CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 11, 2015
ဇာဂနာ သိလား မသိဘူး - ဇာဂနာ
အရင်ကတော့ ပဲ့တင်သံဂျာနယ်ထဲမှာ ဇာဂနာ သိသားပဲတို့ ဇာဂနာ ဘာမှမသိရပါဘူးတို့ တောက်လျှောက်ရေးခဲ့တာကို ခင်ဗျ။ အခု ပဲ့တင်သံ ဂျာနယ်က ဟဖ်တိုင်း နဲ့ ရပ်ဆိုင်းသွားလေတော့ ဇာဂနာလည်း ပြောင်းရွှေကြေး မယူပဲ တူမောရိုးကို ခုန်ကူးလာခဲ့ပါတယ်။ ဒါကတော့ ဇာဂနာ ပင်ကို ဗီဇ ခင်ဗျ။ ခုန်ကူး ခွထိုင် ကျော်ချ။ နောက်ပြန်ထိုး၊ ချော်လဲ၊ ရောထိုင် ဆိုတာမျိုး ဇာဂနာ လုပ်နေကျတွေပါ။ မရှက်တတ်ပါဘူး။အမှန်တိုင်း ၀န်ခံတာပဲဟာ။
တစ်ချို့ကျတော့ ခြံစည်းရိုးကို ဆီးဆောလိုက်လျောရင်းနဲ့ ဆွဲထားလိုက်၊ ဆွဲရင်းနဲ့ ခုန်ကူးလိုက် တအား လုပ်တာခင်ဗျ။ လုပ်လည်း လုပ်သေး ပြီးတော့မှ ဆရာကြီးလေသံနဲ့ ဟိုလူတွေတော့ သတိထားနေနော်၊ ဒီလူတွေလည်း သတိနဲ့နော်ဆိုပြီး အတည်ကြီးတွေ ထထ လုပ်တတ်တယ် ခင်ဗျ။ အကြောင်းသိတွေ ဆိုတော့လည်း ဇာဂနာကတော့ ရယ်လိုပဲနေပါတော့တယ်။ ကျွတ်ကျွတ်ချင်းတော့ ခြေမြင်ပါတယ်လေ။
ဇာဂနာတို့ နယ်တွေဘာတွေ ရောက်သွားရင် တစ်ချို့ကလား မေးတယ် ခင်ဗျ။ ဖွဲ့စည်းပုံ မပြင်ရင် ဘာလုပ်ကြမလဲတဲ့။ကဲ မခတ်ဘူးလား။ဖွဲ့စည်းပုံ ရေးတုန်းကလည်း ဇာဂနာ မပါပါဘူး ခင်ဗျ။ လက်မှတ်ထိုးဆိုတော့ ထိုးလိုက်တာပဲလေ။ အဲဒီလက်မှတ်တွေ သုံးစားမရတော့ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မှာလဲ။ ကိုယ့်ကိုလက်မှတ် လာထိုးခိုင်တဲ့ လူတွေကို အလျော်တောင်းလို့လဲ မရ။ သွားပြောပြန်ရင်လည်း မျက်ထောင့်နီကြီးနဲ့ အမျိုးသား သစ္စာဖောက်လို့ အပြောခံ့ရဦးမယ် ခင်ဗျ။
KFC ကြက်ကြော် စားတာတောင် အမျိုးသား သစ္စာဖောက်လို့ ပြောနေကြတာကိုး။ နောက်ဆို ပီကင်းဘဲကင် စားလဲ သစ္စာဖောက်၊ ဒန်ပေါက်အုပ်လဲ သစ္စာဖောက်၊ မလိုက်လုံးစားလဲ သစ္စာဖောက်နဲ့ ဆန်ပြုတ်ပဲ အုပ်ရတော့မယ်ပုံ ပေါက်နေပါပြီ။
ဇာဂနာတို့ ဆီမှာက တံဆိပ်ကပ် သိပ်မြန်တာပဲ။ ဒါတောင် အထည်ချုပ်တွေက အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ဆို မကိုက်ဘူး လုပ်နေသေးတယ်။ ဒီလောက် တံဆိပ်တပ် မြန်တဲ့ တိုင်းပြည်ဗျာ။ တစ်ခုခု လုပ်လိုက်တာနဲ့ ဟာ…. ဇာဂနာ ကတော့ အစိုးရလူ ဖြစ်သွားပြီ။ ဟော… ဇာဂနာကတော့ သမ္မတ ဘောမ ဖြစ်သွားပြီ။ ဟော… ဇာဂနာတို့တော့ NLD ထဘီနား သွားခိုနေပြန်ပြီ စသဖြင့် စသဖြင့်တွေ တံဆိပ်တပ် သိပ်မြန်တာခဗျ။ အမယ်ပြောလို့သာ ပြောတာနော်။ ဒါမျိုးတွေ သူတို့ လုပ်စားခဲ့တာ အံခွနေပေါ့့။ ဟို…. ညောင်ပင်မှာ ညောင်သီးတဲ့ မယ်ယု ငှက်ဆိုတာရှိတယ်လေ။ တခြား ငှက်တွေ ညောင်သီး လာစားမှာ စိုးတော့ ဘာကောင် လာလာ စူးစူးရှရှ ထထ အော်တာ။ ညောင်ပင်နား သွားကြည်ပါလား။ နားအူလို့ သေလောက်တယ်။
