Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

 ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA
 အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ 
ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတွေနဲ့ တခြားသာသာဝင်ယောက်ျားတို့ လက်ထပ်တဲ့အခါမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမတွေကို အကာအကွယ်ပေးဖို့အတွက် ဒီဥပဒေကို ပြဌာန်းတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဆွေးနွေးခဲ့ပါတယ်။

"ဒီဥပဒေရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်တဲ့ ယောက်ျားတို့ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေဆက်ဆံခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သားသမီးထိန်းသိမ်းခြင်း စတဲ့အခွင့်အရေးများ ကို မျှတစွာရရှိခံစားနိုင်ရေးနဲ့ ထိရောက်တဲ့ကာကွယ်မှုများပေးနိုင်ရန် ပြဌာန်းရခြင်းဖြစ်ကြောင်းကိုလည်း ဒါဥပဒေ ရဲ့နိဒါန်းမှာ ထည့်သွင်းဖော်ပြထားကြောင်း တင်ပြလိုပါတယ်"

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းကတော့ ဒီဥပဒေဟာ ဘာသာမတူ တိုင်းရင်းသားတွေကို သွေးခွဲဆက်ဆံတဲ့ ဥပဒေဖြစ်နေတာကြောင့် မပြဌာန်းသင့်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

"ကျမတို့နိုင်ငံမှာ ဒီမိုကရေစီရရှိလာတာ သက်တမ်းအလွန်နုနယ်ပါသေးတယ်၊ အခုလိုဥပဒေဟာ လွှတ်တော် မှာပြဌာန်းရန် မသင့်လျော်ပါ၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုဖွား အားလုံးအတွက် မရှိမဖြစ်အကျိုးရှိသော ဥပဒေမဟုတ်ဘဲ ဘာသာမတူသော လူနည်းစုတိုင်းရင်းသားများကို သွေးခွဲဆက်ဆံသော ဥပဒေဖြစ်ကြောင်း သိရပါတယ်၊ ဒီဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့လည်း ကိုက်ညီမှုမရှိပါ၊ နိုင်ငံတကာကလည်း စောင့် ကြည့်နေတဲ့အချိန်ဖြစ်ပါတယ်"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းပြီးဖြစ်ပြီး၊ အခုနောက်တစ်ခုဖြစ်တဲ့ မြန်မာဗုဒ္ဒဘာသာမိန်းများ ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို အတည်ပြုလိုက်တာပါ။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment