Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 23, 2015

ရန်ကုန်မြို့မှ အူရီဒူးသုံးစွဲသူ တစ်ဦး၏ ဖုန်းပြောဆိုမှုများ အပါအ၀င် ကိုယ်ရေးကိုယ်တာ သုံးစွဲမှု အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပွား


ရန်ကုန်မြို့ရှိ အူရီဒူးသုံးစွဲသူ တစ်ဦး၏ ဖုန်းပြောဆိုမှုများ အပါအ၀င် ကိုယ်ရေးကိုယ်တာ အချက်အလက်
 ပေါက်ကြားမှု ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ကာယကံရှင်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ရှိ အူရီဒူးသုံးစွဲသူ အမျိုးသမီး တစ်ဦးမှာ ၎င်းနှင့်သိကျွမ်းဖူးသော အမျိုးသားတစ်ဦးက
ယင်းအူရီဒူးဖုန်းနှင့် ဆက်သွယ်ထားသော အချက်အလက်များ၊ ဆက်သွယ်ပြောဆိုထားမှု အားလုံးကို သိရှိနေပြီး ခြိမ်းခြောက်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ကာယကံရှင် အမျိုးသမီးက အူရီဒူးရုံးသို့ သွားရောက်အကြောင်းကြားခဲ့ပြီး အူရီဒူးမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးတွေ့ရှိရသော ၀န်ထမ်းခုနစ်ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ ရဲစခန်းမှ အရေးယူ ဆောင်ရွက်နေကြောင်း အကြောင်းပြန်ခဲ့ပြီး ကာယကံရှင်က ၎င်း၏နစ်နာမှုများအတွက် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ကျေနပ်လောက်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် အူရီဒူးမြန်မာကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖြစ်ပွားပုံကတော့ ကျွန်မရဲ့ ဖုန်းခေါ်ဆိုမှု အချက်အလက်တွေက ကျွန်မနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာရှိခဲ့ဖူးတဲ့ ယောက်ျားလေး တစ်ဦးဆီကို ပေါက်ကြားနေတယ်။ အဲဒီ အူရီဒူးဖုန်းနဲ့ ပြောဆိုဆက်သွယ် သမျှကို သူကသိနေတယ်။ သူက နင့်အကြောင်းတွေ ငါသိနေတယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်လာတယ်။ ဒါနဲ့ ဇူလိုင် ၇ ရက်မှာ အူရီဒူး ရုံးချုပ်ဆီ စသွားပြီး အကြောင်းကြားခဲ့တယ်။ မန်နေဂျာဆိုသူ ထွက်လာပြီး ဖြေရှင်းတယ်။ အကြောင်းပြန်မယ်ဆိုပြီး အကြောင်းမပြန်တော့ တစ်ပတ်အကြာမှာ ထပ်သွားတယ်။ နှင်ထုတ်ခံရတယ်။ အပေါ်ထပ်တက်ပြီး ပြောတော့မှ နိုင်ငံခြားသား တစ်ဦးက စကားပြန်နဲ့ ထွက်တွေ့တယ်။ အချက်
အလက်တွေ ယူထားပြီး နောက်နှစ်ပတ်လောက်ကြာတော့ တစ်ခါခေါ်တွေ့တယ်။ စည်းကမ်းဖောက်ဖျက်တဲ့ ၀န်ထမ်းခုနစ်ဦးကို ထုတ်ပယ်လိုက်ပြီလို့ ပြောတယ်။ နစ်နာခဲ့မှုတွေအတွက် ဖြေရှင်းပေးပါလို့ပြောတော့ ဒါကသူတို့နဲ့ မဆိုင်တော့ဘူးလို့ ပြန်ပြောတယ်။ ကျွန်မအမြင်ကတော့ ဒီကိစ္စမှာ အူရီဒူးပဲ အဓိက တာဝန်ရှိတယ်လို့ မြင်တယ်။ ဒါကြောင့် တရားစွဲပါမယ်” ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အမျိုးသမီးက သြဂုတ် ၂၂ ရက်တွင် ပြောကြားသည်။
၎င်း၏ အူရီဒူး ဖုန်းနံပါတ်မှာ ၀၉ ၉၇၃ ၅၇၃၃၇၂ ဖြစ်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် မှတ်ပုံတင်
အမှန်ဖြင့် မှတ်ပုံတင်၍ စတင်သုံးစွဲခဲ့ကြောင်း၊ မိသားစုကိစ္စနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် အဓိက သုံးစွဲခဲ့သော နံပါတ်တစ်ခု ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းနံပါတ်ကို သုံးစွဲခြင်း မရှိတော့ကြောင်း သိရသည်။
သြဂုတ်လဆန်းပိုင်းက မန္တလေးမြို့တွင် အူရီဒူးကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဖုန်းသုံးစွဲသူတစ်ဦး၏ ဖုန်းခေါ်ဆိုမှု အချက်အလက်များကို ခိုးယူကာ အခြားတစ်ယောက်ထံသို့ ပေးပို့ခဲ့ခြင်းကြောင့် အမှုဖွင့် အရေးယူခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဝန်ထမ်းမှာ Cusotomer Relation Management ၀န်ဆောင်မှုဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် အရေးယူထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ဒီလိုမျိုး သုံးစွဲမှုတွေ ကြည့်ရှုခွင့်ကို Cusotomer Relation Management ၀န်ဆောင်မှုဌာနက ၀န်ထမ်းတွေကို ပေးထားတာ ဖြစ်ပါတယ်။ သုံးစွဲသူ တစ်ယောက်က သူဖြည့်ထားတဲ့
ဖုန်းဘီလ်ငွေ ကျပ် ၅၀၀၀ ကို ဘယ်လိုကုန်သွားလဲ သိချင်တဲ့ အခါမျိုးမှာ သူဘာတွေ သုံးခဲ့သလဲ၊ ဘယ်ဖုန်းတွေကို ခေါ်ခဲ့လဲ ကြည့်ရှုပြီး ပြန်လည်ဖြေကြား ပေးရတာမျိုးပါ။ အဲဒီဝန်ထမ်းတွေကို တလွဲအသုံးပြုမှု မရှိအောင် အစကတည်းက သတ်မှတ်ပြီးသား၊ လေ့ကျင့်သင်ကြားပြီးသား ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ အချက်
အလက်တွေကို အလွယ်တကူ ရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းသတ်မှတ် ချက်တွေလည်း ရှိပါတယ်” ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။
ယင်းကဲ့သို့ အဖြစ်အပျက်မျိုးမှာ အူရီဒူးတွင် ယခင်တစ်ကြိမ်တစ်ခါမျှ ဖြစ်ပျက်ခဲ့ခြင်း မရှိကြောင်း၊ အဆိုပါ ကျူးလွန်ခဲ့သော ၀န်ထမ်းဖြစ်သူ မနွယ်နွယ်ဝင်းမှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်မှ စတင်၍ အူရီဒူးမြန်မာတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့ကြောင်း၊ သူမ၏ ရာထူးနှင့် အလုပ်တာဝန်အရ အ၀င်အထွက် ခေါ်ဆိုမှု စာရင်းကိုသာ ကြည့်ရှုခွင့် ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ အူရီဒူး မြန်မာက သက်ဆိုင်ရာ ရဲဌာနသို့ တိုင်ကြားထားပြီး ဖြစ်ကြောင်း၊ အူရီဒူးအနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကုမ္ပဏီစီးပွားရေး လည်ပတ်ရာတွင် အဓိက အရေးအကြီးဆုံး တန်ဖိုးထား ထိန်းသိမ်းရမည့် အချက်အလက်များအဖြစ် သတ်မှတ်ထားကြောင်း အူရီဒူးမြန်မာက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ အူရီဒူးသုံးစွဲသူ တစ်ဦး၏ ဖုန်းပြောဆိုမှုများ အပါအ၀င် ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အူရီဒူးမြန်မာသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါသတင်းနှင့် ပတ်သက်၍ လာမည့် တနင်္လာ၊ အင်္ဂါနေ့ (သြဂုတ်၂၄၊ ၂၅ ရက်) လောက်မှသာ အကြောင်းပြန်ကြား ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကို မသိရှိထားကြောင်း အူရီဒူးမြန်မာ၏ ပြောရေးဆိုခွင့်ရှိသူ မသီရိကြာညိုက ပြောကြားသည်။
Eleven Media Group'
လူဖတ်များတဲ့ခေါင်းစဉ်များ

No comments:

Post a Comment