Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

သောက်လို့ရသည့် စာအုပ်

စာရွက်ကို စုတ်ဖြဲပြီး ရေစစ်လို့ရသည့် စာအုပ်မျိုးလာပြီ။ သောက်လို့ရသည့် စာအုပ်ဟု နာမည်ပေးထားသည်။

ကြည့်လိုက်လျှင် စာအုပ်အတိုင်း ဖြစ်သည်။ သို့သော် စာတစ်ရွက်ချင်းစီသည် ရေထဲပါသော ဘက်တီးရီးယား (၉၉) ရာခိုင်နှုန်းထိကို စစ်ထုတ်ပေးနိုင်သော အစွမ်းရှိသည်။ စာအုပ်ကို ဖွင့်ဖတ်လျှင် စာရွက်များပေါ်တွင် ရေကောင်းရေသန့်၏ ကျန်းမာရေး အကျိုးများ၊ ရေကို ဘာကြောင့် စစ်ပြီး သောက်သင့်ပုံများကို ရေးသား ဖော်ပြထားသည်။ ရေစစ်အဖြစ် သုံးလိုလျှင် စာတစ်ရွက်ကို ဆွဲစုတ်ပြီး သုံးလိုက်ရုံဖြစ်သည်။

စာရွက်ကို ငွေနှင့်ကြေးနီ နာနိုမှုန့်များဖြင့် ဖွဲ့စည်းထားသည်။ တောင်အာဖရိက၊ ဂါနာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ရွှံ့ရေ (၂၅) မျိုးဖြင့် လက်တွေ့ စမ်းသပ်ကြည့်ရာ ရေထဲ ပါဝင်သော အမှိုက်နှင့် ဘက်တီးရီးယား (၉၉) ရာခိုင်နှုန်းထိကို သန့်စင် ဖယ်ရှားပေး နိုင်ကြောင်း တွေ့ရသည်။ ရွှံ့ရေကို စာတစ်ရွက်သုံးပြီး စစ်ထုတ်လိုက်၍ ထွက်လာသည့် ရေသန့်သည် အမေရိကန်နိုင်ငံတွင် စံနှုန်းနှင့်အညီ ဖြန့်ဖြူးပေးနေသော ဘုံဘိုင် ရေသန့်နှင့် ညီမျှသည်။

သောက်လို့ရသော စာအုပ်အကြောင်းကို အမေရိကန်နိုင်ငံ ဘော်စတန်မြို့တွင် ကျင်းပခဲ့သည့် အမေရိကန် ဓာတုဗေဒ အသင်းကြီး၏ အကြိမ် (၂၅၀) မြောက် အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။ စာအုပ်ကို ပစ္စဘာ့ဂ်ျမြို့ရှိ ကာနက်ဂျီ မီလွန် တက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာတာရီ ဒန်ကိုဗစ်ခ်ျက ဖန်တီးထားခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ရေကောင်း ရေသန့်နှင့် ဝေးနေသေးသူ (၆၆၃) သန်း အတွက် ရည်ရွယ် ထုတ်လုပ်ထားသည်ဟု ဒေါက်တာ ဒန်ကိုဗစ်ခ်ျက ပြောသည်။ စာတစ်ရွက်သည် ရေတစ်ရာ လီတာထိကို သန့်စင် စစ်ထုတ်ပေးနိုင်သည်။ စာတစ်အုပ်ဆိုလျှင် လူတစ်ယောက်အတွက် လေးနှစ်လောက် ရေသန့် စစ်ထုတ်ပေးနိုင်ကြောင်း ဒေါက်တာ ဒန်ကိုဗစ်ခ်ျက ပြောသည်။
messenger news journal

No comments:

Post a Comment