ကရင်၊ ကရင်နီ စသော မြန်မာတိုင်းရင်းသားကလေးငယ်များသည် နယ်စပ်ဒုက္ခသည် စခန်းတွင် မွေးဖွား ကြီးပြင်းခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာသောအခါ လူနေမှုပတ်ဝန်းကျင်သစ်တွင် များစွာ အခက်အခဲ တွေ့ခဲ့ကြသည်။
အစိုးရ၏ ပဲ့ပြင်ထိန်းကျောင်းမှု
“ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့ အရမ်းခက်ပါတယ်။ ပထမတော့ ကျွန်တော် ကျောင်းမှာလည်း သိပ်မလိုက်နိုင်ဘူး၊ ကျွန်တော်ကလည်း လုံးဝဂရုမစိုက်ပါဘူး” ဟု စကားကို ညင်သာစွာ ပြောတတ်သော ၁၆ နှစ်သား ဟဲစိုးက ပြောသည်။ သူတို့ ကရင်မိသားစုသည် ဒုက္ခသည်စခန်းတွင် ၈ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ပြောင်းရွှေ့လာခဲ့ကြသည်။
အမေရိကားသို့ ရောက်လာသော အချို့ တိုင်းရင်းသား ဆယ်ကျော်သက် လူငယ်များသည် ပတ်ဝန်းကျင်သစ်နှင့် အံမဝင်သောကြောင့် နေရာရကာ အသိအမှတ်ပြုခံရအောင် ဆိုးသွမ်းဂိုဏ်းများတွင် ပါဝင် ပတ်သက်မိကြပါသည်။ အချို့လူငယ်လေးများသည် ထိန်းသိမ်းရေးစခန်းများသို့ ရောက်ကုန်ကြသည်။
မြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများသည် တိုင်းရင်းသားလူငယ်များကို လူငယ်ထိန်းသိမ်းရေးစခန်းများသို့ သွားရောက် တွေ့ဆုံပြီး ၎င်းတို့အတွက် လွန်စွာ စိတ်ပူပန်ခဲ့ကြပါသည်။ ထို့ကြောင့်၊ လူငယ်လေးများကို လမ်းမှန်ပေါ်ရောက်အောင် ထိန်းကျောင်း ပြုပြင်ပေးရန် ၂၀၀၆ ခုနှစ်တွင် ၎င်းတို့အတွက် ကင်းထောက်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပေးခဲ့ရာမှ တပ်ဖွဲ့အမှတ် ၁၂၆၂ ပေါ်ထွန်းလာခဲ့ပါတော့သည်။
တောတွင်းမှခိုလှုံသူများ ကင်းထောက်တပ်ဖွဲ့ဟု ခေါ်တွင်သော ၎င်းတပ်ဖွဲ့သည် လူငယ်များကို ရေကူးနည်း၊ ခြေလျင်တောင်တက်နည်းများ သင်ကြားပေးသည်။ တောတွင်းမှ လူငယ်လေးများသည် အမဲလိုက်၊ ငါးမျှားရာတွင် ကျွမ်းကျင်လှသဖြင့် အမေရိကန်များက ၎င်းတို့ထံမှ ပြန်လည် သင်ယူကြရသည်ဟု သိရသည်။
ကင်းထောက်တပ်ဖွဲ့ ၁၂၆၂ တွင် မြန်မာနိုင်ငံမှ လာသော လူမျိုးပေါင်းစုံသာမက ဘက်ပ်တစ်စ် နှစ်ခြင်းခရစ်ယာန်၊ ကက်သိုလစ် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ၊ မူစလင်စသည်ဖြင့် ကိုးကွယ်သည့် ဘာသာလည်း စုံလင်သည်။ ၎င်းတို့တပ်ဖွဲ့၏ အောင်မြင်မှု ကောင်းသတင်း ပျံ့နှံ့လာသည်နှင့်အမျှ တပ်ဖွဲ့ဝင်လည်း ၁၀၀ ခန့် ရှိလာပြီ ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ကင်းထောက်လူငယ်ပွဲတော်ကြီးသို့ တက်ရောက်ပြီးနောက် ဇာတိမြေ နယ်စပ်ဒုက္ခသည် စခန်းသို့ လေ့လာရေး အလည်အပတ်ခရီး သွားကြမည့် တပ်ဖွဲ့ ၁၂၆၂ အဖွဲ့ဝင်များအတွက် လိုအပ်သော စရိတ် ဒေါ်လာ ၁၂၂,၀၀၀ အတွက် လူငယ်လေးများ ရန်ပုံငွေ ရှာဖွေကြရာတွင် ဒေါ်လာ ၁၁၀,၀၀၀ ရရှိနေပြီ ဖြစ်၏။
လိုအပ်နေဆဲ ဒေါ်လာ ၁၂,၀၀၀ အတွက် ရန်ပုံငွေ အလှူဝက်ဘ်ဆိုက်ဖြင့် ထပ်မံ ထည့်ဝင်လှူဒါန်းပေးရန် တိုက်တွန်းနှိုးဆော်နေပါသည်။(အလှူထည့်ရန် ကလစ်ခ်လုပ်ပါ။)
မြန်မာတိုင်းရင်းသား လူငယ်လေးများ၏ ကင်းထောက်တပ်ဖွဲ့ ၁၂၆၂ လှုပ်ရှားမှု ဗီဒီယိုကိုလည်း ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment