Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

SSS ကုမ္ပဏီက ကားသစ်များကို တစ်စိတ်တစ်ပိုင်း စနစ်ဖြင့်မဟုတ်ဘဲ ဘီးလေးဘီးသာဖြုတ်၍ အစီးလိုက် တင်သွင်းနေကြောင်း တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေး

SSS ကုမ္ပဏီက ကားသစ်များကို တစ်စိတ်တစ်ပိုင်း စနစ်ဖြင့်မဟုတ်ဘဲ ဘီးလေးဘီးသာဖြုတ်၍ အစီးလိုက် တင်သွင်းနေသည်ဟု တိုင်ကြားချက်အရ ဇူလိုင် ၉ ရက်က ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

SSS ကုမ္ပဏီအနေဖြင့် KIA ကားသစ်များကို တင်သွင်းနေမှုအပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ တင်ပြခဲ့ပြီး မြန်မာနိုင်ငံတွင် KIA ကားကို ထုတ်လုပ်ခွင့်ရရှိရန် တင်သွင်းခဲ့ကြောင်း၊ ယင်းနောက် ကုန်ကြမ်းအနေဖြင့် တင်သွင်းခွင့် ရရှိခဲ့ကာ သုံးနှစ်စာ အခွန်လွတ်ရရှိခဲ့ပြီးနောက် ပထမအကြိမ် တင်သွင်းလာစဉ် ကတည်းက ကားအလုံးလိုက် တင်သွင်းသည့်ဖြစ်စဉ် ရှိခဲ့သော်လည်း မိမိတို့အပြင် လူတွေမသိခဲ့ကြောင်း၊ ယခုထပ်မံ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် စစ်ဆေးခဲ့သည့် (UMFCCI) မှ အလုပ်အမှုဆောင် ဦးအောင်ဝင်းက ပြောကြားသည်။

UMFCCI အလုပ်အမှုဆောင် ဦးအောင်ဝင်းက “အကောက်ခွန် ဦးစီးဌာနကနေ ပြီးတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ကုန်ကျမှုပေါ့။ အခုလိုပဲ အားလုံးတပ်ဆင်ပြီးသား ကားတွေပဲ ဖြစ်နေတယ်ဆိုပြီးတော့ သူတို့ဌာနချင်း အကြောင်းကြားတဲ့အချိန်မှာ ပထမဆုံးအကြိမ်ကတော့ သူတို့သက်သက်ညှာညှာပဲ ထုတ်ပေးလိုက်တယ်လို့ သိရတယ်။ ဒါပေမဲ့ အခု ဒုတိယအကြိမ် ထုတ်တဲ့အခါကျတော့ သတ်မှတ်ချက်နဲ့အညီ တင်သွင်းလာပါတယ်လို့ လျှောက်တယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ထောက်ခံပေးတယ်။ ဒါပေမဲ့ တကယ်တမ်း ဖောက်ဖွင့်စစ်တဲ့ အခါကျတော့ အခုလိုပဲ တစ်စီးလုံး ဆင်ထားပြီးသား ဖြစ်တဲ့အတွက် အကောက်ခွန်ဦးစီးဌာန လုပ်ထုံးလုပ်နည်းအရ မညီညွတ်တာအတွက် ဒါကို အခွန်အကောက် ကောက်ဖို့အတွက် အဖွဲ့စုံ အစည်းအဝေး ခေါ်တာပါ” ဟု ပြောကြားသည်။

“မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီးတော့ ဦးစိုးသိမ်းဦးဆောင်တဲ့ MIC နဲ့ ကျွန်တော်တို့က ခုနစ်ကြိမ်၊ ရှစ်ကြိမ် အပြန်အလှန် ဆွေးနွေးပြီးတော့ ဘယ်လိုပစ္စည်းတွေ သွင်းမယ်ဆိုတာ၊ စနစ်ကိုသွင်းမယ်ဆိုတာ အတည်ပြုပြီးမှ ကျွန်တော်တို့သွင်းတယ်။ ဒီကြားထဲမှာ မလိုတမာနဲ့ ဘီးလေးဘီး ဖြုတ်ပြီးတော့ မော်တော်ကား အစီးလိုက်သွင်းပါတယ်ဆိုတဲ့ တိုင်တဲ့တောတဲ့သူတွေကြောင့် ကျွန်တော်တို့ အခု အစစ်ခံနေရတာ ဟုတ်ပြီလား။ အဲဒီလို တိုင်တာတွေ ရှိလာတဲ့အတွက် အကောက်ခွန်ဦးစီးဌာနက အလွယ်တကူ မထုတ်ပေးချင်တော့ဘူး။ တရားဝင်အတိုင်း လုပ်တယ်ဆိုတာ ဖြစ်အောင်လို့လည်း အဖွဲ့နဲ့ စစ်ဆေးပြီးတော့ အဖွဲ့နဲ့ အတည်ပြုခံတာပေါ့” ဟု SSS ကုမ္ပဏီမှ တာဝန်ရှိသူက ဖြေရှင်းသည်။

အငြင်းပွားဖွယ် ကားအလုံးလိုက် တင်သွင်းမှုကို အဓိကစစ်ဆေး နေသည့်အကောက် ခွန်ဦးစီးဌာန တာဝန်ရှိသူများကို မေးမြန်းခဲ့သော်လည်း “စစ်ဆေးဆဲကာလ ဖြစ်သောကြောင့် ဖြေရှင်းမှု မပြုနိုင်သေးကြောင်း” ပြန်လည်ဖြေကြားသည်။

“SSS က KIA ကား တည်ဆောက်ခွင့်ရတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ထုတ်လုပ်မယ်ဆိုပြီးတော့ လုပ်တာပေါ့နော်။ အမှန်တော့ KIA နဲ့ ဖက်စပ်လည်းမဟုတ်ဘူး။ ထုတ်လုပ်ပြီးသားကားကို ပြန်ထုတ်ပြီးတော့ ယူလာတာပဲ။ ဘယ်နိုင်ငံမှ လက်မခံပါဘူး။ အခုက အရင်ထုတ်သွားတာ ကားအစီးရေ ၂၀၀၀ ကျော်တယ်။ ဒါပေမဲ့ ဒီနေ့ထုတ်တာက ၃၆၀ ကျော်တယ်။ ကားနဲ့ အစိတ်အပိုင်းတွေပေါ့” ဟု UMFCCI အလုပ်အမှုဆောင် ဦးအောင်ဝင်းက ပြောကြားသည်။

ကားတစ်စီးလျှင် အခွန်ငွေ ကျပ်သိန်း ၁၀၀ ဖြင့်သာ အနည်းဆုံး တွက်ချက်ကြည့်ပါက နိုင်ငံတော် အခွန်ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ထောင်နှင့်ချီ နစ်နာမည်ဖြစ်ကြောင်း ဦးအောင်ဝင်းက ဆက်လက်ပြောကြားသည်။

“ဒီဟာက နိုင်ငံတော်က စက်မှုဖွံ့ဖြိုး တိုးတက်ဖို့ဆိုပြီး အခွန်သက်သာခွင့် ပေးတာပဲလေ။ ဒါပေမဲ့ အခုမြင်တဲ့အတိုင်း သွင်းလာတဲ့ဟာက စီပီယူနည်းနည်း သွင်းလာတဲ့ဟာကို ပုံမှန်ဆိုရင် အခွန်က သိန်း ၂၀၀ လောက်ရှိတယ်။ အခွန်တစ်ပြားမှ မဆောင်ဘဲ သွင်းလာတာဆိုတော့ ဈေးကွက်မှာ တခြားကားတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ တစ်ဖက်စောင်းနင်း ဖြစ်သွားတာပေါ့။ နောက်တစ်ခုက ၁၀၀ ထုတ်လုပ်ပြီးသားကားကို ဖြုတ်ထားတာဆိုတော့ ပြန်ဆင်ခတွေက ဘယ်သူပေးတာလဲ။ အင်ဂျင်ရော အားလုံးပြန်ဖြုတ်ချပေးတာကို ဘယ်သူလုပ်ပေးတာလဲ။ အဲဒီတော့ နိုင်ငံတော်က အခွန်သက်သာလို့ သူလုပ်တာပေါ့။ အဲဒီတော့ အစိုးရအနေနဲ့ ခွင့်ပြုပေးတာကို မပြုစေချင်ဘူး။ နောက်တစ်ခုကလည်း ဒီကားတွေက နောက်ထပ်ငါးနာရီလောက် ပြန်ဆင်လိုက်ရင် ကားတစ်စီးဖြစ်ပြီလေ။ အဲဒီငါးနာရီလောက်ဆိုရင် သိန်း ၂၀၀ သက်သာတဲ့အတွက် အစီးရေ အများကြီးဆိုရင် လူတိုင်းက လုပ်ဖို့ကြိုးစားကြမှာပေါ့။ လူတိုင်းလုပ်ဖို့ အခြေအနေ ဖြစ်သွားမှာပဲ။ စီးပွားရေး လုပ်ငန်းထဲမှာလည်း အကျိုးအမြတ်များတဲ့အပေါ် လုပ်ကြမှာပဲလေ။ နောက်ဆုံးတော့ နိုင်ငံတော်အခွန် ဘဏ္ဍာတွေပဲ နစ်နာမှာပဲ” ဟု ဦးအောင်ဝင်းက ဆိုသည်။

SSS ကုမ္ပဏီအနေဖြင့် KIA ကားများကို ပထမအကြိမ် တင်သွင်းခဲ့စဉ်ကတည်းက အကောက်ခွန်ဦးစီးဌာနက အရေးယူမည့် အစီအစဉ်များ ရှိသော်လည်း အထက်အဆင့်ဆင့်မှ ညှိနှိုင်းကာ ပစ္စည်းများ ထုတ်ပေးလိုက်ကြောင်း သိရသည်။

လက်ရှိဖြစ်စဉ်ကို အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းစစ်ဆေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် SSS ကုမ္ပဏီကို ကားအစီးရေ ၄၀၀၀ ကျော် တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
Eleven Media Group


SSS ကုမ္ပဏီမှ တင်သွင်းလာ KIA ကားများ

No comments:

Post a Comment