Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

ဒုက္ခသည် ဆင်ခြောက်ကောင်အကြောင်း


မိုက်မဲတဲ့ ရွာသားကြောင့် တောင်ထိပ်ကနေ ဆင်းပြေးတဲ့ ဆင်ရိုင်းအုပ်

ကျမတို့ နယ် ကျောက်ပန်းတောင်းညောင်ဦးနယ်က လူတွေ ဆင်အကြောင်းစိတ်ဝင်စားနေတယ် ပူပန်နေကြတယ် ဆိုလို့ ဆင်တွေ အကြောင်းပြောပါဦးမယ်။

ဒီ ဆင်ခြောက်ကောင်ဟာ သစ်ဝါးမပေါဘဲ ခေါင်လှတဲ့ တူရွင်းတောင်တန်းပေါ်မှာပါ။

သူတို့ ဟာ ပုဂံညောင်ဦးပုပ္ပါး ဘုရားဖူး အပျော်ခရီး မိသားစု အပန်းဖြေထွက်လာတာ မဟုတ်ပါဘူး။

သူတို့ဟာ သူတို့နေထိုင်တဲ့ သစ်တောတွေပြုန်း ပတ်ဝန်းကျင် သဘာဝဂေဟစနစ်တွေ ပျက်စီးကုန်လို့ ရေကြည်ရာ မြက်နုရာကလေးကို ရှာရင်း မိုင်ရာချီ ခရီးကို အသက်စွန့်ပြီး ထွက်လာတဲ့ ဒုက္ခသည် အုပ်စုကြီးပါ။

သူတို့လှုပ်ရှားမှုတွေ စည်းကမ်းနဲ့ စနစ်တကျ ရှိပါတယ်။
သူတို့ဟာ အခုအချိန်ထိ ရက်ပေါင်းများစွာအတွင်း ဘယ်ယာခင်းကိုမှ မဖျက်ဆီးခဲ့သေးပါဘူး။

ညောင်ဦးနယ် ၂ ယောက် ငါ့သရောက်နယ် တစ်ယောက် မလှိုင် နယ် မှာ တစ်ယောက် ကျောက်ပန်းတောင်းနယ် ၂ ယောက် အန္တရာယ်ပြုခဲ့တယ် ဆိုတာလည်း သူတို့ကို နှောက်ယှက်တယ် လို့ယူဆလို့ ဆင်ထိန်းခေါင်းဆောင် ဆင်ကြီးက ကာကွယ်ခဲ့တာပါ။

ဒါတောင် မျက်မြင်တွေ ကာယကံရှင် တွေ အဆိုအရ သက်ညှာစွာ လုပ်ခဲ့တယ် လို့ယူဆနိုင်ပါတယ်။

ဆင်တွေဟာ အသိဉာဏ်မြင့်မားလွန်းတဲ့ သတ္တဝါတွေပါ သူတို့ကို လူတွေက စိုးရိမ်တာရော စပ်စုတာရောကြောင့် လူတွေက ဝိုင်း နောက်ကနေ တကောက်ကောက် လိုက်နေတာကို ရှောင်ရှားနေရင်းကနေ သူတို့ တွေ အစာငတ်ရေငတ် ဖြစ်နေပါပြီ။

နေ့ဘက်မှာ အိပ်ညဘက်မှာ လှုပ်ရှားတဲ့ ဆင်တွေ မမှေးစက်ရတာ ကြာပါပြီ။ ဒီလိုတွေ ဖြစ်လာချိန်မှာ လူတွေ အတွက် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ မနေ့က တူရွင်းတောင်ပေါ်အထိ သူတို့ က ရှောင်ရှားထွက်ပြေးကြရပါတယ်။

ဒါကို လူတွေရာပေါင်းများစွာ အန္တရာယ်ကို မသိ နောက်ကလိုက်ကြည့် ဓာတ်ပုံရိုက်နေကြတာ စိတ်မချမ်းသာစရာပါ။

သစ်တောဌာနက ဆင်တွေကို ဖမ်းကာနီးမှာ ရွာသားတစ်ဦးက တောင်ထိပ်ပေါ်အထိတက်ပြီး ဆင်တွေကို ခြောက်လှန့်မောင်းထုတ်ပစ်တာက အင်မတန် မိုက်မဲလှပါတယ်။

လူတွေ မိုက်မဲမှုကြောင့် ဖြစ်လာတဲ့ သဘာဝဘေးဒုက္ခကို ရှောင်ရှားရင်းရောက်လာတဲ့ ဆင်ရိုင်းခြောက်ကောင်ဟာ ကျမတို့ နယ်သူနယ်သားတွေ စပ်စုချင်တာ အသိဉာဏ်မဲ့တာတွေ ကြောင့် ဒုက္ခပိုရောက်နေပါပြီ။

ဌာနဆိုင်ရာတွေ ကျွမ်းကျင်သူတွေ ကိုင်တွယ်ဖြေရှင်းနေရာမှာ လူတွေ ရဲ့ အဆင်ခြင်မဲ့မှုတွေ ကြောင့် အပြစ်မဲ့တဲ့ဆင်တွေရော လူတွေရော ထိခိုက်မှု မဖြစ်စေချင်ပါဘူး။

သဘာဝတရားကြီး ပျက်စီးခြင်းရဲ့ အကျိုးဆက်တွေ ကျမတို့တွေ ခံနေရပါပြီ လို့ပြောချင်ပါတယ်။

မေပုပ္ပါး
 တောဆင်ရိုင်း ဖမ်းဖို့သွားမယ့် ဆင်ယဉ်ကြီးကို ကြည့်နေတဲ့ ပရိသတ်
 ဘူးကင်းတောင်ထိပ်ကဆင်ရိုင်းခြောက်ကောင်
 24 ရက်က သေဆုံးသွားတဲ့ ကိုဖိုးပိုင်




No comments:

Post a Comment