Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ကောင်းတာပြောခံရရင် အရမ်းမပျော်တတ်သလို ဆိုးတာပြောခံရရင်လဲ ၀မ်းမနည်းတတ်ဘူးလို့ ဆိုတဲ့ အိပ်မက်ဆုံရာ တတိယဆုရှင် သားဂန်း




အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာ တတိယဆုကို ထိုက်တန်စွာ ပိုင်ဆိုင်ရရှိခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေးများရဲ့ အသည်းကျော် သားဂန်းနဲ့တွေ့ဆုံခိုက်
-အိပ်မက်ဆုံရာ ရာသက်ပန် မှာ ၀င်ပြိုင်ဖို့အတွက် ဖောင်တင်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။
ကျွန်တော်က တနင်္သာရီတိုင်း ထားဝယ် မြို့ပေါ်ကတော့ မဟုတ်ဘူး။ ရွာထဲမှာနေတာပါ။ မြို့နဲ့လဲတော်တော်လေး အလှမ်းဝေးတယ်။ ဖုန်းလိုင်းတောင် သိပ်မမိချင်ဘူး။ အင်တာနက်လိုင်းလဲ မမိဘူး။ ထားဝယ်ကနေပြီး ဘားအံမှာ အသံစစ်တယ်။ ပြီးတော့မှ သူငယ်ချင်းတွေ အကူအညီနဲ့ဖောင်တင်ပြီး သူ့အဆက်အသွယ်နဲ့သူသွားရင်းနဲ့အိပ်မက်ဆုံရာ ရာသက်ပန်မှာ တတိယဆုကို ရခဲ့တာပါ။ အသံစစ်တဲ့ အချိန်ကနေ အခုဆုရပြီး ပြိုင်ပွဲပြီးတဲ့ထိဆို ၆လကြာပါတယ်။
-ပြိုင်ပွဲမှာ အစ်ကို ဆွတ်ခူးခဲ့တဲ့ တတိယဆုနဲ့ပတ်သက်ပြီး ကျေနပ်အားရမှု အတိုင်းအတာကရော ဘယ်လိုရှိလဲ။
ကျွန်တော့်အတွက် ကတော့ ဒီဆုလေးက ကျွန်တော်နဲ့အထိုက်တန်ဆုံးပဲလို့ထင်တယ်။ ကျွန်တော် ဒုတိယဆုရခဲ့ရင်လဲ ကျွန်တော့်အတွက် အောင်မြင်မှုက ဒီလောက်လောက် ပါပဲ။ ရခဲ့ရင်ဆိုပြီး ကျွန်တော့ဖက်က ကြည့်ရင်ပြောတာပေါ့နော်။ ကျွန်တော် တတိယဆုရခဲ့ပေမဲ့လဲ ကျွန်တော့်ပရိသတ်တွေက အရမ်းအားပေးလာကြတာကို တွေ့ရတယ်။ အရင်ကထက်ပိုပြီး ချစ်လာကြတာကိုလဲတွေ့ရတယ်။ ကျွန်တော်Final မှာပြိုင်တုန်းကဆို အရမ်းအားပေးလာကြတာကို တွေ့ရတဲ့အတွက် ကျွန်တော်နဲ့အထိုက်တန်ဆုံးက တတိယဆုလို့ပဲမြင်ပါတယ် ။
-ဒီအိပ်မက်ဆုံရာ ရာသက်ပန်မှာ ၀င်ပြိုင်ခဲ့တဲ့အတွက် ဘယ်လိုအတွေ့အကြုံကောင်းတွေရော ရလဲ။
ကျွန်တော့ရဲ့ ပင်ကိုယ်အနေအထားကတော့ စကားသိပ်မပြောဘူး။ ဒါပေမဲ့ ဒီသူငယ်ချင်းတွေအပေါ်မှာ အရမ်းချစ်တယ်။ အရမ်းလဲ ခင်မင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေပါ။ သူတို့နဲ့ပေါင်းရတဲ့ အတွက်လဲ အကျိုးတွေ အများကြီးရှိပါတယ်။ ကိုယ်မသိသေး မတတ်သေးတာတွေကို ပညာယူပြီး ခုချိန်ထိ သူတို့နဲ့တန်းတူလေး ရပ်တည်နိုင်ခဲ့တာပေါ့။
-အိပ်မက်ဆုံရာ မပြိုင်ခင် အရင်ကရော ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့ဖူးလဲ။
ကျွန်တော့်ဘ၀မှာတော့ အိပ်မက်ဆုံရာ ရာသက်ပန်က ပထမဦးဆုံး ဂီတလှုပ်ရှားမှုပါ။ ငယ်ငယ်တုန်းက ပန်းချီလဲ ၀ါသနာပါတယ်။ ဂီတကို ၇ နှစ်အရွယ်မှာ စပြီး ၀ါသနာပါတယ်။ ဂီတကို ၀ါသနာပါတာ သိပ်ပြီး အစွန်းမရောက်သေးဘူး။ ပန်းချီဆွဲတယ်။ နည်းနည်းသိလာတဲ့ အချိန်ကျမှ ဂီတဖက်ကို ပိုပြီးဝါသနာပါသွားတာပါ။
-အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်အပေါ် အစ်ကို့ရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။
ဟုတ်ကဲ့။ အရင် အိပ်မက်ဆုံရာ အစီအစဉ်လေးက အရမ်းကောင်းပါတယ်။ အကုန်လုံးနဲ့ ရင်းနှီးမှုလဲ ရှိတယ်။ ပြီးတော့ အရင်ကဆို Vocal Trainer တွေလဲ ရှိတယ်။ အခုချိန်မှာမရှိတဲ့အတွက် အခက်အခဲကတော့ အများကြီး ကြုံရတယ်။ ကြိုးစားဖို့အချိန်တွေကလဲ အရမ်းနည်းတယ်။ Vocal Trainer တွေလဲ မရှိတော့ ကိုယ့်ဟာကိုယ်ပဲကြိုးစားရတယ်။ သီချင်းတွေ ရှာရတဲ့အပိုင်းမှာလဲ အခက်အခဲဖြစ်တယ်။ သီချင်းတွေမသိတဲ့ အခါမျိုးတွေမှာ အခက်အခဲဖြစ်တယ်။ ဒါပေမဲ့ ဒီအစီအစဉ်က ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေ တော်တော်လေးကြိုက်တဲ့ အစီအစဉ်လဲဖြစ်တယ်။ ကျွန်တော်တို့တွေကြိုးစားရကျိုး အရမ်းကိုနပ်တဲ့ အစီအစဉ်လေးလဲဖြစ်ပါတယ်။ ကျွန်တော်တို့နေတဲ့နေရာကနေ ဒီရန်ကုန်ကို လာရတာ အရမ်းကိုခရီးဝေးတယ်။ တစ်ခေါက်တစ်ခေါက်တက်လာဖို့ကမလွယ်ဘူး။ အခုလိုနယ်ဆင်းပြီး ဂီတ ၀ါသနာရှင်တွေ ပေါ်ထွက်လာအောင် မြေတောင်မြှောက်ပေးတဲ့ အတွက် ၀မ်းသာစရာပါပဲ။ ကိုယ့်နယ်မှာဆို ရန်ကုန်ကိုလာဖို့အခက်အခဲအများကြီးရှိတယ်။
-MRTV 4 နဲ့ရော ဘယ်လိုမျိုး ဆက်လုပ်သွားမလဲ။
သူတို့ကတော့ ၃ ယောက်ကို တစ်ခွေထုတ်ပေးမယ်ပြောပါတယ်။ စာချုပ်ကိစ္စ ဘာညာကတော့ ပြိုင်ပွဲပြီးကတည်းက ဘာမှ အတိအကျမပြောသေးပါဘူး။
-ပြိုင်ပွဲစဉ်တစ်လျှောက်လဲ ပရိသတ်ရဲ့ အားပေးမှုတွေကြောင့် ဝေဖန်မှုမျိုးစုံလဲထွက်ခဲ့တော့ အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ကိုဘယ်လိုမျိုး ကြံ့ခိုင်အောင်ထားပြီးနေခဲ့ရလဲ။
ကျွန်တော်တို့ ဒီပွဲစဉ်တစ်လျှောက်မှာတော့ အမျိုးမျိုးကြုံခဲ့ရတယ်။ ကိုယ့်ကို လိုတဲ့ ပရိသတ်တွေရော၊ ကိုယ့်ကိုမလိုတဲ့ ပရိသတ်တွေရော အများကြီးပေါ့နော်။  ပြိုင်ပွဲဝင်တစ်ယောက်မှာ သူ့ပရိသတ်နဲ့သူရှိတယ်လေ။ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေကလဲ သူ့ကို ချစ်ချင်မှချစ်မယ်။ အတိုက်အခိုက်တွေလဲ ရှိတယ်။ ဝေဖန်မှုတွေလဲခံရတယ်။ အကောင်းဝေဖန်တာလဲရှိသလို အဆိုးဝေဖန်တာလဲ ရှိတယ်။ ဖေ့စ်ဘုတ်မှာဆို သူများတွေက ကောင်းတာလေးတွေကြည့်ပြီး အရမ်းပျော်တတ်ကြတယ်။ ဆိုးတာတွေကိုကြည့်ပြီးလဲ အရမ်းဝမ်းနည်းတတ်ကြတယ်။ ကျွန်တော်ကကောင်းတာကိုလဲ အရမ်းမပျော်ဘူး။ အဲ့ဒီလောက်လဲမဖတ်ဘူး။ ကိုယ်သိသင့်တာလေးတွေ၊ သူတို့ပြောတာလေးတွေကို ဖတ်ပြီးမှန်ရင် အတုယူတယ်။ မကောင်းတာတွေလဲ ကိုယ့်ပရိသတ် မဟုတ်ရင်ရေးကြမှာပဲ။ အဲ့ဒါကိုလဲ ဘာမှခေါင်းထဲ ထည့်စရာမလိုဘူး။ သူတို့ကို စိတ်ဆိုးစရာလဲမလိုဘူး။ ပရိသတ်ဆိုတာမျိုးက ကိုယ့်အားပေးတဲ့ ပရိသတ်ပဲ ကိုယ်ရစေချင်တာလေ။ ကိုယ်မကြိုက်ရင် ပုတ်ခတ်ကြတာမျိုးရှိတယ်။ သူများတွေကအဲ့လိုမျိုးတွေကြည့်ကြည့်ပြီးစိတ်ညစ်တတ်ကြတယ်။ ကျွန်တော်ကတော့ ကောင်းတာရှိရင်လဲ ဖတ်ပြီးမပျော်တတ်ဘူး။ ဆိုးတဲ့ဖက်ကို ကြည့်ပြီးလဲ ၀မ်းမနည်းတတ်ဘူး။
-တခြားပြိုင်ပွဲဝင်တွေ ရကြတဲ့ ဆုတွေနဲ့ပတ်သက်ပြီး အစ်ကိုရဲ့ အမြင်ကရော ဘယ်လိုရှိလဲ။
ဟုတ်ကဲ့။ ပြိုင်ပွဲဝင်အကုန်လုံးကတော့ ပထမဆုကို လိုချင်ကြတာပေါ့နော်။ ကျွန်တော်လိုချင်သလို သူများတွေလဲ လိုချင်ကြမှာပဲ။ ဒါပေမဲ့ ဒီဆုက အဆိုကောင်းတဲ့သူပဲ ရသင့်တယ် ခင်ဗျ။ ကိုယ့်ထက်ကောင်းတဲ့ ကိုအောင်ထက် ရတဲ့အတွက်လဲ ၀မ်းသာပါတယ်။ ကျွန်တော် တတိယဆုရတဲ့အတွက်လဲကျေနပ်ပါတယ်။ ဒီပြိုင်ပွဲစဉ် တစ်လျှောက်အရင်းနှီးဆုံးနဲ့ အတွဲဖြစ်ဆုံးဆိုရင် ကိုအောင်ထက်နဲ့ ကိုစောဒီပိုးပေါ့။ အားလုံးနဲ့တော့ခင်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့က အိမ်ချင်းလဲနီးသလို အမြဲတမ်းလဲတွေ့ဖြစ်တယ်။ အကြိုက်ဆုံးနဲ့သဘောအကျဆုံး ဆိုရင် ကိုအောင်ထက်၊ မဂျန်နယ်ဘီ၊ ကိုစောဒီပိုးရှိတယ်။
-ဒီပွဲမှာလဲ တတိယဆုကို ရရှိပြီးပြီဆိုတော့ ရှေ့ဆက်ပြီးတော့ ဂီတပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေး ဆက်လုပ်သွားမလဲ။
ကျွန်တော်ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တဲ့အတွက် ဒီလမ်းကိုပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားလျှောက်လှမ်းသွားမယ်။ ကျွန်တော်တစ်ကိုယ်တော်ခွေထုတ်နိုင်ဖို့ကိုလဲ ခုချိန်ကထဲကစပြီးကြိုးစားသွားမှာပါ။
-ပြိုင်ပွဲပြီးတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ထားတာရှိမလဲ။
မနေ့ကတော့ ထားဝယ်လူငယ်အဖွဲ့နဲ့ တနင်္သာရီတိုင်းအတွက် ပြက္ခဒိန်ရိုက်ဖြစ်ပါတယ်။
http://www.trend.com.mm/2015/07/08/music-7103

No comments:

Post a Comment