Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

ပြည့်ကျက်သရေ ဘယ်မှာနေ

အဘွားမြသည် သဘာဝတရားရိပ်သာရှိ ဝါဝါဆောင်၏ အပေါ်ထပ်တွင် ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ပြီ။ အဘွားမြသည် မြန်မာ့နိုင်ငံရေး နယ်ပယ်ရှိ သြဇာရှိ ဝန်ကြီးတစ်ဦး၏ သမီး ဖြစ်သကဲ့သို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၂) အထက်တန်းကျောင်း၏ အထက်တန်းပြ ဆရာမဟောင်းတစ်ဦးလည်း ဖြစ်သည်။

အဘွားမြ၏ ဖခင်ဝန်ကြီး ဦးထွန်းဖေသည် မြန်မာ့နိုင်ငံရေးနယ်ပယ်နှင့် စိမ်းသူမဟုတ်။ ဦးထွန်းဖေသည် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်၏ ၂၆ ဦး ကော်မတီအဖွဲ့ဝင် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဦးနုအစိုးရ လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး၊ ဦးနေဝင်း အစိုးရအဖွဲ့တွင် ရာထူးခန့်ထားရေးဝန် အဖြစ် ဆောင်ရွက်ခဲ့သူ။ ထွန်းနေ့စဉ် သတင်းစာတိုက်ကို တည်ထောင်ခဲ့သူ။ ထို့အပြင် သူရိယသတင်းစာတိုက်တွင် သတင်းထောက်ချုပ်နှင့် အယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့ပြီး ကလောင်အမည် “မောင်” ဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးသားခဲ့သူလည်း ဖြစ်သည်။ ထို့ကဲ့သို့သော နိုင်ငံရေးနှင့် သတင်းစာလောကတွင် သြဇာအရှိန်အဝါ ကောင်းခဲ့သော ဦးထွန်းဖေ၏ သမီး အသက် ၈၄ နှစ်အရွယ် အထက်တန်းပြဆရာမကြီး အဘွားမြသည်က ဉာဏ်ရည်မပြည့်သော အသက် ၄၀ အရွယ် တူမနှင့်အတူ သဘာဝတရားရိပ်၌ ထာဝရ မှီခိုရတော့မည်။ အဘွားမြကဲ့သို့ ပညာတတ်ပင်စင်စားများ အတွက်လည်း ဤနိုင်ငံ၌ နောင်ရေး စိတ်မအေးရချေ။ အဘွားမြတစ်ယောက် သဘာဝတရားရိပ်သာသို့ ရောက်လာပုံကို ဤသို့ ဇာတ်ကြောင်းပြန်လာသည်။
“နေရာတွေစုံအောင် ပြောင်းပြီးမှ ဒီရောက်လာတာ” ဟု အတိတ်ဇာတ်ကြောင်းကို တူးဆွနေသူ အဘွားမြ၏ မျက်ဝန်းရိပ်တို့က ဝေသီသီ။

အဘွားမြသည် ရန်ကုန်မြို့တော်ရှိ လူကုံထံများ၏ ရပ်ကွက် ဒုတိယ ဝင်ဒါမီယာဟု ခေါ်တွင်သမုတ်သည့် ဘောက်ထော်၊ ပြည်သာယာလမ်း အိမ်နံပါတ် ၁၂ တွင် အထက်တန်းကျကျ နေနိုင်ခဲ့သူ။ မိဘနှင့် ညီကိုမောင်နှမများ ကွယ်လွန်ပြီးနောက်တွင် တူ၊ တူမလေးနှင့်အတူ ဘဝကို ရင်ဆိုင်ခဲ့ရသည်။

စမ်းချောင်း၊ တောင်ဒဂုံ၊ ယုဇနဥယျာဉ် စသည့် မြို့နယ်များအနှံ့ တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ထိုသို့ နေရာအတည်တကျ မရှိဘဲ ရန်ကုန်မြို့အနှံ့ ပြောင်းရွှေ့နေထိုင်ကာ ဘဝ၏ လက်ကျန်အချိန်များကို တစ်သက်တာ စုဆောင်းငွေလေးဖြင့် ဖြတ်သန်းရစဉ် မထင်မှတ်သော ငွေကြေးလိမ်လည်ခံရခြင်းကြောင့် ဘဝပျက်မတတ် ဖြစ်ခဲ့ရသည်။ နောက်ဆုံးပိုင်ဆိုင်သည့် အိမ်ကို အကြွေးထိုးဆပ်လိုက်ရသည်။ နေစရာမဲ့ပြီ။

“တပည့်တွေငွေနဲ့ အသက်ဆက်နေတာ။ ငွေလိမ်ခံရလည်း ထမင်းမငတ်ဘူး” ဟု အဘွားမြ ပြန်ပြောင်းဆိုလာသည်။

အဘွားမြသည် နာသုံးနာ အရင်းတည်ခဲ့သောကြောင့် တပည့်များ၏ ချစ်ခြင်းကို ယနေ့ထက်တိုင် ရရှိပိုင်ဆိုင်ထားသည်။ တပည့်များအကြောင်း ပြောနေသော အဘွားမြ၏ မျက်ဝန်းများ၌ ကြည်နူးရိပ်တို့ အထင်သား။ တစ်ဖန် ဘဝဖြတ်သန်းမှုများ အကြောင်း ပြောရချိန်များတွင် ညိုးရော်ရော်။ အဘွားမြ၏ အသက် ၄၁ နှစ် အရွယ်ရှိ တူဖြစ်သူသည် လက်ရှိနေပြည်တော်၌ တာဝန်ကျနေသည့် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည်။ သို့သော် အသက်အရွယ်ကြီးလာသော အဒေါ်နှင့် ဉာဏ်ရည်မပြည့်သူ ညီမတို့၏ ဝန်ကိုထမ်းရန် အခက်တွေ့လာ၍ သဘာဝတရားရိပ်သို့ ပို့ခဲ့ရသည်။

အဘွားမြ၏ တူသည်လည်း မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အို တိုးပွားမှုနှင့် မှီခိုသူ အချိုးမြင့်တက်မှု ဝန်ပိသူတစ်ဦး ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ဦးရေသည် သုံးသန်းနား ကပ်နေပြီ ဖြစ်သည်။ စာရင်းအတိအကျက ၂,၈၉၇,၅၆၃ ဦးရှိသည်။ လူဦးရေအားလုံး၏ ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိနေသည်။ ယင်းသို့ မြန်မာနိုင်ငံ၌ မှီခိုသူ သက်ကြီးရွယ်အို တိုးပွားမှုက ထိုမျှနှင့် ရပ်တန့်သွားမည် မဟုတ်။ ထို့ကြောင့် လာမည့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေထက် သက်ကြီးရွယ်အို အရေအတွက်က ပိုများလာမည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံတစ်ရပ်က ထောက်ပြထားသည်။

ထိုမျှသာမကသေး။ လာမည့် ၂၀၅၀ ပြည့်နှစ်တွင်လည်း မြန်မာနိုင်ငံ၌ လူလေးဦးတွင် သက်ကြီးရွယ်အို တစ်ဦးနှုန်း ပါဝင်လာမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကော်မတီဝင် ပညာရှင်အချို့က ကြိုတင်ခန့်မှန်း တွက်ချက်ထားကြသည်။

လူဦးရေ ပြောင်းလဲမှု အချိုးအစားများက မြန်မာနိုင်ငံအတွက် စိန်ခေါ်ချက်များ ဖြစ်လာနေပြီ။

သမိုင်းတစ်လျှောက် လူဦးရေ ဖွဲ့စည်းမှု ပုံစံသည် ပိရမစ်ပုံစံအတိုင်း တည်ရှိနေခဲ့သည်။ အောက်ခြေတွင် ကလေးဦးရေ များပြားပြီး ပိရမစ်၏ အပေါ်ပိုင်း၌ သက်ကြီးရွယ်အို အနည်းငယ်ခန့်သာ ရှိနေသည်။ သို့သော် သမိုင်းတည်ရှိမှု ဖြစ်စဉ်အချို့က ပုံသေကားချပ်အတိုင်း ရပ်နေသည်တော့ မဟုတ်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့၏ လူမှုစီးပွားပညာရှင် အချို့က ပိရမစ်ပုံစံဖြင့် လူဦးရေ ဖွဲ့စည်းမှုသည် မိုးမျှော်တိုက်များ အသွင်ပြောင်းလဲနေပြီး မြန်မာအပါအဝင် အာရှဒေသသည် မချမ်းသာမီက အိုမင်းနေပြီဟု ထေက်ပြလာကြသည်။ အဆိုပါ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ပိရမစ်၏ အောက်ခြေရှိ ငါးနှစ်အောက် ကလေးဦးရေထက် ပိရမစ်ထိပ်ပိုင်းရှိ အသက် ၆၀ ကျော် သက်ကြီးရွယ်အို ဦးရေက ပိုများလာမည်ဟု တွက်ဆထားကြသည်။

သို့သော် အစိုးရ၏ သက်ကြီးရွယ်အို စောင့်ရှောက်မှု လုပ်ငန်းများက အားရကျေနပ်လောက်သည့် ညွှန်းကိန်းသို့ မရောက်သေး။ ဤသို့ဆိုလျှင် အဘွားမြ အပါအဝင် အဘွားစန်းကဲ့သို့ အရွယ်လွန်အိုးမင်းချိန်မှ ဒုက္ခရောက်ကြရမည့် မြန်မာနိုင်ငံသားဦးရေက တိုး၍သာ လာချေတော့မည်။

အဘွားစန်းသည် မြန်မာနိုင်ငံ၏ စပါးကျည်ဒေသ ဖြစ်သော ဧရာဝတီတိုင်းဒေသသူ။ ဟင်္သာတမြို့သည် အသက် ၇၅ နှစ် အဘွားစန်း၏ ဇာတိမြေ။ စပါးကျည်ပေါ် ထိုင်၍ ထမင်းငတ်နေသူ အဘွားစန်း။ သက်ရှိထင်ရှား မွေးချင်းမောင်နှမ နှစ်ယောက် ရှိသော်လည်း ဒုက္ခကိုယ်စီနှင့်မို့ အဘွားစန်းကို ပြန်မကြည့်နိုင်။ အရွယ်ကောင်းစဉ်က ကြုံရာကျပန်း လုပ်ကိုင်ကာ အသက်မွေးခဲ့သော အဘွားစန်းတစ်ယောက် အလုပ်မလုပ်နိုင်တော့သည့် အရွယ်လွန်ချိန်တွင် နေစရာအိမ်ပင်မရှိ။ အခက်တွေ့ရပြီ။

“အသိမိတ်ဆွေတွေအိမ်မှာ လှည့်နေတယ်။ ညီကိုမောင်နှမတွေကလည်း သူတို့ဒုက္ခနဲ့ သူတို့ဆိုတော့ ကိုယ့်ကို ပြန်လာမရှာကြပါဘူး” ဟု အဘွားစန်းတစ်ယောက် မျက်တောင်ဖျားဆီသို့ တွဲခိုလာသော မျက်ရည်စတို့ကို လက်ဖြင့် သုတ်ဖယ်လျက် တုန်နေသောအသံကို ထိန်း၍ တီးတိုးဆိုလာသည်။

သဘာဝ တရားရိပ်သာသို့ အဘွားစန်း ရောက်လာခြင်းက ၎င်းနေထိုင်သည့် အိမ်ရှင်အသိမိတ်ဆွေက ပို့ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်သက်တာ ကြုံတွေ့ခဲ့ရသော အပူသောကများက အဘွားစန်းကို လူမှုဝန်းကျင်မှ တွန်းဖယ်ပစ်ခဲ့သယောင်။ အဘွားစန်းသည် အချိန်အများစုကို တစ်ကိုယ်တည်း တိတ်တဆိတ်သာ ဖြတ်သန်းလျက်ရှိသည်။ အများနှင့် စကားစမြည်ပြောရန်ပင် အလွန်ဝန်လေးလျက် ရှိသည်။ တစ်ဦးတည်း ရီဝေစွာ ငေးမောနေတတ်သည်။ အဘွားစန်း၏ မျက်နှာတွင် အရယ်အပြုံးတို့ မြင်ရခဲသည်။ ဝမ်းနည်းရိပ်တို့သာ အစဉ်ယှက်သန်းနေသည်။

မြန်မာနိုင်ငံ၏ မြို့ရွာအနှံ့တွင် အဘွားစန်းကဲ့သို့ ခိုကိုးရာမဲ့ သက်ကြီးတစ်ဦးသာမက ခိုကိုးရာရှိနေသော ဘိုးဘွား အများအပြားသည်လည်း လူတိုင်းရုန်းကန်ရသည့် လူနေမှုပုံစံ အကျိုးဆက်ကြောင့် အထီးကျန်မှု ပြဿနာကို ရင်ဆိုင်နေကြရနိုင်သည်။ ထို့ကြောင့် နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာပြည်၏ ပထမဆုံး အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က-
“ပြောင်းလဲလာတဲ့ လူနေမှု ပုံစံသစ်တွေကြောင့် သက်ကြီးရွယ်အို အမြောက်အမြားဟာ ပြုစုစောင့်ရှောက်မယ့်သူ မရှိဘဲ လူမှုရေး အထီးကျန်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်” ဟု သက်ကြီးရွယ်အိုနှင့် ဆက်စပ်သည့် အခမ်းအနားတိုင်းတွင် တစ်ခုတ်တရ ထည့်သွင်းဖွင့်ဟတတ်သည်။

ထို့ကြောင့်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကပင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ သက်ကြီးရွယ်အိုများ ဦးစီးသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ရပ်ရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

သို့သော် အနာရင့်နေပြီ ဖြစ်သော မြန်မာနိုင်ငံ သက်ကြီးရွယ်အို ပြဿနာအတွက် ဤမျှလောက်နှင့် ဆေးမတိုး။

သက်ကြီးရွယ်အိုများနှင့် ပတ်သက်လာလျှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်သာမက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အပေါ်တွင်လည်း အားမလိုအားမရ ဖြစ်နေရသူက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဒေါက်တာဒေါ်ညိုညိုသင်း ဖြစ်သည်။
“သက်ကြီးရွယ်အိုတွေအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေ သုံးစွဲမှုက တစ်သိန်းမှာ တစ်ကျပ်တောင် မရှိဘူး။ အရမ်းနည်းလွန်းတယ်” ဟု ဒေါ်ညိုညိုသင်းတစ်ယောက် စိတ်အားလျော့စွာ ညည်းဆိုလာသည်။ ဒေါ်ညိုညိုသင်းသည် ၂၀၁၃ ခုနှစ် ဝန်းကျင်ကပင် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ အရေးကို မကြာခဏ ဆိုသလို အဆိုတင်၍ အရေးဆိုခဲ့သည်။ သို့သော် အာသာခြောက်လာသော်လည်း ခရီးမပေါက်လှ။

အမေရိကန် အပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ်မလုပ်နိုင်တော့သည့် သက်ကြီးရွယ်အိုများကို အစိုးရက အလုံးစုံ တာဝန်ယူ စောင့်ရှောက်လျက်ရှိသည်။ စားဝတ်နေရေးအတွက် အစိုးရ ထောက်ပံ့ကြေးပေးခြင်း၊ အခမဲ့ ဆေးဝါကုသခွင့်ပေးခြင်းနှင့် တစ်ကိုယ်တည်း ရပ်တည်ရန် ခက်ခဲသူများကို သက်ကြီးစောင့်ရှောက်ရေး စင်တာများ ဖွင့်၍ စောင့်ရှောက်ခြင်း အစရှိသည့် ဘိုးဘွားစောင့်ရှောက်မှု ပုံစံခြောက်မျိုးခန့် ခွဲ၍ လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ၌မူ ဘိုးဘွာရိပ်သာဖြင့် စောင့်ရှောက်မှု၊ Day Care Center ပုံစံဖြင့် စောင့်ရှောက်မှုနှင့် အချို့သော မြို့နယ်များတွင် အိမ်တိုင်ယာရောက် စောင့်ရှောက်မှု အနည်းငယ်မျှသာ လုပ်ဆောင်နိုင်သေးသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း ဌာနခွဲ၏ တာဝန်ရှိသူတစ်ဦးက ဖွင့်ဟသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနက ခွင့်ပြုထားသော ဘိုးဘွားရိပ်သာပေါင်း ၇၀ ကျော်ရှိပြီး လူဦးရေ သုံးထောင်ကျော်ခန့် စောင့်ရှောက်ပေးလျက် ရှိသည်။ ထိုသို့ အစိုးရ၏ တရားဝင် စာရင်းဝင်သော ဘိုးဘွားရိပ်သာများတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ဘိုးဘွာရိပ်သာကြီးတစ်ခုဟု ဆိုနိုင်သည့် သဘာဝတရားရိပ်သာတော့ မပါဝင်။

အဘယ့်ကြောင့် မပါဝင်သနည်း။

“ဘိုးဘွားတစ်ဦး ငါးသောင်းနှုန်းနဲ့ အယောက်တစ်ရာကို သိန်းငါးဆယ် စပေါ်တင်ရမယ်ဆိုလို့ အဘတို့ ၂၅ သိန်းတင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က လျှောက်ခဲ့တယ်။ မရပါဘူး။ အဘတို့က အဲဒီလောက်ပဲ တတ်နိုင်တယ်လေ” ဟု ဆိုလာသူက သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာ တာဝန်ခံ ဦးကျော်အေး ဖြစ်သည်။ ဦးကျော်အေးသည် သဘာဝတရားရိပ်သာ၏ ပင်မမြေအလှူရှင်တစ်ဦး ဖြစ်သလို ၎င်းသည် တပ်မတော်မှ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး တစ်ဦးလည်း ဖြစ်သည်။

အစိုးရမလုပ်သော အလုပ်ကို ဝင်လုပ်ခြင်း၊ တစ်နည်း အစိုးရ၏ဝန်ကို ကူ၍ထမ်းကြသော လူမှုအဖွဲ့အစည်းများကို ဤသို့ လုပ်ငန်းစပေါ်တင်ကာ လျှောက်ထားရခြင်းသည် ကမ္ဘာပေါ်၌ မြန်မာတစ်နိုင်ငံ၌သာ ရှိအံ့။

တရားဝင် ခွင့်ပြုထားသော ဘိုးဘွားရိပ်သာများသည်လည်း အစိုးရ၏ တုံ့ပြန်ကြည့်ရှုမှုက အဘယ်သို့နည်း။

“အောက်တိုဘာလရောက်မှ တစ်သိန်းလောက်တောင် မရတာ မင်းနှယ် မတင်ချင်ပါနဲ့လို့ နှင်းဆီးကုန်း ဘိုးဘွားရိပ်သာက သူငယ်ချင်းတွေ ပြောလို့ ဘိုးဘွားရိပ်သာ လျှောက်တာကို ရပ်လိုက်တယ်” ဟု ဦးကျော်အေးက သူသိသော တရားဝင် ဘိုးဘွာရိပ်သာများ၏ တုံ့ပြန်ခံစားခွင့်ကို ဖွင့်ချလာသည်။

တရားဝင် ဘိုးဘွားရိပ်သာ အဖြစ် ရပ်တည်ခွင့် မရသော်လည်း ဒီနေ့ဒီအချိန်တွင် သန်လျင် သဘာဝတရားရိပ်သာသည် ရဟန်း၊ သီလရှင်၊ သက်ကြီးရွယ်အို ဘိုးဘွား၊ ဂီလာနရောဂါသည်၊ စွန့်ပစ်ခံ ဝေဒနာသည်များကို ကူညီစောင့်ရှောက်ထားသည်မှာ လူဦးရေ ၂၄၅၄ ဦး ရှိပြီဖြစ်သည်။

“စွန့်ပစ်ခံရလို့ပဲဖြစ်ဖြစ်၊ ဂီလာနပဲဖြစ်ဖြစ် နေစရာမရှိလို့ပဲဖြစ်ဖြစ် ရာသက်ပန် စောင့်ရှောက်ပေးတယ်။ ဘယ်လိုပဲရောက်လာ ရောက်လာ၊ အကုန်လုံးကို လက်ခံပေးတယ်ဗျာ” ဟု ဦးကျော်အေးက ဝမ်းသာလှိုက်လှဲစွာ ဖိတ်မန္တက ပြုလာသည်။

ထို့ကြောင့်ပင် အယုတ်၊ အလတ်၊ အမြတ်မရွေးသော စွန့်ပစ်ခံ ဘိုးဘွားတို့၏ တစ်ခုတည်းသော မှီခိုရဖြစ်လာနေသည်။

ဤသို့ဖြင့် သဘာဝတရားရိပ်သာသည်...

ရုပ်ရှင်ကို ဓာတ်ရှင်ဟု ခေါ်တွင်ခဲ့သည့် မြန်မာ့ရုပ်ရှင်ရွှေခေတ်ဦး၏ ဒိတ်ဒိတ်ကျဲ အောင်မြင်ခဲ့သည့် မင်းသားရွှေဘနှင့်အတူ အပြိုင်ကျဲခဲ့သည့် ဓာတ်ရှင်မင်းသမီးကြီး စန်းစန်းနွဲ့၏ နားခိုရာ အရိပ်ကောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ တစ်ချိန်က နာမည်ကြီး ဓာတ်ရှင်မင်းသမီးကြီး စန်းစန်းနွဲ့ခေါ် အသက် ၇၄ နှစ်အရွယ် အဘွားနွဲ့ကို သဘာဝတရားရိပ်သာ တစ်ခွင်တွင် အဘွားမင်းသမီးကြီး၊ အမေမင်းသမီးကြီး၊ အန်တီမင်းသမီးကြီး၊ အစ်မမင်းသမီးကြီးဟူ၍ ချစ်စနိုး ခေါ်တွင်ကြသည်။

“အန်တီမင်းသမီးကြီး ဧည့်သည်” ဟု အမျိုးသမီးကြီးတစ်ဦး၏ စကားသံတို့ ထွက်ပေါ်လာစဉ် အဘွားနွဲ့တစ်ယောက် အဝတ်ထုပ်များနှင့် ပစ္စည်းပုံများ ကာရန်ထားသည့် နှစ်ပေပင် မပြည့်တတ်သော အိပ်ယာနေရာလေးတွင် လှဲနေရာက ကုန်းရုန်း၍ ထထိုင်လိုက်သည်။ လူသံများဆူညံ၍ ပစ္စည်းထုပ်၊ အဝတ်ထုပ်များဖြင့် ရှုပ်ယှက်ခပ်ကာ လူတစ်ကိုယ်လှဲစရာ နှစ်ပေပင် မပြည့်တတ်သည့် သဘာဝတရားရိပ်သာရှိ ရေပေါ်ဆောင် အပေါ်ထပ်ရှိ ကြမ်းပြင်လေးက ပြည်သူ့အချစ်တော် ဓာတ်ရှင်မင်းသမီးကြီး၏ စံမြန်းရာ ဖြစ်လာခဲ့ပြီ။ ဆံပင်ဖားလျားချ၍ အထက်အောက် အညိုရောင် ယောဂီဝတ်စုံကို ဆင်မြန်းထားသော အဘွားနွဲ့ သွင်ပြင်က တစ်ခေတ်တစ်ခါက အောင်မြင်မှု အရိပ်အယောင်တို့ မြူမှုန်မျှပင် မတွေ့ရတော့ချေ။

တစ်ချိန်က ဓာတ်ရှင်မင်းသမီး စန်းစန်းနွဲ့ကို အသည်းစွဲကြိုက်ခဲ့သည့် ပရိသတ်အချို့နှင့် ရင်းနှီးသူများသာ မေးစေ့ထက်က မဲနက်နက်မှည့်လေး တစ်လုံးကြောင့် ဤသည်က စန်းစန်းနွဲ့ဟု ခပ်ရေးရေး မှန်းဆနိုင်လိမ့်မည်။

အဘွားနွဲ့သည် မင်းသားရွှေဘနှင့်အတူ သရုပ်ဆောင်ခဲ့သည့် “ကြွေတစ်လှည့် ကြက်တစ်ခုန်” “ဘိုရွှေဘ” စသည့် ဇာတ်ကားများအပြင် မင်းသားထွန်းဝေ၊ ဇေယျာ၊ မင်းသမီးကြီး ဒေါ်မေသစ်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည့် “ငွေကျွန်” ရုပ်ရှင်ဇာတ်ကားတို့ဖြင့် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သူဖြစ်သည်။ ယခုတော့ အဘွားမင်းသမီးကြီးက သူ့ဖြစ်အင်ကို “ငွေကျွန်” ဇာတ်ကားထဲမှ ဆင်းရဲသူမလေးနှင့် ချိန်ထိုး၍ ကြည့်မိလာသည်။ ထိုဇာတ်ကားတွင် အဘွားနွဲ့သည် ဆင်းရဲသည့် ဦးလေးနှင့် အဒေါ်ဖြစ်သူတို့၏ အိမ်တွင် ခိုကပ်နေရသည့် ဆင်းရဲသည့် ဇာတ်ရုပ်မှ ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခဲ့ရသည်။

“ငွေကျွန်ဇာတ်ကားရိုက်တုန်းက အိမ်ခေါင်မိုးပေါက်တွေကြည့်ပြီး ဒီလိုဘဝနဲ့ နေရရင် ငါတော့သေမှာပဲလို့ တွေးခဲ့မိတယ်” ဟု အောင်မြင်မှု သရဖူဆောင်ခဲ့စဉ် အတိတ်ဆီက အတွေးတချို့ကို အဘွားနွဲ့ ဖွင့်အံကျလာသည်။

အဘွားနွဲ့သည် ၁၆ နှစ် အရွယ်ကတည်းကပင် ရုပ်ရှင်လောကသို့ ဝင်ရောက်ကာ ညီကိုမောင်နှမ ငါးယောက်နှင့် မိသားစုတာဝန်ကို ရုန်းကန်ရှာဖွေ ကျွေးခဲ့ရသည့် သမီးကြီးဖြစ်သည်။ ထို့ကြောင့်လည်း မိခင်ဖြစ်သူက မိသားစု အားကိုးအားထားပျောက်မည်ကို စိုးရိမ်ကာ မည်သူနှင့်မျှ လက်ဆက်ပေးရန် သဘောမတူ။ ဤသို့ဖြင့် မိခင်ကွယ်လွန်ချိန်တွင် မောင်ငယ်ညီမငယ်များသည် အရွယ်လွန် မင်းသမီးကြီး၏ အားကိုးရာ တစ်လှည့် ပြန်ဖြစ်လာခဲ့သည်။

ဓာတ်ရှင်မင်းသမီးကြီး၏ နန်းစွန့်ခန်းက ဤအခန်းတွင် ရောက်ပြီ။

“ညီမအိမ်မှာ လိုက်နေတာ။ ညီမက အစ်မ နင့်ကို ကျွေးထားရတာ ဘယ်လောက်ရှိပြီနော် ဆိုပြီး စကားထွက်လာတယ်။ ဟေ့ အဲဒီစကားရပ်ဆိုပြီး အိမ်ပေါ်က ဆင်းခဲ့တာပဲ” ဟု အဘွားနွဲ့က မာနသံစွက်၍ ဆိုလာသည်။ တစ်ဆက်တည်း ဆိုသလိုပင် “ဆွေမျိုးဆိုတာ ဒါရှိမှ ကောင်းတာ” ဟု နှုတ်ခမ်းပါးပါးကိုမဲ့ကာ လက်ညိုးနှင့် လက်မကို ဝိုင်း၍ ပြလာသည်။

နန်းကျမင်းသမီးကြီး အဘွားနွဲ့အတွက် ရန်ကုန်မြို့လယ်ရှိ အမျိုးသမီးဆောင်များက နန်းသစ်စိုက်ရာ နေရာသစ်များ ဖြစ်လာခဲ့သည်။ ကျသည့်ဇာတ်ရုပ်ဖြင့် ဇာတ်ရံအဖြစ် သရုပ်ဆောင်ကာ ဝမ်းရေးကို ကျောင်းခဲ့ရသည်။ ယခုတော့ အရွယ်လွန် မင်းသမီးကြီးအတွက် ဇာတ်ရုပ်တို့ ရှားလာပြီး ငွေကြေးသည်လည်း ပါးလာရာ တရားမက်သော သူ့အတွက် သဘာဝတရားရိပ်သည် အကောင်းဆုံးမှီခိုရာ ဖြစ်လာရသည်ဟု အဘွားနွဲ့က ဆိုရှာသည်။

အရွယ်ကောင်းစဉ်က နိုင်ငံ့တာဝန်ကို ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသမျှ အားