယ်လိုလမ်းညွှန်ရမလဲဆိုတာ သိထားရပါမယ်။
ကလေးငယ်ကို ကျန်းကျန်းမာမာနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုး  ကြီးထွားလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာရပါမယ်။ အစားအစာတွေကို အုပ်စုလေးတွေခွဲပြီး ဘယ်အစားအစာအုပ်စုက ဘာကို  ဒီနေ့ကလေးကို ကျွေးမယ်ဆိုတာမျိုး သေချာ အစီအစဉ်ဆွဲပါ။ သင့်အနေနဲ့ ပရိုတင်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ် နဲ့အဆီအကြောင်း ကောင်းကောင်းနားလည်မှရပါမယ်။ သင့်ကလေးက ငါးမစားဘူးဆိုရင် ငါးကနေရမယ့် ဓာတ်ကို အခြားဘယ်အစားအစာက ရနိုင်မလဲ လေ့လာပြီး ကျွေးတာမျိုး လုပ်ပါ။
၃။အပြစ်ပေးတာပဲဖြစ်ဖြစ်၊ ဆုချတာပဲဖြစ်ဖြစ် အစားအသောက်ကျွေးတဲ့နည်း မသုံးပါနဲ့။
အားလပ်ရက်တွေ၊ ပျော်ပွဲရွှင်ပွဲတွေဟာ အစားအသောက်နဲ့ အမြဲဆက်စပ်နေတတ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကလေးက အတန်းထဲမှာ အဆင့်ကောင်းလို့ပဲဖြစ်ဖြစ် ကြိုက်တာစားဆိုပြီး ကလေးကြိုက်တဲ့ အစားအစာ၊ အချိုပွဲတွေ ကျွေးခြင်းဟာ နောက်ပိုင်း ကယ်လိုရီဆိုတာ ဘာမှန်းမသိအောင် ကလေးကို ကျင့်ပေးနေတာနဲ့ တူပါတယ်။
၎။ကလေးက စိတ်ဖိစီးမှုတွေကြောင့် အစားကို အလွန်အမင်း စားနေတာလားဆိုတာ သိအောင်လုပ်ပါ။
ကလေးမှ မဟုတ်ပါဘူး။ လူတွေဟာ စိတ်ဖိစီးလာတဲ့အခါ အစားအသောက်ဘက်ကို လှည့်သွားတတ်ကြပါတယ်။ မဆိုင်တဲ့နည်းနဲ့ စိတ်ဖြေကြတဲ့ သဘောပါပဲ။ ဒီနှစ်ခုဟာ ဦးနှောက်နဲ့ ဆက်စပ်မှုတွေရှိနေတာကြောင့် တစ်ခါတစ်ခါ တစ်ဖက်မှာ လျော့ပါးသက်သာစေဖို့ တစ်ဖက်ကို ပိုလုပ်မိတတ်တဲ့ သဘောပါ။ ဒီတော့ ကိုယ့်ကလေး စိတ်ဖိစီးမှုခံစားနေရသလားဆိုတာ သိအောင်လုပ်ပြီး သူ့ရဲ့ခံစားချက်တွေကို ဝေမျှပြီး နှစ်သိမ့်ဆွေးနွေးရင်း ဖိစီးမှုတွေ လျော့ပါးအောင်လုပ်ပေးပါ။
၅။ရှက်စရာကောင်းတဲ့ နာမည်ပြောင်တွေ မခေါ်မိပါစေနဲ့။
ကလေးက ပြည့်ပြည့်ဖြိုးဖြိုးလေးမို့ ချစ်စနိုးပဲဖြစ်ဖြစ်၊ ဟာသလုပ်တာပဲဖြစ်ဖြစ် ကလေးကို ဖက်တီး၊ ဖက်တီးမ၊ စတဲ့ ကလေးခံစားနာကျင်ရမယ့် နာမည်တွေ မခေါ်ပါနဲ့။  ဒီလိုခေါ်မယ့်အစား ကလေးဘယ်ဘက်မှာ အားသန်တယ်၊ စိတ်ဝင်စားတယ်ဆိုတာ သိအောင်လုပ်ပြီး အဲ့ဒီဘက်ကိုသာ ပိုအလေးပေး အားဖြည့်ပေးလိုက်ပါ။
၆။ကိုယ့်ကလေးအတွက် ကိုယ်ကိုယ်တိုင်ကလည်း ကျန်းမာသန်စွမ်းတဲ့ မိခင်/ဖခင်မျိုး ဖြစ်ပါစေ။
ကလေးဆိုတာ အတုမြင်အတတ်သင်တတ်သူတွေပါ။ သင်တို့ပြုမူလှုပ်ရှားပြောဆို ဆောင်ရွက်သမျှတိုင်းကို သူတို့ကြည့်နေပါတယ်။ အတုခိုးနေပါလိမ့်မယ်။ ဒီတော့ သင်ကိုယ်တိုင် အစားအစာ ရွေးချယ်ရာမှာ ကလေးတွေ အတွက် စံပြမိခင်၊ဖခင်တစ်ယောက်ဖြစ်အောင် လုပ်ဆောင်ရပါမယ်။ ဒါတင်မကသေးပါဘူး။ သင့်နေထိုင်မှုပုံစံ၊ အလုပ်အကိုင်နဲ့ သင်စရိုက်ပုံစံတွေကပါ သင့်ကလေးငယ်အပေါ် များစွာ သက်ရောက်မှုရှိနေတယ်ဆိုတာ မမေ့ပါနဲ့။
Ref:womenshealthmag

No comments:

Post a Comment