Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ကျွန်တော် ဒေါက်တာအောင်မြင့် ဗိုလ်ချုပ်လုပ်မယ်၊ သူတို့ဘက်ကကြိုဆိုမှာလား


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်သား အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာနတွင် အုပ်ချုပ်ရေးရာထူး များဖြင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် အသိပေးသည့် အမိန့်စာနှင့် အတူ ဆရာဝန်လောကမှ ကန့်ကွက်ဝေဖန်မှုများ၊ လူမှုကွန်ရက်တွင် ကန့် ကွက်ပြောဆိုသံများ တောက်လျှောက်ထွက်ပေါ်လာခဲ့သည်။
စစ်တပ်မှ ပြောင်းရွှေ့လာသည့် မိုးကျရွှေကိုယ်များမှာ ယခင်က တည်းက ဝန်ကြီးဌာနအသီးသီးတွင် ခန့်ထားမှုများရှိနေသည့်အတွက် လက်ရှိအခြေအနေတွင် ရှိနေသင့်၊မသင့်။ ယခုကဲ့သို့ ခန့်အပ်ထားမှုများ၏ နောက်ဆက်တွဲ အခြေအနေများကို တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ ချုပ်ဟောင်း ဒေါက်တာအောင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်မြင့်သည် သရုပ်ပြ -တွဲဘက်ပါမောက္ခ (၁၉၈၁ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ) တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် (၂ဝဝ၇ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်ထိ)၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် (၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ်ထိ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

- မြန်မာနိုင်ငံမှာရှိသမျှ ဌာနဆိုင်ရာတိုင်းမှာ အမြင့်ဆုံးတာဝန်တွေထိ စစ်တပ်ကလူတွေ ပါဝင် ပတ်သက်နေတာတွေရှိနေတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

အလုပ်တိုင်း အလုပ်တိုင်းမှာ လူမှန်၊ နေရာမှန်နေရာဖြစ်ဖို့ဆိုတာက အင်မတန် အရေး ကြီးတယ်။ နောက်ပြီးတော့ အလုပ်အသီးသီး၊ နယ်ပယ်အသီးသီးမှာ ဘာဖြစ်သလဲ ဆိုရင် လုပ်ငန်းအတွေ့အကြုံ။ နောက်တစ်ခါကြတော့ သူတို့ရဲ့ ဆရာဝန်ပညာလို အသက်မွေးဝမ်း ကျောင်းပညာ ဌာနတွေမှာတော့ professionalism ။ အဲဒီကိစ္စတွေရှိတဲ့ အခါကြတော့ နေရာ ဌာနတစ်ခုကို စောစောက ပြောသလို အောက်ခြေကစပြီး အဆင့်ဆင့် train လုပ်လာတာ လည်း မဟုတ်ဘူး။ ဒီ professional လည်း မဟုတ်တဲ့လူတွေ ဝင်လာတဲ့အခါ ဝင်လာတဲ့ သူတွေလည်း အခက်အခဲဖြစ်တယ်၊ အုပ်ချုပ်ခံရတဲ့သူတွေမှာလည်း အနှောင့်အယှက် အခက် အခဲတွေ အကြီးအကျယ်တွေ့တယ်။ ဌာနလည်းပျက်စီးတယ်။ အဲဒီတော့ လားရာက ဘာလဲ လို့ ပြောရင် အဲဒီလိုအဝင်ခံရတဲ့ ဌာနတွေ ပျက်စီးသွားနိုင်တယ်။ ပျက်စီးဖို့ များတယ်။ မကောင်းတဲ့လားရာလို့ပဲ ဆရာကတော့ သုံးသပ်မိတယ်။

- ဦးနေဝင်းလက်ထက်ကတည်းက တောက်လျှောက် အဲဒီလိုမျိုး မိုးကျရွှေကိုယ်တွေဌာနတိုင်းမှာ ရှိလာတယ်။ ဒါပေမဲ့ အခု လို ဒီမိုကရေစီပုံစံသွားမယ်လို့ ပြောနေပြီးသွားလည်း သွားနေတယ်လို့ ပြောနေတဲ့ကာလမှာ စစ်တပ်က စစ်တပ် နေရာမှာမနေဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနေရာစုံမှာ ဝင်ပြီးတော့လုပ်နေတာတွေက ဆက်ရှိနေသင့်လား။ ဒါမှ ဟုတ် အဆုံးသတ်ဖို့ အချိန်ရောက်ပြီလား။

နိဂုံးချုပ်ဖို့ အချိန်ရောက်နေပြီ။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တယ်၊ ဌာန တွေကို လမ်းမှန်ကမ်းမှန်တိုးတက်စေချင်တယ်လို့ ပြောနေရင် သူ့သက်ဆိုင်ရာလိုင်းမှာ Well train ဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ဌာနတွေက ထူထောင်ရပါမယ်။ စောစောက သမီးပြောသလို ဦးနေဝင်းလက်ထက်ကစပြီးတော့ ဒီလိုနေရာတွေ ထည့်ခဲ့တဲ့အတွက်ရလာတဲ့ အကျိုးဆက် တွေ အခုကြည့်လိုက်လို့ရှိရင် ပညာရေးဌာနတွေ ပျက်သွားတဲ့အထဲမှာ စစ်ဗိုလ်တွေရဲ့ ဝင်ရောက်စွက်ဖက်မှု သေချာပေါက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပညာရေးဌာနမှာ စာမေးပွဲ တွေ ဘယ်လောက်ရာခိုင်နှုန်း အအောင်ပေးရမယ်။ စာမေးပွဲအောင်မှတ်ကို ဘယ်လောက် ဖြတ်ရမယ်ဆိုတဲ့ ဝင်ရောက်စွက်ဖက်မှုတွေသည် မြန်မာပြည် ပညာရေးကျဆုံးခြင်းရဲ့ အကြောင်း တရားတွေထဲမှာပါတယ်။ အဲဒီဝင်ရောက်စွက်ဖက်မှုတွေသည် ပညာရေးစနစ်ကို ချွတ်ခြုံ ကျသွားအောင် လုပ်ခဲ့တယ်။ ထို့အတူတူပဲ။ တရားရေးစနစ်ထဲကို ထည့်လိုက်တဲ့အချိန်မှာ တရားရေးစနစ်သည် လုံးဝယိမ်းယိုင်နေသော မဏ္ဍိုင်ကြီးဖြစ်ပြီးတော့ ဘယ်သူကမှ မယုံကြည်တဲ့၊ ဘယ်သူကမှ မကြည်ညိုတဲ့၊ ဘယ်သူကမှ အားမကိုးတဲ့ တရားရေးဌာနကြီးအဖြစ်နဲ့ မြန်မာ ပြည်မှာ ကျန်ခဲ့တယ်။ တခြား နမူနာပေးစရာတွေလည်း အများကြီးရှိပါတယ်။ ရှိတဲ့ အခါမှာ ဒါတွေသည် စောစောကပြောသလို professionalism တစ်ခုကိုမသိတဲ့ professionalism တစ်ခုကို မလေးစားတဲ့ မိုးပေါ်ကျတွေ ဝင်လာပြီးတော့ ဌာနတွေမှာ နေရာယူ စွက်ဖက် အာဏာပေးလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ Consequences တွေ၊ ဒါတွေကို မပြင်ခဲ့လို့ တိုင်းပြည်ကလည်း အမှန်အတိုင်းပြောရင် အောက်တန်း နောက်တန်းကျလှပြီ။ ဒါကြောင့်မို့ ဒီလိုအဖြစ်တွေ ရပ်သင့်ပြီ။ ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းကလည်း မိုးကျ ရွှေကိုယ်တွေ မရှိစေရဘူးလို့ ပြောခဲ့တုန်းက ဆရာတို့က ဝမ်းလည်းသာတယ်၊ ကြိုလည်း ကြိုဆိုခဲ့တယ်။ ဒါပေမဲ့ အခု အဲဒီစကားတွေက ပြောပြီးပျောက်သွားပြီ၊ ဖြစ်သွားပြီးတော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ ဒီအတိုင်းပဲ ကျင့်သုံးနေတယ်။ ကျင့်သုံးနေတဲ့ အခါကြတော့ ဒါ တွေသည်တိုင်းပြည်အတွက် ရှေ့အလားအလာမကောင်းဘူး။

-ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာ ကာကွယ်ရေးက တပ်မတော်သားအရာရှိငါးဦးကို ကျန်းမာရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ ဌာနတွေမှာ အုပ်ချုပ်ရေးနေရာတွေကို တာဝန်ပေးလိုက်တယ်။ သူတို့တွေ အဲဒီမှာရောက်လာရင် ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိလာမယ်ထင်ပါသလဲ။

