Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

ဖမ်းဆီးရမိသည့် ဆင်စွယ်နှစ်တန် ထိုင်းအစိုးရ ဖျက်ဆီး


ဘန်ကောက် သြဂုတ် ၂၆

ထိုင်းအစိုးရက တရားမဝင်ကုန်သွယ်မှုကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် ဖမ်းဆီးရမိထားသည့် ဆင်စွယ်များကို ဖျက်ဆီးပြသည့်ပွဲတွင် မီဒီယာများအနေဖြင့် သက်သေအဖြစ် တက်ရောက်သတင်းယူရန် သြဂုတ် ၂၆ ရက်တွင် ဖိတ်ကြားခဲ့သည်။

အာဖရိကမှ ဆင်စွယ်များ တရုတ်နိုင်ငံနှင့် အခြားနေရာများသို့ တရားမဝင်သယ်ယူပို့ဆောင်ရာတွင် ထိုင်းနိုင်ငံ၏ တရားမဝင်သော အကူးအပြောင်းနေရာနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသည် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုင်းအစိုးရသည် ယခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ဆင်စွယ်ငါးတန်ကို လေဆိပ်များနှင့် အခြားနေရာများတွင် ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းရှိ ဆင်စွယ်များနှင့် ဆင်စွယ်အပိုင်းအစ နှစ်တန်ကျော်ကို သြဂုတ် ၂၆ ရက်က ဘန်ကောက်မြို့တွင် ဖျက်ဆီးခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘုန်းကြီးများနှင့် အခြားပါဝင်သူများက တရားမဝင်ဖမ်းဆီးသတ်ဖြတ်သူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ဆင်များအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံ၏ အမြတ်တနိုးဖြင့်တန်းဖိုးထားသော ဆင်များကို ပြည်သူများအနေဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဟု ပြောကြားသည်။ ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း တရားမဝင် ဆင်စွယ်ရောင်းဝယ်မှုကို တားမြစ်ပိတ်ပင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဆင်စွယ်ပိုင်ဆိုင်ထားသူများ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မှတ်ပုံတင်ပြုလုပ်ကြရ မည်ဖြစ်သည်။

သဘာဝအတွက် ကမ္ဘာတစ်ဝန်းရန်ပုံငွေအဖွဲ့က တရားမဝင်ဖမ်းဆီးသတ်ဖြတ်သူများကြောင့် အာဖရိကနှင့် အခြားနေရာများတွင် တစ်နှစ်လျှင် ဆင်ကောင်ရေ ၃ဝဝဝ ခန့် သတ်ဖြတ်ခံနေရသည်ဟု ခန့်မှန်းထားသည်။ တာဝန် ရှိသူတစ်ဦးက ထိုင်းအစိုးရ၏ ယခုစွမ်းဆောင်မှုသည် သမိုင်းတွင်သည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု ပြောကြားသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment