ပညာသင်ဆု တစ်ခုကြောင့် ကမ္ဘာကြီးတွင် အပြောင်းအလဲ ကြီးကြီးမားမား တစ်ခု ဖြစ်ပွားခဲ့သည်။ အောက်စဖို့ဒ် တက္ကသိုလ် ရက်စကင် ကောလိပ်တွင် ပညာသင်ယူခဲ့သည့် ကင်ညာ နိုင်ငံရေးသမား တွမ်မမ်ဘိုယာသည် သူ့နိုင်ငံအစိုးရ အဖွဲ့တွင် ရာထူးကြီးကြီး နေရာများ၌ ပါဝင်နေသူများအား ကိုလိုနီခေတ်လွန် ကင်ညာ နိုင်ငံအတွက် အကောင်းဆုံး ပြင်ဆင် ထားနိုင်ရေး ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ပေးရန် ရည်ရွယ်ခဲ့သည်။ ကင်ညာအစိုးရ ရာထူးကြီးများ အနေဖြင့် ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင် သူများစွာ မရှိဟုလည်း သူက အစောကတည်းက မှတ်ယူထားခဲ့သည်။
လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သူသည် ထူးချွန် ထက်မြက်သော အာဖရိကသား လူငယ်များ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါတို့တွင် ပညာသင်ယူနိုင်ရေး အတွက် ပညာသင်ဆု ထောက်ပံ့ပေးရန် ကြိုးပမ်းခဲ့သည်။
လိုအပ်သော အရည်အသွေးများကို လေ့လာသင်ယူ ပြီးနောက် လွတ်လပ်ရေး ရရှိသော ကင်ညာ နိုင်ငံသစ်သို့ ပြန်လာကာ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်နိုင်ရေး အတွက် ပညာသင် ဆုပေးမည် ဖြစ်သည်။ ပညာသင်ဆု ရရှိခဲ့သည့် ကျောင်းသားများတွင် ကီဆူမူ ဆိပ်ကမ်းမြို့နားရှိ ကိုဂီလို အရပ်မှာ ဘားရက် အိုဘားမားဆိုသူ လူငယ်လေး ပါဝင်ခဲ့သည်။
ဘားရက် အိုဘားမား စီနီယာ(အကြီး) မှာ ဟာဝိုင်ယီ တက္ကသိုလ်တွင် ပထမဆုံး ပညာသင်ယူခွင့် ရရှိခဲ့သည့် ကင်ညာ နိုင်ငံသား ဖြစ်သည်။ အမေရိကတွင်ပင် သူကျောင်းတက်ရင်း အန်းဒန်ဟမ်ဆိုသူ အမေရိကန်သူ တစ်ဦးနှင့် ချစ်ကျွမ်းဝင်ပြီး လက်ထပ်ဖြစ်ခဲ့သည်။ သားလေးတစ်ဦးကို မွေးဖွားခဲ့သည်။ အဖေနာမည် အတိုင်းပင် ကလေးငယ်ကို ဒုတိယမြောက် ဘားရက်ဟူစိန် အိုဘားမားဟု အမည်ပေးခဲ့သည်။
အိုဘားမား အကြီး၏ နေအိမ်ရှိရာ ကိုဂီလိုသို့ က၊ွန်တော် သွားရောက်ခဲ့သည်။ ကိုဂီလိုရောက်တော့ အိုဘားမား အကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သည့် ဆာရာ အိုဘားမား၊ အိုဘားမား အကြီး၏ ညီမ မာဆတ်အွန်ယန်ဂို အိုဘားမားတို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ပညာသင်ဆုက သူတို့ဘ၀အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိခဲ့သလိုဟု မေးမြန်းဖြစ်ခဲ့သည်။
ကျွန်တော်တို့ သုံးယောက် ဘားရက် အိုဘားမား အကြီးကို မြှုပ်နှံထားရာ အုတ်ဂူရှိသည့် မိသားစုသချိုင်းတွင် ရပ်ရင်း စကားပြောခဲ့ကြသည်။ အွန်ယန်ဂိုက အိုဘားမား အကြီး ပြည်ပသို့ ထွက်ခွာသွားချိန်တွင် သူပင် မမွေးသေးသော်လည်း သူ့အစ်ကို ပညာသင်ဆု ရရှိခဲ့လို့ တစ်မိသားစုလုံး ဂုဏ်ယူခဲ့ရကြောင်း ပြောဆိုခဲ့သည်။
ပညာသင်ဆု အတွက် ရန်ပုံငွေ ထူထောင်ခဲ့သူ ကျေးဇူးရှင်ကြီး တွမ်အမ်ဘိုယာသည် ၁၉၆၉ ခုနှစ်တွင် နိုင်ရိုဘီ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။ သေဆုံးချိန်တွင် အသက် (၃၈) နှစ်သာ ရှိသေးသည်။ မသေဆုံးမီတွင် သူသည် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် စီမံကိန်း ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူ့ကို သတ်ဖြတ်ရသည့် အကြောင်းအရင်းကို ယခုအချိန်အထိ မသိရှိရသေး။
လက်ဆောင်
တွမ်အိမ်ဘိုယာ၏ သမီးများအနက် တစ်ဦးမှာ ဓာတုဗေဒ ပညာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့ပြီး နိုင်ရိုဘီ အခြေစိုက် ကိုကာကိုလာ အာဖရိက၏ အမှုဆောင်တစ်ဦး ဖြစ်သည့် ဆူဆန်အမ်ဘိုယာ ဖြစ်သည်။ အဖေဖြစ်သူကို အားကျပြီး သူလည်း ပညာသင်ဆုပေးသည့် အစီအစဉ် တစ်ခုကို ဖန်တီးထားသည်။
သူဖန်တီးထားသည့် ပညာသင်ဆု ပေးသည့် အစီအစဉ်၏ အမည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ကီစ်ဝါဟိလီ ဘာသာစကားဖြင့် ဇာဝါဒီဟုခေါ်ပြီး အဓိပ္ပာယ်မှာ လက်ဆောင် ဖြစ်သည်။ ပြည်ပတွင် ပညာသင်လိုသည့် လူငယ်အာဖရိက အမျိုးသမီးများအား အဓိကထား ပညာသင်ဆု ချီးမြှင့်နေသည်။
ဖခင်ဖြစ်သူ အစပြုခဲ့သည့် ပညာသင်ဆုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ သဘောထား ရှိသည်ကို ကျွန်တော် မေးမြန်းမိခဲ့သည်။ ''လူတစ်ဦး ကျောင်းတက်နိုင်ဖို့ အကူအညီ ပေးလိုက်တာဟာ အခြား လူပေါင်းများစွာတို့ရဲ့ ဘ၀တွေကို ပြောင်းလဲစေခဲ့တယ် ဆိုတာကို အဖေ့ကို သိစေချင်လိုက်တာရှင်'' ဟု သူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောဆိုခဲ့သည်။
ဘားရက် အိုဘားမားဟာ ပုဂ္ဂိုလ်ရေး အရလည်း အောင်မြင်ခဲ့တယ်၊ အခုဆိုရင် သမ္မတတောင် ဖြစ်နေပြီလေဟု သူက ဆက်ပြောသည်။
''ဒါပေမဲ့ အိုဘားမားကြောင့် ကမ္ဘာတစ်ဝန်းက လူငယ်တွေ စိတ်ခွန်အား ရခဲ့တယ်။ ဒါဟာ အိုဘားမားရဲ့ အကြီးအကျယ်ဆုံး စွမ်းဆောင်နိုင်မှုပဲ။ ကျွန်မကတော့ ပညာသင်ဆုတွေကနေ အကျိုးအမြတ် ကြီးကြီးရတယ်လို့ပဲ မြင်မိတယ်ဟု သူက ၀မ်းသာအားရ ပြောသည်။
အဖေ့ခြေရာနင်းပြီး ပညာသင်ဆု ချီးမြင့်သည့် အစီအစဉ်ကို ဘာကြောင့် အကောင်အထည်ဖော်ပါသလဲ'' ဟု မေးမြန်း လိုက်သည့်အခါ သူက အဖေ စတင်ခဲ့သည့် လုပ်ငန်းကို အဆုံးသတ်ချင်ကြောင်း၊ ကင်ညာတွင် ခေါင်းဆောင်မှု အရည်အသွေး ရှိသူများ ရှိစေချင်ကြောင်း ပြောဆိုခဲ့သည်။
ဆာလောင်နေတဲ့သူ
တွမ်အမ်ဘိုယာ ချီးမြှင့်ခဲ့သည့် ပညာသင်ဆုကို ရရှိခဲ့သူများတွင် ကင်ညာ သတင်းစာ ပင်တိုင် ဆောင်းပါးရှင် ဖိလစ်အိုချီယန် ပါဝင်သည်။ သူသည် ရှီကာဂိုရှိ ရုစဗဲ့တက္ကသိုလ်မှ စာပေအထူးပြု ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ယခုအချိန်တွင် အိုချီယန်မှာ အသက် (၇၆) နှစ်ပင် ရှိနေပြီ ဖြစ်သည်။ သူက အိုဘားမားအကြီးကို ကောင်းစွာ သိသူ ဖြစ်သည်။ အိုဘားမား အကြီးမှာ စာတော်သူ ဖြစ်ကြောင်း ပြောသည်။
နိုင်ရိုဘီတွင် ၀ီစကီအတူ သောက်ခဲ့ဖူးကြောင်းကိုလည်း ပြောပြသည်။ ''အမေရိကက ကျွန်တော်ရဲ့ အသိပညာ ဆာလောင်မှုကို ရေလောင်း ပေါင်းသင်ပေးခဲ့တာပဲ'' ဟု သူကပြောသည်။
ပညာသင်ဆုသာ မရှိခဲ့လျှင်
ပညာသင်ဆု အစီအစဉ်ကြောင့် ကင်ညာနှင့် အရှေ့အာဖရိကမှ ကျောင်းသား (၈၀၀) တို့၏ ဘ၀များ အကြီးအကျယ် ပြောင်းလဲခဲ့သည်။ ပညာသင်ဆု ရရှိခဲ့သူများထဲတွင် ကွယ်လွန်သူ ၀န်ဂါရီမာသိုင် ပါဝင်သည်။ သူသည် ငြိမ်းချမ်းရေး ဆိုင်ရာ နိုဗယ်ဆုကို ရရှိခဲ့သည့် ပထမဆုံး အာဖရိကသူ ဖြစ်သည်။ နောက်တစ်ဦးမှာ ကွယ်လွန်သူ မျိုးဗီဇပညာရှင် ရူဘင်အိုလမ်ဘို ဖြစ်သည်။ သူသည် ကုလသဘာဝ ပတ်ဝန်းကျင် အေဂျင်စီ Unep ၏ အကြီးအကဲအဖြစ် တာဝန် ယူခဲ့ရသည်။
ပညာသင်ဆု အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ သူများထဲတွင် ဂီတပညာရှင်လည်း ဖြစ်သလို လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်သည့် ဟယ်ရီဘယ်လာဖွန့်နှင့် ရုပ်ရှင် သရုပ်ဆောင် ဆစ်ဒနီပွိုင်တာ တို့လည်း ပါဝင်သည်။ အိုဘားအား အကြီးအား ပညာသင်ဆု ချီးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဘယ်လာဖွန်က '' အာဖရိက-အမေရိက ကျောင်းသားများ ဖောင်ဒေးရှင်း ဆီကသာ ပညာသင်ဆု မရခဲ့ရင် သူဟာ အမေရိကကို ရောက်လာမှာ မဟုတ်ဘူး။ ဒါဖြင့်ရင် အိမ်ဖြူမှာ ဘယ်သူ ရောက်နေမလဲ၊ စဉ်းစားကြည့်လေ'' ဟု ရေးသားခဲ့သည်။
ဘ၀တစ်ခုကို ပြောင်းလဲပစ်နိုင်
ဟားဗတ် တက္ကသိုလ်မှလည်း ဘွဲ့ရရှိခဲ့သည့် အိုဘားမား အကြီးသည် ၁၉၆၈ ခုနှစ်တွင် ကင်ညာသို့ ပြန်လာခဲ့သည်။ အစိုးရထံတွင် ဘောဂဗေဒ ပညာရှင် အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မော်တော်ယာဉ် မတော်တဆမှုဖြင့် သေဆုံးခဲ့သည်။ မသေခင်တွင် သားဖြစ်သူရှိရာ ဟာဝိုင်ယီသို့ အရောက်သွားနိုင်ခဲ့သည်။ သားဖြစ်သူအား ဘတ်စကက်ဘော ကစားရာတွင် သုံးသည့် ဘောလုံး တစ်လုံးကို လက်ဆောင်ပေးခဲ့သည်။ စန္ဒရား ပညာရှင်လည်း ဖြစ်သလို သီချင်းရေး ဆရာလည်း ဖြစ်သည့် ဒေ့ဗ်ဘရူဘက်ခ်၏ ဂျက်ဇ်ဂီတ ဖျော်ဖြေပွဲသို့လည်း ခေါ်သွားခဲ့သည်။
မစ္စအမ်ဘိုယာ၏ ရုံးခန်းက ထွက်လာခါနီးတွင် သူက ''လူတစ်ဦး တစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲစေဖို့ အများကြီး လုပ်ပေးလိုက်စရာ မလိုပါဘူး'' ဟု ကျွန်တော့်ကို ပြောဆိုခဲ့သည်။
messenger news journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 27, 2015
တစ်ကမ္ဘာလုံးကို ပြောင်းလဲစေခဲ့သည့် ပညာသင်ဆု
တစ်ကမ္ဘာလုံးကို ပြောင်းလဲစေခဲ့သည့် ပညာသင်ဆု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment