Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 18, 2015

Miss Myanmar World 2015 သရဖူပိုင်ရှင် ခင်ရတနာသိန်းမြင့်နှင့် တွေ့ဆုံခြင်း

‘သရဖူနဲ့ ထိုက်တန်တဲ့ အလှမယ်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်’

Miss Myanmar World 2015 သရဖူပိုင်ရှင် ခင်ရတနာသိန်းမြင့်နှင့် တွေ့ဆုံခြင်း

Byဇွဲဉာဏ်On  Sat, 2015-07-18 17:12Issue No.အတွဲ (၁၄)၊ အမှတ် (၁၉)

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၌ပြုလုပ်မည့် (၆၅)ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲ (Miss World 2015)သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အနေဖြင့် သွားရောက်ယှဉ်ပြိုင်မည့်သူကို ဇူလိုင် ၁၁ရက်က ရွေးချယ်ခဲ့သည်။ ဆန်ခါတင် အလှမယ် ၁၈ ဦးထဲမှ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့မှ လာရောက်ယှဉ်ပြိုင်သူ ခင်ရတနာသိန်းမြင့် က Miss Myanmar World 2015 သရဖူကိုဆွတ်ခူးရရှိခဲ့သည်။ ထို့ကြောင့် သရဖူရရှိခဲ့သည့် Miss Myanmar World 2015 ဆုရှင် ခင်ရတနာသိန်းမြင့်ကို ပြိုင်ပွဲအတွေ့အကြုံများအပါအဝင် နိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြင်ဆင်မှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


Miss Myanmar World 2015 ဆု ရခဲ့ပေမယ့် ပရိသတ်နဲ့စိမ်းနေသေးတော့ ညီမရဲ့ ဘဝဖြတ်သန်း မှုအကြောင်းနဲ့ ပြိုင်ပွဲဝင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်း ပရိသတ်ကို အရင် ဆုံးပြောပြပေးပါလား။

ကျွန်တော့်နာမည်က ခင်ရတနာသိန်းမြင့်ပါ။ အသက်က (၂၂)နှစ် ရှိပါပြီ။ မန္တလေးက လာရောက်ယှဉ်ပြိုင်တာပါ။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်က အလှမယ်တစ်ယောက်ဖြစ်ချင်လို့ ဝင်ပြိုင်ခဲ့တာပါ။ Miss World ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ဝင်မပြိုင်ဖြစ်ခဲ့ဘူး။ ဒီပြိုင်ပွဲထပ်လုပ်ရင်တော့ ပြိုင်မယ်ဆိုပြီး Miss Myanmar World ရဲ့ Page ကိုလည်း Like လုပ်ထားတယ်။ အဲဒီမှာ ဖောင်တင်လို့ရပြီ သတင်းကြားကတည်းက ဖောင်သွားတင်ခဲ့တယ်။

မန္တလေးကနေ ရန်ကုန်ကိုလာပြီး ယှဉ်ပြိုင်ရတာဆိုတော့ အခက်အခဲတွေကောရှိခဲ့လား။

မန္တလေးကနေ ရန်ကုန်ကို လာပြိုင်ရတာဆိုတော့ အခက်အခဲတွေတော့ရှိတယ်။ ဒီရောက်တော့ မသွားတတ်၊ မလာတတ်ဖြစ်တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ အမေရဲ့အစ်မ ကျွန်တော့်အဒေါ် ရှိတော့ အဒေါ့်အိမ်မှာနေတယ်။ အဒေါ်ကလည်း အစစအရာရာ ကူညီပေးပါတယ်။

ဆန်ခါတင်ရွေးချယ်ပွဲမှာတွေ့ရတဲ့ပုံစံနဲ့ နောက်ဆုံးပြိုင်ပွဲမှာတွေ့ ရတဲ့ ညီမရဲ့ပုံစံက အရမ်းပြောင်းလဲသွားတာဆိုတော့ ပြိုင်ပွဲကာလအတွင်းမှာ ဘယ်လောက်လေ့ ကျင့်ခဲ့ရလဲ။

မန္တလေးကနေလာပြိုင်တော့ ကျွန်တော်က အတွေ့အကြုံလည်း သိပ်မရှိဘူး။ နောက်တော့ ပြိုင်ပွဲဝင်နေတဲ့ကာလတစ်လျှောက်မှာ အကောင်းဆုံးကြိုးစားခဲ့တယ်။ ထရိန်နာ မစ္စတာဘရိုင်ယန် သင်ကြားပေးတဲ့အတိုင်းလည်း တစ်သဝေမတိမ်းလိုက်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်စလာပြိုင်တဲ့ အချိန်က နည်းနည်းပြည့်တယ်။ Organization က အစ်ကိုတွေက ဝိတ်ချရဦးမယ်လို့ပြောတယ်။ နောက်ပိုင်းကျတော့ Organizationက စီစဉ်ပေးတဲ့ Balance Fitness စင်တာမှာ ပုံမှန်သွားကစားဖြစ်တယ်။ နှစ်လလောက်ဆိုတော့ ဝိတ်တော်တော်ကျသွားတယ်။

ဒီပြိုင်ပွဲမှာ Miss Personality (ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှု) ဆုရခဲ့တာကကော ဘာကြောင့်လို့ထင်လဲ။

Personality ဆုရတဲ့အတွက် လည်း အရမ်းကို ဂုဏ်ယူမိပါ တယ်။ ကျွန်တော်က လူအများကို ဆက်ဆံတဲ့အခါမှာရော ကိုယ့်ပင် ကိုစိတ်အတိုင်း စိတ်ရင်းထဲမှာရှိ တဲ့အတိုင်း ဆက်ဆံတယ်။ ပြုမူ တယ်။ အဲဒီအတွက် ဒီဆုကိုရခဲ့ တယ်လို့ထင်ပါတယ်။

ပြိုင်ပွဲနောက်ဆုံးအဆင့်မှာမေးတဲ့ ဉာဏ်စမ်းဗဟုသုတဆိုင်ရာ မေးခွန်းတွေဖြေတဲ့အချိန် နောက်ဆုံး ဆန်ခါတင်ငါးယောက်ထဲမှာ ညီမက မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံးဖြေသွားနိုင်ခဲ့တယ်။ အဲဒီအတွက် အရင်ကတည်းက ကြိုးစားပြင်ဆင်ခဲ့တာမျိုးရှိလား။

မေးခွန်းဖြေဖို့အတွက် ပြင်ဆင်ထားတာတော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က အရင်ကတည်းက စာဖတ်ဝါသနာပါတော့ စာဖတ်တယ်။ စာဖတ်တဲ့အခါ စာအုပ်တွေထဲက စကားအသုံးအနှုန်းတွေ စိတ်ထဲမှာ စွဲနေတဲ့ ဒဿနတွေရှိပါတယ်။ အဲဒါကြောင့် မေးခွန်းတွေဖြေတဲ့အချိန်မှာ စိတ်ထဲမှာရှိတဲ့အတိုင်း မြန်မြန်ဆန်ဆန်ဖြေလိုက်နိုင်တာပါ။

ဆုကြေညာတော့မယ့်အချိန်မှာ ပရိသတ်တွေက နံပါတ် ၁ (ခင်ရတနာသိန်းမြင့်)နဲ့ ၁၉ (မော်ရမ်း) တို့ကို သံပြိုင်အော်နေကြတာဆိုတော့ အဲဒီအချိန်မှာ ဘယ်လောက် ရင်ခုန်ခဲ့လဲ။

ဆုမကြေညာခင်အချိန်မှာတော့ အရမ်းရင်ခုန်မိတယ်။ ဒါပေမဲ့ ဘယ်သူရရပါ။ မော်ရမ်းရသွားရင်လည်း ကျေနပ်ပါတယ်။ သူ့ အတွက်လည်း ပျော်ရွှင်မိမှာပါ။

Miss Myanmar World ပြိုင်ပွဲက ညီမအတွက် ပထမဆုံးပြိုင်ပွဲ အတွေ့အကြုံလား၊ အရင်က ဘာတွေပြိုင်ခဲ့ဖူးလဲ။

ပြီးခဲ့တဲ့နှစ်ကတော့ Miss Myanmar International ပြိုင်ပွဲ ဝင်ပြိုင်ဖူးပါတယ်။ အဲဒီတုန်းက Top 4 ရခဲ့ပါတယ်။

နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ သွားပြိုင်ရတော့မှာဆိုတော့ ဘာတွေဆက်ပြီးပြင်ဆင်သွားမလဲ။

နိုင်ငံခြားမှာ သွားပြိုင်ရမှာဆိုတော့ ပြင်ဆင်ရမှာအများကြီးပဲလေ။ Organization ရဲ့ လမ်းညွှန်မှုအောက်မှာပဲ အကောင်းဆုံးကြိုးစားဆောင်ရွက်သွားမှာပါ။

သာမန်မိန်းကလေးဘဝကနေ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်သွားပြီဆိုတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ဘယ်လို ပြောင်းလဲသွားဖို့ရှိမလဲ။

အလှမယ်မဖြစ်ခင်အထိ ကျွန်တော်က အနုပညာအလုပ်တွေသိပ်မလုပ်တော့ သာမန်မိန်းကလေးတစ်ယောက်လိုပဲ ဘဝကို ဖြတ်သန်းခဲ့တယ်။ ပြောစရာရှိ ပြော၊ လွတ်လွတ်လပ်လပ်နေခဲ့တယ်။ ဒါပေမဲ့ ကိုယ်က နိုင်ငံကိုယ်စားပြုတဲ့ အလှမယ်တစ်ယောက် ဖြစ်သွားပြီဆိုတော့ အပြုအမူ၊ အနေအထိုင်၊ အသွားအလာ အားလုံးကို ဆင်ခြင်ရတော့မယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုတွေလည်း ပြုလုပ်သွားမှာပါ။

နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းပြီးထားသူတစ်ယောက်ဆိုတော့ ဘယ်ဘာသာစကားကို ကျွမ်းကျင်မှုရှိလဲ။

ကျွန်တော်က MUFL (မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်) မှာ ဂျာမန်နဲ့ ကျောင်းပြီးထားတယ်။ ဒါပေမဲ့ ကျောင်းပြီးတဲ့နောက်ပိုင်းမှာတော့ ဂျာမန်စာသိပ်မလေ့လာဖြစ်ဘူး။ ကျောင်းတက်တုန်းကတော့ တတ်သင့်သလောက် တတ်တယ်။ အင်္ဂလိပ်စာတော့ ပိုပြီးကောင်းလာအောင် Improve (တိုးတက်)ဖြစ်လာအောင်တော့ လေ့လာသွားဖို့ရှိပါတယ်။

တခြားနိုင်ငံတစ်ခုမှာ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့သွားပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလိုအပ်ချက်ရှိနေတယ်လို့ထင်လဲ။

Knowledge (ဗဟုသုတ) ပိုင်းကို ထပ်ဖြည့်ဖို့လိုတယ်လို့ထင်ပါတယ်။

ဒီမှာလုပ်တဲ့ပြိုင်ပွဲတုန်းက Talent ကို မြန်မာအကနဲ့ပြိုင်ခဲ့တာဆိုတော့ နိုင်ငံတကာပြိုင်ပွဲမှာပြိုင်ဖို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

Talent က ဘယ်ဟာလုပ်လိုက်မယ်ဆိုပြီး အတိအကျစီစဉ်ထားတာတော့မရှိသေးဘူး။ ဒါပေမဲ့ မြန်မာကို ကိုယ်စားပြုနိုင်တဲ့ မြန်မာ့အနုပညာယဉ်ကျေးမှုကို ပြနိုင်တဲ့အထဲက တစ်ခုခုကိုရွေးချယ်ဖြစ်မှာပါ။

မြန်မာနိုင်ငံမှာ အလှမယ်ဆိုရင် ပရဟိတနဲ့တွဲပြီးမြင်ကြတော့ ပရဟိတအနေနဲ့ အရင်ကကော ဘာတွေလုပ်ဖူးလဲ။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာကော ဘာတွေဆက် လုပ်ဖို့ရှိမလဲ။

ကျွန်တော်ခံယူထားတာကတော့ ပရဟိတဆိုတာက အကြီးအကျယ်ကြီး မိဘမဲ့ကလေးတွေကို သွားပြီးလှူဒါန်းတာတွေလုပ်တာထက် ကိုယ့်ပတ်ဝန်းကျင်မှာ အကူအညီလိုနေတဲ့လူတွေကို တတ်နိုင်သလောက်ကူညီပေးတယ်။ ငွေ အားမှမဟုတ်ဘဲ လူအားနဲ့ကူညီပေးတာမျိုးလည်းလုပ်ဖြစ်ပါတယ်။ ကလေးတွေကို ပြုစုပျိုး ထောင်တဲ့နေရာမှာ သွားပြီးလုပ်အားပေးတာတို့ ငွေအားနဲ့ကူညီတာတွေတော့ အရင်ကတည်းက လုပ်ပါတယ်။ နောက်ပိုင်း ကျွန်တော်အဓိကလုပ်သွားချင်တာက လူတိုင်းစာတတ်မြောက်ရေး။ ကျွန်တော်က အရင်ကတည်းက စာဖတ်တာဝါသနာပါတော့ လူတိုင်းကို စာဖတ်စေချင်တယ်။ အဲဒီအတွက် ကလေးတွေကိုလည်း စာတတ်စေချင်တယ်။ အနည်းဆုံး ရေးတတ်၊ ဖတ်တတ်ပေါ့။ ကျောင်း မနေနိုင်ရင်တောင် စာရေးတတ် ဖတ်တတ်ဆိုတော့ စာအုပ်တွေ ဖတ်နိုင်မယ်။ နောက်ပြီးတော့ လူတိုင်းစာဖတ်နိုင်အောင် စာကြည့်တိုက်တွေထူထောင်ချင်ပါတယ်။ အခွင့်အရေးရမယ်ဆိုရင် စာကြည့် တိုက်တွေကို စာအုပ်လှူဒါန်းတာ ဖြစ်ဖြစ်၊ စာကြည့်တိုက်ထူထောင်တာဖြစ်ဖြစ် အဲဒီလိုလုပ်သွားချင်ပါ တယ်။

ညီမကိုအားပေးတဲ့ပရိသတ်တွေရှိသလို လိုအပ်ချက်တွေရှိတယ်လို့ ပြောတဲ့သူတွေလည်းရှိတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

အားပေးတဲ့ပရိသတ်တွေရှိတယ်။ လိုအပ်ချက်တွေရှိတယ်လို့ ပြောတဲ့ ပရိသတ်တွေရှိတယ်။ သူတို့ပြောတဲ့လိုအပ်ချက်တွေကို ပြင်ဆင်နိုင်တာရှိရင်လည်း အတတ်နိုင်ဆုံးပြုပြင်သွားမယ်။ နောက်ပြီး ဒီလိုဂရုတစိုက်နဲ့ အားပေးတဲ့ ဝေဖန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သရဖူနဲ့ထိုက်တန်တဲ့ အလှမယ်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။

ကျေးဇူးတင်ပါတယ်။
http://7daydaily.com/story/42125

No comments:

Post a Comment