Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 18, 2015

မြို့ပြ အကျပ်အတည်း ထွက်ပေါက်


ကမ္ဘာ့မြို့ပြများတွင် မြေယာ စီမံခန့်ခွဲမှု စနစ်မကျခဲ့သဖြင့် တန်ဖိုးကြီးကြီး ပေးဆပ်နေရသည်။ “ပိုက်ဆံရှိရင် မြေ၀ယ်” ဟု မာ့ခ်တွိန်း က အကြံပေးခဲ့ဖူးသည်။ မြို့ပြမြေယာ ဈေးတွေက မိုးထိုးနေသဖြင့် တော်ရုံလူ ပိုက်ဆံစုပြီး ၀ယ်နိုင်သော အနေအထား မဟုတ်တော့။ တကယ့် တကယ်တမ်းတွင်ကား မြေယာက မရှားပါ။

အမေရိကန် တစ်နိုင်ငံလုံး လူဦးရေကို တက္ကဆက် တစ်ပြည်နယ်တည်းမှာပင် တစ်အိမ်ထောင်စုလျှင် မြေတစ်ဧကနှုန်းဖြင့် ကျယ်ကျယ်ဝန်းဝန်း နေရာ ချပေးလို့ရသည်။ မြေရှားခြင်းကြောင့် မြေဈေးတွေ ထိုးတက်နေခြင်း မဟုတ်။ မြို့ပြကြီးတွေမှာ ပြုံတိုး နေကြခြင်းကြောင့် သာ မြို့ပြ မြေယာများဈေးတွေ ခေါင်ခိုက်နေခြင်း ဖြစ်သည်။

လန်ဒန်၊ မွမ်ဘိုင်း၊ နယူးယောက်ခ်လို မြို့ကြီးတွေကိုသာ လူတွေ ပြုံတိုး အာရုံစိုက်ကာ တိုက်ခန်းလောက် ၀ယ်နိုင်ဖို့ အားထုတ် နေကြသည်။ မြို့ပြကြီးများ ၀န်းကျင်မှာ မြေယာသစ် ဖော်ထုတ်မှုကလည်း နှေးကွေးနေသဖြင့် လူနေနိုင်သော မြေယာသစ်များ ပေါ်ပေါက်နှုန်း နည်းကာ မြေဈေးတွေက ထိုးတက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ဟောင်ကောင်မှာ မြေဈေး၊ တိုက်ခန်းဈေးတွေ (၁၅၀) ရာခိုင်နှုန်း တက်လာသည်။ လန်ဒန် ဗဟိုချက် မေဖဲယားမှာ တစ်စတုရန်း မီတာလျှင် ဒေါ်လာ (၈၂၀၀၀) အထိ ပေါက်ဈေး ရှိနေသည်။ မန်ဟတ်တန် မြေဧရိယာ တစ်မိုင် ပတ်လည်လျှင် ဒေါ်လာ (၁၆ ဒသမ ၅) ဘီလီယံ တန်ဖိုးရှိသည်။

ဈေးတွေ မိုးထိုးနေရခြင်းမှာ မူဝါဒများကြောင့်သာ ဖြစ်သည်။ မြေယာသစ်များ ဖော်ထုတ်ခွင့်၊ အဆောက်အဦးသစ်များ ဆောက်လုပ်ခွင့်များကို တင်းကျပ်ထားသည့် ဥပဒေများကြောင့် မြေယာသစ်၊ အိမ်ရာသစ် ပေါ်ထွက်နှုန်းသည် နေထိုင်မည့်သူ တိုးနှုန်း အောက်ရောက်နေရာ ၀ယ်လိုအားက များနေသဖြင့် ဈေးတွေ ထိုးတက်ကုန်သည်။

လန်ဒန် စီးပွားရေး ကျောင်းက လုပ်ထားသော စစ်တမ်း တစ်ရပ်အရ လန်ဒန် အနောက်ပိုင်း ဒေသတွင် မြေယာသုံးစွဲမှု ဆိုင်ရာ မူဝါဒ တင်းကျပ်မှုများကြောင့် ထိုနေရာများတွင် ရုံးခန်း တန်ဖိုးများသည် မလိုအပ်ပါဘဲ (၈၀၀) ရာခိုင်နှုန်း အထိ ထိုးတက် ခဲ့ရသည်ဟု ဖော်ပြထားသည်။ မီလန်နှင့် ပါရီတို့တွင်လည်း မူဝါဒဆိုးများကြောင့် မြေနှင့် အိမ်ရာဈေး (၃၀၀) ရာခိုင်နှုန်း ထိုးတက် သွားခဲ့ရသည်။

အိမ်ခန်းဈေး၊ မြေဈေးတွေ မိုးထိုးသွားခြင်းကြောင့် အခြေခံ လူတန်းစား လုပ်သားများသည် နေထိုင်ရ ခက်ခဲ၊ အလုပ်မတွင်သော ဝေးလံသည့် ၀န်းကျင်မျိုးတွင် နေထိုင်ရသဖြင့် လုပ်ကိုင်နိုင်စွမ်း ကျဆင်းရသလို၊ မြို့လယ်ကောင်နှင့် နီးသည့် နေရာတွင် ခြစ်ကုတ် နေထိုင်သူများ အနေဖြင့်လည်း နေစရိတ် အတွက် ရှာသမျှ ကုန်နေရသဖြင့် ရှေ့ဆက် တိုးတက်ခွင့် ရပ်ဆိုင်းနေကြရသည်။

ဆန်ဖရန်စစ္စကို ပင်လယ်အော် ၀န်းကျင်ဒေသတွင် အိမ်ရာနှင့် မြေယာ တိုးချဲ့မှုများကိုသာ ကန့်သတ်မထားဘဲ ဖွင့်ပေးမည် ဆိုပါက လုပ်သားထု အင်အား ယခုထက် ငါးဆ တိုးလာကာ ထိုဒေသ တစ်ခုလုံး၏ ထုတ်လုပ်နိုင်စွမ်းလည်း ဆပွား တိုးတက်လာမည်ဟု စစ်တမ်း၌ ဖော်ပြသည်။ အကယ်၍ အမေရိကန် တစ်နိုင်ငံလုံးတွင် အိမ်ရာသစ်၊ မြေယာသစ် ဖော်ထုတ်မှု တင်းကျပ်ထားမှု အားလုံးကို ပယ်ဖျက် ပေးလိုက်မည် ဆိုပါက အိမ်ခြံမြေ ဈေးများကျကာ လူတိုင်း အိမ်ပိုင်ရာပိုင်ဖြင့် နေထိုင် နိုင်လာကြသဖြင့် လုပ်ကိုင်နိုင်စွမ်းများ တိုးတက်လာပြီး အမေရိကန် နိုင်ငံ၏ ဂျီဒီပီသည်လည်း (၆ ဒသမ ၅) ရာခိုင်နှုန်းမှ (၁၃ ဒသမ ၅) ရာခိုင်နှုန်းကြား တိုးတက်လာဖွယ် ရှိကြောင်း စစ်တမ်းက ဆိုသည်။

အမေရိကန် နိုင်ငံ၏ ဂျီဒီပီကို ထိုမျှထိ မြန်မြန်ဆန်ဆန် တိုးတက်စေမည့် အခြားသော အကြောင်းအရာမျိုး မမြင်မိဟုလည်း စစ်တမ်းက ဆိုသည်။

(၂၀) ရာစုနှစ်တုန်းက သယ်ယူ ပို့ဆောင်ရေး ကွန်ရက်များ အားကောင်းလာမှုကြောင့် တောရော မြို့ပါ ကူးလူး ဆက်ဆံရေး၊ ကုန်သွယ်ရေးများ အဆင်ပြေလာသဖြင့် မြို့ပြများမှာချည်း ပြုံတိုး လုပ်ကိုင်မနေဘဲ ကိုယ့်မြို့ ကိုယ့်ရွာကနေလည်း စီးပွားရှာလို့ ရသဖြင့် မြို့ပြကို ပြုံတိုးနှုန်း သိပ်မများခဲ့သဖြင့် မြို့ပြမြေယာ ဈေးများ ခပ်အေးအေးသာ ရှိခဲ့သည်။ (၂၁) ရာစုတွင်ကား နည်းပညာခေတ်ကြောင့် မြို့ပြကို ပြုံတိုးနှုန်း ပြန်များလာသည်။

အသိပညာကို အခြေခံသော နည်းပညာ လုပ်ငန်းများသည် အိုင်ဒီယာများ၊ ကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားသူချင်း တွေ့ဆုံဖလှယ်ကာ လုပ်ကိုင်ခြင်းဖြင့် ပိုကြီးပွား နိုင်သောကြောင့် အသိပညာရှင်၊ ကျွမ်းကျင် ပညာရှင်များ အုံနေသော မြို့ပြကို နိုင်ငံတစ်ဝန်းမှ လူများ ပြုံတိုးလာကြသည်။ နည်းပညာ ခေတ်တွင် မြို့ပြသည် သံလိုက် ဖြစ်လာသည်။ အကျိုးဆက် အဖြစ်ကား နိုင်ငံတိုင်း၏ မြို့ကြီးပြကြီးများတွင် လူပြုံ တိုးလာသည်။ တိုးလာသော လူဦးရေကို အဆင်ပြေစွာ နေရာ ချထားနိုင်အောင် မြို့ပြများကို မချဲ့ထွင်နိုင်သောအခါ အိမ်ဈေး၊ မြေဈေးများ ထိုးတက် လာတော့သည်။

မြို့ကြီး ပြကြီးများတွင် မြေယာသစ်၊ အိမ်ရာသစ် ဖော်ထုတ်မှုများကို အဟန့်အတား ဖြစ်စေသည့် မူဝါဒများ ကလည်း ဈေးတွေ မိုးထိုးအောင် ဖန်တီးနေသည်။ ဥပမာ လန်ဒန်မှာဆိုလျှင် စိန့်ပေါလ်ဘုရား ကျောင်းကို မြင်ကွင်း ပိတ်စေမည့် အဆောက်အအုံမျိုး ဆောက်လုပ်လို့ မရအောင် တင်းကျပ်ထားသည်။ ဂူဂဲသည်လည်း ၎င်းတို့ ရုံးချုပ်တည်ရှိရာ မောင်တိန်ဗျူးတွင် အိမ်ရာသစ်များ ဖော်ထုတ်ဖို့ ကြိုးပမ်းသော်လည်း အိမ်ရာသစ်များတွင် လူအများ နေထိုင်ကာ အိမ်မွေး တိရစ္ဆာန်များ မွေးကြပါက ထိုဧရိယာတွင် ယခင်က ကျက်စား နေသော ဇီးကွက်များ၏ သဘာဝစားကျက် မြေပျက်စီးမည် စိုးသောကြောင့် အိမ်ရာသစ် ဖော်ထုတ်ခွင့် တားမြစ်ခံထားရသည်။

သို့သော် တစ်ဖက်မှ ပြန်ကြည့်ပြန်လျှင် ကား စီးပွားရေး လုပ်ငန်းသမားများ မြေယာများ စိတ်ကြိုက်ချဲ့ ခွင့်ရနေမည် ဆိုပါကလည်း ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမည့် အန္တရာယ် ရှိသဖြင့် တားမြစ် ထိန်းချုပ်မှုများလည်း လိုအပ်နေသည်။ သို့ဖြစ်ရာ အများ ပြည်သူ အတွက်လည်း အကျိုးရှိစေ၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မပျက်စီးအောင် နိုင်ငံရေး သမားများ အနေဖြင့် မျှခြေရှိသော လမ်းကြောင်းမျိုး ချတတ်ဖို့ အရေးကြီးသည်။

အစိုးရများ အနေဖြင့် မြေကို တန်ဖိုးအလိုက် အခွန်သတ်မှတ် ကောက်ခံရမည်။ မြေတန်ဖိုးကြီးလေ အခွန်နှုန်းကိုလည်း တိုးကောက်လေ လုပ်ရမည်။ ချမ်းသာသော နိုင်ငံ အများစုတွင် မြေတန်ဖိုးခွန်သည် စုစုပေါင်း မြေတန်ဖိုး၏ မပြောပလောက်သော ပမာဏသာ ရှိသဖြင့် မြေဈေးကို ကြိုက်သလို ကစားနေကြသည်။ မြေဈေး မတက်အောင် ထိန်းရာတွင် မြေတန်ဖိုးခွန်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။

မြေတန်ဖိုးခွန်သည် အခွန်ရှောင်သူများ ရှောင်ပြေးဖို့ခက်သော အခွန် အမျိုးအစားလည်း ဖြစ်သည်။ လူဇင်ဘတ်လို အခွန်ကင်းလွတ် နိုင်ငံများက ဘဏ်များထဲ အခြားသော ၀င်ငွေတွေကိုသာ သွားထည့်ထားပြီး မိမိနိုင်ငံမှာ ၀င်ငွေခွန် ရှောင်ချင် ရှောင်လို့ရမည်၊ မိမိနိုင်ငံက မြေယာကို လူဇင်ဘတ် ဘဏ်တိုက်သို့ သယ်သွားပြီး ထည့်ထားလို့ မရနိုင်သဖြင့် မြေခွန်ကိုတော့ ရှောင်လို့မရ။

မြေခွန်နှင့် အိမ်ရာခွန်များကို မြှင့်လိုက်ခြင်းဖြင့် ဈေးကစားမှုများ၊ ငွေ အမြတ် ထွက်လို၍ ရောင်းဝယ်မှုများကို ထိန်းချုပ် လိုက်နိုင်မည်။ ငွေရှိသောကြောင့် တိုက်ခန်းနှင့် မြေယာ ၀ယ်ထားကာ အမြတ်တင် ပြန်ရောင်း ဈေးကွက်ကြောင့် အိမ်ခြံမြေ ဈေးများက မတက်သင့်ဘဲ တက်နေရရာ ထိုကိစ္စကို ကိုင်တွယ်ရန်မှာ အိမ်ခြံမြေခွန်ကို တန်ဖိုးနှင့် တွက်ပြီး ကောက်ယူဖို့ ဖြစ်သည်။ ထိုအခါ ဈေးကစားမည့်သူများ တွက်ရေးမကိုက် ဖြစ်ကာ ဈေးကစားနှုန်း လျော့နည်းသွားမည်။

မြေကို တန်ဖိုးအလိုက် အခွန်ကောက် စနစ်ကြောင့် တန်ဖိုး နည်းနေသေးသော မြေရိုင်းများကို ဖော်ထုတ်ကာ အိမ်ခြံမြေသစ် ဖော်ထုတ်မည့် သူများကို အားပေးရာလည်း ရောက်သွားမည်။ မြေရိုင်း ဖြစ်သောကြောင့် တန်ဖိုးနည်းသဖြင့် မြေခွန်လည်း နည်းနည်းသာ ဆောင်ရသဖြင့် အိမ်ရာသစ် ဖော်ထုတ်မည့် လူများအတွက် တွက်ခြေ ကိုက်သလို နေစရာ အိမ်ရာသစ်များ ပေါ်လာသဖြင့် မြို့ပြမှာ အိမ်ခြံမြေ ဈေးကြီးသည့် ဒဏ်ခံနေရသူများ အတွက်လည်း အသက်ရှူ ချောင်သွားမည်။

မြေရိုင်း တစ်ကွက်ကို အိမ်ရာအဖြစ် အဆင့် မြှင့်လိုက်သည့်အခါ ဘေးက မြေကွက်များပါ တန်ဖိုး တက်လာသဖြင့် မြေရိုင်းများကို ၀ယ်ယူနှုန်း၊ အိမ်ခြံမြေ ဖော်ထုတ်နှုန်းများလည်း တက်လာကာ နေစရာပေါသော မြို့ပြ ဖြစ်လာပြီး အိမ်ပိုင်ရာပိုင် ရှိကြခြင်းကြောင့် ငွေကို ချွေတာနိုင်ခြင်း၊ စိတ်ဖိစီးမှု နည်းပါးခြင်း တို့ကြောင့် ပြည်သူအများ လုပ်ကိုင်နိုင်စွမ်းလည်း တိုးတက်ကာ မြို့ရော နိုင်ငံပါ တိုးတက်လာဖို့ရှိသည်။

Ref: Urban land: Space and the city (The Economist)
http://www.messengernewsjournal.com/news/Article/detail.php?id=38038

No comments:

Post a Comment