အဲဒီလူတွေလည်း ညောင်သီး စောင်တဲ့ မယ်ယု ငှက်လိုပဲ ခဗျ။ န၀တရော နအဖရောနဲ့ ပေါင်းရသမျှယူ၊ မရလဲ အတင်းတောင်း။ တောင်းမရလဲ နှိုက်နဲ့မျိုးစုံ လုပ်ပြီး ဘောဂဗလ ဖြစ်တော့မှ သူများတကာ ကိုလက်ညှိး လိုက်ထိုးတော့တာကိုး။ ထိုးလဲ ကြည့်ထိုးကြဦးနော်၊ အင်္ဂုလိမာလနဲ့ တွေ့မှ အဖြတ်ခံနေရပါဦးမယ်။
အဂုင်္လိဆိုမှ ဇာဂနာတို့ တိုင်းပြည်မှာလဲ အဂုင်္လိတွေ လွှတ်ကိုများလာတော့ ခင်ဗျ။ ဘယ်ဟာက အစစ်မှန်းကို မသိတောဘူး။ တော်ကြာ ရွှေတိဂုံ ဘုရားနား ဘာမှမဆောက်ရဘူး ပြောလိုက်၊ ဆောက်မယ်ပြောလိုက်၊ ဖွဲ့စည်းပုံ ပြင်ဖို့ ကန့်ကွက်တယ် ပြောလိုက်၊ မဖြစ်ဖြစ်အောင် ပြင်ဖို့လုပ်မယ် ပြောလိုက်၊ ဆန္ဒခံယူပွဲ မလုပ်တော့ဘူး ပြောလိုက်။ ရွေးကောက်ပွဲနဲ့ တူတူ လုပ်မယ် ပြောလိုက် ဘယ်ဟာက အမှန်လည်းကို မသိတော့ဘူး။ ဒီကြားထဲ သေနတ်တွေမိတယ် ပြောလိုက် လေသေနတ်ပါလို့ ပြောလိုက် ရှပ်ရှက်ကို
ခတ်နေတောတာပါပဲလေ။
ဟိုတုန်းက အငြိမ်မင်းသမီးကြီး ဒေါ်သြဘာသောင်းရဲ့ နာမည်ကျော် အငြိမ့် သီချင်းတစ်ပုဒ် ရှိတယ်ခင်ဗျ။
အင်ဥတဲ့။ သူက မဲသယောင်ယောင် ညိုမှောင်မှောင်လေးကိုး။ ခုလဲ ခြေဥ ခြေဥနဲ့ ပြောနေကြတာ
တဖြည်းဖြည်း အင်ဥ ဖြစ်သွားပါလေရောလား။ မဖြစ်ခံနိုင်ရိုးလား။ ခြေဥမှ စမယ် မကြံသေး။ ရေထဲက နဂါးနဲ့ ခေါင်းလောင်း ပြီးတော့ လောက်ကိုင်၊ပြီးတာနဲ့ ကျောင်းသား သပိတ်၊ ငြိမ်မယ်လဲကြံရော ယူ၂၀လည်း ရှုံးရော ယူ၂၃။ ကိုင်းဗျာ ယူချင်သလောက်သာ ယူကြပါတော့၊ ယူသွားကြပါတော့၊ ယူသွားကြပါတော့လို့သာ အော်ချင်တော့တာကိုး။ အော်… ယူလို့လဲ ၀သွားတော့ ကြက်ကြော်။
နောက် ဘာလာဦးမယ် မပြောတတ်ဘူး။ အမှတ်ရလို့ ဇာဂနာ မိတ်ဆွေရဲ့ စကားတစ်ခွန်းတော့ ပြောပြချင်ပါတယ်။ သူက ပြောတယ်။ မင်းတို့ မြန်မာတွေကို ငါ နားမလည်ဘူးတဲ့။ နောက်တော့ သူမြန်မာပြည် ရောက်လာတယ်။ တစ်နှစ်လောက်နေတော့ သူကပြောင်းပြောတယ်။ မင်းတို့ မြန်မာတွေ ငါ့ကို နားမလည်ကြဘူးတဲ့။ တစ်နေ့ကတော့ သူ နောက်တစ်မျိုး ပြောင်းပြောသွားပြန်တယ်။ အိုး မိုင်ဂေါ့ဒ် လူကလေး ဇာဂနာ အခု ငါ့ ကိုယ် ငါ နားမလည်တော့ဘူးတဲ့။
ဒါကြောင့် ဇာဂနာ ပြောတာပေါ့။ ဇာဂနာသိလား မသိဘူးလား သိကို မသိတော့ပါဘူးဗျာ။
ဇာဂနာ
ဇာဂနာ သိလား မသိဘူး - ဇာဂနာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 11, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment