Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

ကြမ္မာရဟတ် တစ်ပတ်လည်

 ၂၀၁၅ ခု၊ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ကြိုဆိုပွဲကျင်းပရာမှာ တပ်မတော်သားအရာရှိ ၅၉ ဦး ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တကယ်တော့ တပ်မတော်ဘက်က အဆိုပြုခဲ့တာ ၁၄၃ ဦးအထိ ရှိခဲ့ပေမယ့် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ပါတီက ၅၉ ဦးကိုသာ လက်ခံခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ သမ်္မတဦးသိန်းစိန်အစိုးရအဖွဲ့က အဆိုပြုခဲ့တဲ့ ၅၅ ဦးမှာ ၄၆ ဦးကိုသာ ပြည်ခိုင်ဖြိုးက လက်ခံခဲ့ပါတယ်။ ဒီလိုပါတီက လက်မခံနိုင်တဲ့ ပုဂိ္ဂုလ်တွေထဲမှာ သမ်္မတဦးသိန်းစိန်ရဲ့ လက်ရုံးများဖြစ်ကြတဲ့ ၀န်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လို ပုဂိ္ဂုလ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒီပွဲအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အထွေထွေအတွင်းရေးမှူး ဦးမောင်မာင်သိန်းက လာမယ့်ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဒုတိယသမ္မတဦးဉာဏ်ထွန်းတို့ ရွေးကောက်ပွဲဝင်မှာ မဟုတ်တော့ဘူးလို့ အတည်ပြုကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းက ပြည်ခိုင်ဖြိုး “ပါတီတွင်း အာဏာသိမ်းပွဲ” အတွက် အချက်ပြမီးကျည် ပစ်ဖောက်အချက်ပေးလိုက်ပုံရပါတယ်။

ပါတီတွင်း အာဏာသိမ်းပွဲ

သြဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီ လောက်ကစပြီး နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးဌာနချုပ်ထဲကို ကားကြီးကားငယ် အသွယ်သွယ် ၀င်ရောက်လာပြီး လုံခြုံရေးအင်အား နှစ်ရာခန့်က ၀ိုင်းဝန်းပိတ်ဆို့ ထားလိုက်ကြပါပြီ။ ဘယ်မီဒီယာသမားမှလည်း ၀င်ရောက်သတင်းယူခွင့် မရခဲ့ကြပါဘူး။ နောက်တစ်နေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်အရ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက်္ကဋ္ဌတာဝန်ယူထားတဲ့ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးတို့ ကို တာဝန်မှဖယ်ရှားလိုက်ပြီး သာမန်ပါတီဝင်အဆင့်ကို လျှော့ချလိုက်ပါတယ်။ ဒီနောက်ပိုင်းမှာ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီရဲ့ တွဲဖက်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး သမ်္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းက ပါတီအထွေထွေအတွင်းရေးမှူးဖြစ် လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တပ်မတော်က အငြိမ်းစားယူလိုက်တာ ရက်ပိုင်းပဲရှိသေးတဲ့ ဦးသက်နိုင်ဝင်းက ပါတီရဲ့ တွဲဖက်အထွေ ထွေအတွင်းရေးမှူးဖြစ်လာခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ထုတ်ပြချက်မှာတော့ သူရဦးရွှေမန်းအနေနဲ့ ပါတီဥက္ကဋ္ဌတာဝန်အပြင် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်လို ကြီးလေးတဲ့လုပ်ငန်းတာဝန် ထမ်းဆောင်နေရတဲ့အတွက် ပါတီလုပ်ငန်းတွေကို ဖိဖိစီးစီးဆောင်ရွက်ဖို့ လိုအပ်လာလို့ အခုလို ဦးဌေးဦးကို ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီရှင်းလင်းချက်ဟာ နိုင်ငံရေးအရ အတော်ကလေးကလားနိုင်ပြီး ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတာပါ။ ဒါကြောင့်လည်း ဖင်မနိုင်၊ ခေါင်းမနိုင်၊ ဖုံးမနိုင်၊ ဖိမရဖြစ်ပြီး အစတွေထွက်နေတာပေါ့။ ရွေးကောက်ပွဲအရေးကြီးချိန်မို့ ဦးဌေးဦးကို တာဝန်လွှဲပြောင်းပေးရပါတယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဦးရွှေမန်းလို ပါတီဥက္ကဋ္ဌတစ်ယောက်ကို သာမန်ပါတီဝင်တစ်ယောက်အဖြစ် အဆင့်ချပစ်တာတော့ နိုင်ငံရေးအရ အသေသတ်ဖို့ ပါတီတွင်းမှာ ဖြုတ်၊ ထုတ်၊ လုပ်ကြံလိုက်ကြတာပါ။ သူရဦးရွှေမန်းကို မကြိုက်လို့ ၀ိုင်းဝန်းဖြုတ်ချကြမယ်ဆိုရင်လည်း ဦးရွှေမန်းကို စွဲချက်တင် ဖြုတ်ချလိုက်ပေါ့။ ဘာဖြစ်လို့ ဦးရွှေမန်းနဲ့ နီးစပ်တယ်လို့ ယူဆရတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၂ ဦးကို သာမန်ပါတီဝင်အဖြစ် ဖြုတ်ချရတာလဲ။ ဒီလိုလုပ်တော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ရဲ့ ပုဂိ္ဂုလ်ရေးပဋိပက္ခအဖြစ်ကနေ ပါတီတွင်း ဂိုဏ်းအုပ်စုတိုက်ပွဲအသွင် ပြောင်းသွားရပြီပေါ့။ ဒီတော့လည်း ပဲခူးရိုးမက ဗကပတွေရဲ့ ဂိုဏ်းတိုက်ပွဲကို “ပါတီတွင်း အာဏာသိမ်းပွဲ” ဖြစ်အောင် ဖြုတ်၊ ထုတ်၊ သတ် လုပ်ခဲ့ကြသလို ဖြစ်နေပြီပေါ့။

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီရဲ့ “ပါတီတွင်း အာဏာသိမ်းပွဲ” ဟာ ကြိုတင်ပန္နက်ရိုက်၊ ဇာတ်ကွက်ချထားတဲ့ အစီအစဉ်တစ်ရပ် ဖြစ်တယ်လို့ ယူဆစရာအကြောင်းအချက်တွေ ရှိနေပါတယ်။ ဒီလိုဇာတ်ကွက်မျိုး ချမှတ်နိုင်ဖို့ ဆိုတာလည်း မိုးနတ်မင်းကြီးကလွဲလို့ ဘယ်သူမှ စွမ်းဆောင်နိုင်ဖွယ်ရာ မရှိပါဘူး။ သြဂုတ် လ ၁၂ ရက်နေ့မှာ ထူးခြားတာတစ်ခုက ပြည်ထောင်စုဝန်ကြီး ၄ ဦး၊ ဒုတိယ၀န်ကြီး ၄ ဦး နဲ့ စစ်ဘက်တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့တဲ့ ၀န်ကြီးနှစ်ဦးကို သမ္မတအမိန့်နဲ့ ရာထူးက နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ ပိုထူးခြားတာက ဒီပုဂိ္ဂုလ် ကြီးအားလုံးဟာ နောက်တစ်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ထဲမှာ ပါဝင်လာခဲ့ကြပါတယ်။ ဒီထဲမှာ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ သလို တပ်ကနုတ်ထွက်ခွင့်ပေးလိုက်တဲ့ ဦးသက်နိုင်ဝင်းကလည်း တွဲဖက်အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နုတ်ထွက်ခွင့်ပေးလိုက်တဲ့ ဒုဝန်ကြီး ၄ ပါးကလည်း ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့် သမ်္မတအနေနဲ့ “ပါတီတွင်း အာဏာသိမ်းပွဲ” အပြီး ဖွဲ့စည်းမည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်မှာ ပါဝင်ရမယ့်ဝန်ကြီးတွေကို တစ်ရက်ကြိုတင်နုတ်ထွက်ခွင့် ပေးခဲ့လေသလားဆိုတာ စဉ်းစားစရာပါပဲ။ ဒါဆိုရင် သြဂုတ်လ ၁၂ ရက်ညမှာ အကောင်အထည်ဖော်မယ့် “ပါတီတွင်း အာဏာသိမ်းပွဲ” အစီအစဉ်ကို သမ်္မတဦးသိန်းစိန် ကြိုတင်သိရှိပြင်ဆင်ထားခဲ့တယ်ဆိုတာ သေချာနိုင်ပါတယ်။

သမ်္မတဦးသိန်းစိန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲဟာ ပါတီတွင်း အာဏာသိမ်းပွဲမဟုတ်ဘူးလို့ မျက်စိစုံမိတ် ငြင်းနေခဲ့ကြပါတယ်။ ဒါပေမဲ့ ဆင်တစ်ကောင်လုံးတွေ့ပြီးမှတော့ အပင်ပန်းခံပြီး ဆင်ခြေရာ လိုက်ရှာနေစရာ မလိုတော့ပါဘူး။ တကယ်တော့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ချင်ရင် အနိမ့်ဆုံးအားဖြင့် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး ဆွေးနွေးဆုံးဖြတ်ကြရမှာပါ။ ဖဆလပါတီထဲက အတွင်းရေးမှူးအပြောင်းအလဲ လုပ်ချင်တာတောင် ဦးနေ၀င်းက အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးခေါ်ခဲ့ပါသေးတယ်။ အခုလို တရားဝင် ဗဟိုကော်မတီအစည်းအဝေး ခေါ်ဆိုခြင်းမရှိဘဲ ညကြီးမင်းကြီး အချိန်မှာ လုံခြုံရေးအင်အား အပြည့်အ၀ချထားပြီး ခေါင်းဆောင်မှုအ ပြောင်းအလဲလုပ်တယ်ဆိုတာမျိုးကတော့ အင်အားသုံး ဖိအားပေးပြီး ခေါင်းဆောင်မှုအာဏာ လွှဲပြောင်းယူလိုက်တာပါပဲ။ တကယ်တော့ “ပြည်ခိုင်ဖြိုးပါတီတွင်း အာဏာသိမ်းပွဲ” ဟာ သမ္မတဦးသိန်းစိန်ဂိုဏ်းက တပ်မတော်ရဲ့ထောက်ခံမှုနဲ့ သူရဦးရွှေမန်းဂိုဏ်းကို အလဲထိုးအနိုင်ယူ လိုက်တာ ဖြစ်ပါလိမ့်မယ်။

အခြေခံဥပဒေ ချိုးဖောက်မှု

ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာလည်း အများစုနေရာရယူထားတဲ့အလျောက် ဒီပါတီရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုရှိမရှိကိုလည်း ဆန်းစစ်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ အခြေခံဥပဒေပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်တွေအရ နိုင်ငံတော်သမ်္မတဟာ ပါတီလုပ်ငန်း အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရပါဘူး။ ဒါ့အပြင် သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံရချိန်ကစပြီး ပါတီက နုတ်ထွက်ပြီး ဖြစ်ရပါလိမ့်မယ်။ ဒါပေမဲ့ သြဂုတ်လ ၁၃ ရက်နေ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထုတ်ပြန်ချက်အရ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ရဲ့ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ဖြစ် နေပါတယ်။ ဒါ့အပြင် သြဂုတ်လ ၁၃ ရက်နေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးမှာ ဦးသိန်းစိန်တက်ရောက်တယ်လို့ သတင်းတချို့ကဆိုပါတယ်။ ဒီအကြောင်းအချက်တွေအရ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ သမ္မတပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။

ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၂၃၂ နဲ့ ၂၃၄ ပါ ပြဋ္ဌာန်းချက်တွေအရ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေမှာ ပါတီလုပ်ဆောင်ခွင့်မရှိပါဘူး။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီး ၄ ဦးနဲ့ ဒုဝန် ကြီး ၄ ဦးကို သမ္မတဦးသိန်းစိန်က ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲမဖြစ်မီ နာရီပိုင်းအလိုမှာ “၎င်းင်းတို့၏ သဘောဆန္ဒအလျောက်” ဆိုတဲ့ စကားလုံးသုံးပြီး ရာထူးတာဝန်များမှ နုတ်ထွက်ခွင့်ပြုစေလိုက်ပါတယ်။ ဒါဟာ သူတို့ဆန်္ဒအလျောက်ဆိုတာထက် သမ်္မတဦးသိန်းစိန်ရဲ့ သဘောဆန်္ဒနဲ့ အစီအစဉ်တွေအရဖြစ်ဖို့ များပါတယ်။ ဒါကြောင့်လည်း နောက်တစ်နေ့ ထုတ်ပြန်လိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်သစ်စာရင်းမှာ ဒီဝန်ကြီး ၄ ပါးနဲ့ ဒုဝန်ကြီး ၄ ပါးရဲ့ အမည်စာရင်းတွေ ပါလာခဲ့တာပါ။ တစ်ချိန်တည်းမှာ ပြည်ခိုင်ဖြိုးပါတီက အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်စာရင်းထဲမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ပြည်ထောင်စုဝန်ကြီးတွေလည်း ပါဝင်နေတာ တွေ့ရပြန်ပါတယ်။ ပြည်ထောင်စု ၀န်ကြီးဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဦးသောင်းနဲ့ ဦးစိုးသိန်း၊ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သ/မ၀န်ကြီး ဦးကျော်ဆန်းတို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ထဲမှာ ဆက်လက်ပါဝင်နေပါတယ်။ တကယ်လို့ သမ္မတ အပါအ၀င် ပြည်ထောင်စုဝန်ကြီးတချို့ ပြည်ခိုင်ဖြိုးပါတီထဲမှာ ပါဝင်နေပြီဆိုရင်တော့ ဒါဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်လို့ စွပ်စွဲပြစ်တင်ခံရနိုင်ပါတယ်။ ဒီလိုချိုးဖောက်မှုတွေကို အရေးယူဖို့ တင်ပြလာရင်တော့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတနဲ့ အစိုးရ အဖွဲ့ကို ပြန်လည်စွပ်စွဲပြစ်တင်ဖို့ ဆိုတာလည်း သိပ်တော့မလွယ်လှပါဘူး။

လွှတ်တော်ဥက္ကဋ္ဌဖြုတ်ချရေး

ပါတီဥက္ကဋ္ဌတစ်ဦးကို ပါတီစည်းမျဉ်းအရ တာဝန်ကနေ ဖယ်ရှားပိုင်ခွင့်ရှိပေမယ့် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးကိုတော့ ပါတီကဖယ်ရှား ပိုင်ခွင့်မရှိပါဘူး။ လွှတ်တော်ဥက္ကဋ္ဌကို လွှတ်တော်ကသာလျှင် တာဝန်မှဖြုတ်ချရုပ်သိမ်းပိုင်ခွင့်ရှိပါတယ်။ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးကို တာဝန်က ရုပ်သိမ်းနိုင်တဲ့နည်းလမ်း ၂ ရပ်ရှိပါတယ်။ ပထမတစ်နည်းက သက်ဆိုင်ရာလွှတ်တော် ဥပဒေနဲ့အညီ အဆိုတင်မဲခွဲပြီး တာဝန်က ရုပ်သိမ်းတာဖြစ်ပါတယ်။ နောက်တစ်နည်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေရပ်စဲပြီး သက်ဆိုင်ရာမဲဆန္ဒနယ်မြေကနေ တာဝန်က ရုပ်သိမ်းရပ်စဲတာဖြစ်ပါတယ်။

ပထမနည်းလမ်းကျင့်သုံးမယ်ဆိုရင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၈၇ အရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကရုပ်သိမ်းချင်ရင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လက်မှတ်ရေးထိုးထားတဲ့ အဆိုလွှာကို ဒုဥက္ကဋ္ဌထံ တင်သွင်းရမှာဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌက အဆိုကိုလွှတ်တော်အစီအစဉ်မှာ ထည့်သွင်းပေးရမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြောဆိုကာ လျှို့ဝှက်မဲဆန္ဒပေးတဲ့နည်းနဲ့ ဆုံးဖြတ်ကြရပါလိမ့်မယ်။ ဒီအခါမှာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံ ၆၆ ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှသာ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးယူတဲ့အဆင့်မှာလည်း လွှတ်တော်စုံစမ်းရေးကော်မတီဖွဲ့ပြီး ပုဒ်မ ၉၂ အရ စုံစမ်းစစ်ဆေးကာ ရက်ပေါင်း ၃၀ အတွင်း လွှတ်တော်ကို အစီရင်ခံစာတင်သွင်းရမှာပါ။ တစ်ခါ နည်းဥပဒေပုဒ်မ ၉၄ အရ လွှတ်တော်ကိုယ်စားလှယ် ၆၆ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ဥက္ကဋ္ဌကို တာဝန်ကရုပ်သိမ်းကြောင်း ကြေညာရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဥက္ကဋ္ဌတစ်ယောက်ကို တာဝန်မှ ရုတ်သိမ်းချင်တယ်ဆိုရင် လုပ်ငန်းအဆင့် ၂ ဆင့် ဖြတ်သန်းပြီး ထောက်ခံမဲ ၆၆ ရာခိုင်နှုန်းကျော်ရမှ ရုပ်သိမ်းနိုင်မှာဖြစ်တဲ့အတွက် သိပ်တော့ လွယ်ကူလှမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွှတ်တော်ထဲမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းကျော် လွှမ်းမိုးပါဝင်ထားတဲ့အတွက် ထောက်ခံမဲ ၆၆ ရာခိုင်နှုန်းကျော် မရနိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်ပြီး နောက်ပိုင်း လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်အများစုက လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းဖို့ ထောက်ခံလာနိုင်ပါတယ်။ တပ်မတော်သားကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းကလည်း အပြည့်အ၀ ထောက်ခံဖို့ သေချာပါတယ်။

တကယ်လို့ ဒုတိယနည်းလမ်းကျင့်သုံးမယ် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈-ခ အရ “ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ကိုသက်ဆိုင်ရာမဲဆန်္ဒရှင်များက ပြဋ္ဌာန်းချက်နဲ့အညီ တာဝန်မှ ရုပ်သိမ်းပိုင်ခွင့်ရှိပါတယ်။” ဒီလိုရုပ်သိမ်းမယ်ဆိုရင် ပုဒ်မ ၃၉၆-ခ အရ “သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်များ အနက် အနည်းဆုံး ၁ ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုတင် ပြရပါမယ်။ ဒါပေမဲ့ ရွေးကောက်တင်မြှောက်ခြင်း၊ တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉၇ ရဲ့ လုပ်ထုံးလုပ်နည်းတွေကို လွှတ်တော်က ပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဆိုပါ “Right To Recall” ဥပဒေ အလျင်အမြန်ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို စတုတ္ထအကြိမ်မြောက် တင်ပြတိုက်တွန်းခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လာမယ့် ၂၁ ရက်နေ့မှာ ဒီဥပဒေနဲ့ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်ကြဖို့ လွှတ်တော်မူကြမ်းကော်မတီကို ညွှန်ကြားလိုက်ပါပြီ။ တစ်ချိန်တည်းမှာ သြဂုတ်လ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရေဘေးအန္တရာယ်နဲ့ ရွေးကောက်ပွဲနီးကပ်လာတာကြောင့် လွှတ်တော်ပုံမှန်အစည်းအဝေးများ ရပ်ဆိုင်းပေးရေး အရေးကြီးအဆိုကို ကျောင်းကုန်းမြို့နယ်မှ ပြည်ခိုင်ဖြိုးအမတ်က အရေးကြီးအဆို တင်ပြမှုကို ဥက္ကဋ္ဌသူရဦးရွှေမန်းက ပယ်ချလိုက်ပါတယ်။ ဒီအနေအထားတွေက သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချလိုက်ယုံမက လွှတ်တော်ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချရေးအထိ တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ၀ိုင်းဝန်းကြိုးပမ်းနေကြပြီဆိုတာ ထင်ရှားပါတယ်။

ရွေးကောက်ပွဲအခင်းအကျင်း

သြဂုတ်လ ၁၇ ရက်နေ့လွှတ်တော် အစည်းအဝေး မစတင်မီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ နှစ်ဦးချင်းတွေ့ဆုံခဲ့ ကြပါတယ်။ နောက်တစ်နေ့ ညနေပိုင်း ထပ်မံတွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က လတ်တလော အပြောင်းအလဲတွေအတွင်းမှာ ဘယ်သူဟာ မိတ်ဆွေအစစ်လဲဆိုတာ ပေါ်လွင်လာတော့ မိတ်ဆွေအချင်းချင်းကြားမှာ ပိုပြီး ခိုင်ခံ့သွားဖို့ပဲရှိပါတယ်။ “Right To Recall ကို ၁ ရာခိုင်နှုန်းနဲ့ ထားမယ်ဆိုတာ လက်မခံဘူး။ အဓိပ္ပာယ်မရှိဘူး။ ပြောင်းကို ပြောင်းလဲပစ်ရမယ်” လို့ ပြောခဲ့ပါတယ်။ ဒီသဘောထားတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းကို မဟာမိတ်အဖြစ် အခိုင်အမာ ဆက်လက်လက်တွဲသွားမယ်၊ သူရဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကိုလည်း ရပ်ခံကာကွယ်သွားမယ်ဆိုတဲ့ သဘောပါပဲ။

လက်ရှိအပြောင်းအလဲတွေရဲ့ အနေအထားအောက်မှာ ၂၀၁၅ ခု ရွေးကောက်ပွဲရဲ့ အခင်းအကျင်းကတော့ အတော်ရှင်းလင်းပီပြင်သွားပါပြီ။ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တစ်ဖက်၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကတစ်ဖက် ယှဉ်ပြိုင်အနိုင်လုကြပါလိမ့်မယ်။ တကယ်လို့ ဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးက တပ်မတော်ရဲ့ထောက်ခံမှုနဲ့ လွှတ်တော်ထဲမှာ အများစုနေရာရခဲ့ရင် ဦးသိန်းစိန်သမ္မတအဖြစ် ဒုတိယသက်တမ်းတာဝန် နှစ်အချို့ထမ်းဆောင်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လွှဲပြောင်းပေးနိုင်ပါတယ်။ တကယ်လို့ NLD က လွှတ်တော်မှာ အများစုနေရာအနိုင်ရသွားမယ်ဆိုရင် ဦးရွှေမန်း သမ္မတဖြစ်လာနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ သမ္မတအဖွဲ့နဲ့ လွှတ်တော်အခင်းအကျင်း ဒီအနေအထားဆိုက်လာခဲ့ရင် မိုးနတ်မင်းရဲ့ ပဏ္ဏုကမ္ဗလာ မြကျောက်ဖြာတင်း မာလာကာ သိကြားမင်းကိုယ်တိုင်ဆင်းပြီး ကွဲအက်အောင် ပွဲဖျက်နိုင်ပါတယ်။ ဒီအခြေအနေဆိုက်လာရင် ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်အဖြေဟာလည်း ၂၀၁၀ ရွေးကောက်ပွဲဆီ ကြမ္မာရဟတ် တစ်ပတ်ပြန်လည်ပါလိမ့်ဦးမယ်။

သန်းစိုးနိုင်
The Ladies News Journal ပါ ဆောင်းပါး
https://www.facebook.com/News.TheLadies

No comments:

Post a Comment