ရောက်မလာခင်ကတည်းက အမိန့်စထွက်ကတည်းက ဆန့်ကျင်မှုတွေ၊ မလိုလားမှုတွေ ပြလာတဲ့ အခါကြတော့ သူတို့တွေလည်းပဲ ကြိုဆိုခြင်း မခံရသော ဧည့်သည်တွေ ဖြစ်နေပြီ။Unwelcome Guest တွေဖြစ်နေပြီ။ အောက်ကလူတွေကလည်း သူတို့အုပ်ချုပ်တာကို ခံချင်မှာလည်း မဟုတ်ဘူး။ ဘာဖြစ်ကြမလဲဆိုတော့ ဌာနတွေမှာ အထက်အောက် ဆက်ဆံရေး တွေလည်း ကောင်းမှာမဟုတ်တော့ဘူး။ ဌာနရဲ့ စည်းလုံးညီညွတ်မှုလည်း မရှိတော့ဘူး။ အဲဒီ တော့ အလုပ်မှာလည်း ပညာပြနိုင်သမျှ ပြမယ်ဆိုတဲ့အခါကျ အလုပ်ကလည်း မဖြစ်နိုင်ဘူး။ စိတ်ဝမ်းတွေကလည်း ကွဲကုန်ကြမယ်။ နောက်ထပ် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ အများ ကြီးပဲ။ ကာရန်မသင့်ရင် ဟိုးပြည်သူလူထု လူနာတွေထိ နစ်နာစရာတွေအများကြီး ရှိလာနိုင် တယ်။ ပြောမယ်ဆိုရင် အများကြီးပဲ။

-အခုဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန် အများစုအပါအဝင် ဆရာဝန်မဟုတ်တဲ့ တခြား အသက် မွေးဝမ်းကျောင်းနယ်ပယ်တွေကရော ပြည်သူအချို့ကရော ကန့်ကွက်တဲ့အနေနဲ့ Black-Ribbon ကမ်ပိန်းတွေ စလုပ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာသဘောထားကရော ဘယ်လိုရှိလဲ။

အဲဒီလိုလုပ်တာနဲ့ ပတ်သက်ပြီး ဆရာကတော့ ထောက်ခံတယ်။ ဘာကြောင့်တုန်း ဆို တော့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စကို မဖြစ်သင့်ပါဘူးလို့ ပြောရဲရမယ်။ ပြောလည်း ပြောသင့် တယ်။ အခု ဒါပြောသင့်ပြောထိုက်တာကိုပြောကြတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြ တယ်လို့ ဆရာကတော့ ဒါကို ထောက်ခံတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာနကို ထည့်တယ်။ ဆရာတို့ စိတ်မချမ်းသာခဲ့ဘူး။ သာသနာရေး ဝန်ကြီး ဌာနကို ထည့်တယ်။ စိတ်မချမ်းသာခဲ့ဘူး။ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားရအောင်။ ဆရာက သေနတ်လည်း မပစ်တတ်ဘူး။ စစ်လည်း မတိုက်တတ်ဘူး။ ဒါပေမဲ့ ဆရာက စစ်တပ်ရာထူး အကြီးကြီးတစ်ခုနဲ့ ဗိုလ်မှူးချုပ်တို့၊ ဗိုလ်ချုပ်တို့ ရာထူးနဲ့ ဒေါက်တာအောင်မြင့်ကို ဒီအတိုင်း ခန့်မယ်ဆိုရင် သူတို့ဘက်က လူတွေရဲ့ရင်ထဲမှာ ဘယ်လိုဖြစ်မလဲ။ ကိုယ့်ကို ယုံကြည်မယ် ထင်လား၊ ကိုယ့်ကို ကြိုဆိုမယ်ထင်လား၊ ကိုယ်ကရော တကယ်စွမ်းဆောင်နိုင်မယ်ထင်လား၊ သူတို့လည်း မကြိုဆိုဘူး။ ကိုယ့်ကိုလည်း ဘယ်လိုမှယုံမှာ မဟုတ်ဘူး။ ကိုယ့်မှာလည်း အရည် အချင်းက တကယ်မရှိဘူး။ မရှိတဲ့အတွက် ကိုယ်လည်းအဲဒီနေရာနဲ့ တန်အောင်စွမ်းဆောင် နိုင်မှာ မဟုတ်ဘူး။ ပြောင်းပြန်လေး တစ်ချက်ကလေးပဲ ပြန်စဉ်းစားလိုက်။ အဲဒီလိုစဉ်းစား တတ်ရင် ဒီအလုပ်သည် လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ရှင်းပါတယ်။ သို့သော် စောစောက ပြောသလို ဌာနတစ်ခုကောင်းဖို့၊ ဌာနတစ်ခု တိုးတက်ဖို့၊ တိုင်းပြည်ကြီးကောင်းဖို့ဆိုတဲ့ ရည် ရွယ်ချက်မျိုးနဲ့ မဟုတ်ဘဲနဲ့ 'တပ်အဆုတ် မိုင်းမြုပ်ခဲ့သလို' ငါတို့လူတွေ ထည့်ထားခဲ့မယ်။ လိုအပ် ရင် ဒီကောင်တွေ အဲဒီဌာနတွေကို ဒုက္ခပေးဖို့ အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ သူတို့လုပ်တာ မှန်ကောင်းမှန်တယ်လို့ ပြောရမှာပေါ့။ ကျန်တဲ့ဟာကတော့ အကုန်ပြောင်းပြန် စဉ်းစားရင် သူတို့အထက်ကို ဗိုလ်ချုပ်သွားလုပ်မယ်။ စစ်သားလည်း မလုပ်ခဲ့ဘူး။ အရာရှိ အငယ်လည်း မလုပ်ခဲ့ဘူး။ တန်းပြီးတော့ ဒေါက်တာအောင်မြင့် ဗိုလ်ချုပ်လုပ်မယ်။ သူတို့ဘက် က ဘယ်လိုခံစားကြမလဲ။ ကြိုဆိုမှာလား၊ ကိုယ်အုပ်ချုပ်တာကို ခံမှာလား၊ ရှင်းရှင်းလေးပဲ။ ပြောင်းပြန်သာ ပြန်စဉ်းစားလိုက်တော့လို့ ဆရာကတော့ ပြောချင်တယ်။ ကိုယ်တို့ ဆရာဝန် လောကမှ မဟုတ်ပါဘူး။ တခြားသော professional တွေမှာလည်း လုံးဝ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ ဆရာဝန်လောကမှာ ဘွဲ့လွန်မတက်ရရင် လက်ထောက် ကထိက မဖြစ်ဘူး။ လက်ထောက်ကထိကဖြစ်ပြီးမှ နောက်ပိုင်းမှာ ပါရဂူဘွဲ့မရရင် ပါမောက္ခ မပေးဘူး ဆိုတဲ့ အဆင့်ထိဖြစ်ခဲ့ဖူးတယ်။ အဲဒီအခါမှာ ကိုယ်တို့တတွေဟာ အသက်တော်တော်ကြီးမှ ပါမောက္ခဆိုတဲ့ အဆင့်ကိုရကြရတယ်။ အဲဒီအခါမှာ ညွှန်မှူးဆိုတာ ပါမောက္ခနဲ့ ညီတယ်။ ဒုညွှန်မှူးဆိုတာ တွဲဘက်ပါမောက္ခနဲ့ ညီတယ်။ လက်ထောက်òန်မှူးဆိုတာ ကထိကနဲ့ ညီ တယ်။ အဲဒီလို ရာထူးကြီးတွေ ရောက်ဖို့ဆိုတာ ကိုယ်တို့က ဟိုးဘွဲ့ရစကနေပြီးတော့ နှစ်ပေါင်း နှစ်ဆယ်လောက် ကြိုးစားမှ ရောက်တာ။ အဲဒီကြားထဲမှာ ဘွဲ့လွန်တွေတက်ကြရတယ်။ ပညာ တွေ ဖြည့်ဆည်းရတယ်။ အလုပ်ထဲမှာ တာဝန်ကျေအောင် လုပ်ကြရတယ်။ လုပ်ပြီးမှ အဲဒီ ရာထူးတွေကို ရောက်ဖို့ မျှော်လင့်ပြီးတော့ ကြိုးစားလာတဲ့ လူတွေက အဲဒီရာထူးတွေကို ဖြည့်ပစ် လိုက်တယ်ဆိုတာက အောက်က ဒီဟာကို မျှော်လင့်ချက်နဲ့ တစ်သက်လုံးအနစ်နာခံပြီး ဖြည့်ဆည်းလာတဲ့ ဝန်ထမ်းတွေကြတော့ အင်မတန်နစ်နာပါတယ်။

-တခြားဖြည့်ပြောချင်တာရှိရင် ပြောပေးပါဦး။
တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းပြည်နဲ့ လူမျိုးကို တကယ်တိုးတက်စေချင်ရင် မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေလုပ်ဖို့ ကောင်းတယ်။နောက်ကွယ် က လျှို့ဝှက်သော မကောင်းသော ရည်ရွယ်ချက်များနဲ့ စီမံခန့်ခွဲနေရင် ဌာနတွေလည်း ကျဆုံး မယ်။ ဌာနတွေလည်းထိခိုက် ပျက်စီးမယ်။ ဆုံးရှုံးမယ်။ တိုင်းပြည်နဲ့ လူမျိုးလည်း ထိခိုက် နစ်နာမယ်။ တိုင်းပြည်လည်း မတိုးတက်နိုင်ဘူး။ ဒါကြောင့်မို့ စေတနာမှန်ဖို့ လိုတယ်။ ရိုးသားဖို့ လိုတယ်။ Vision ကောင်းဖို့လိုတယ်။အခုဟာက စေတနာမမှန်ဘူးလို့ ခံစားရတယ်။ တိုင်းပြည်နဲ့ လူမျိုးရဲ့ ရှေ့ရေး အတွက် Vision မရှိဘူးလို့ ပြောချင်ပါတယ်။ ဆရာခံစားမိတာကတော့ အဲဒါပါပဲ။
မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper/photos/a.866779890031494.1073741828.866364670073016/983668251675990/?type=1&theater

No comments:

Post a Comment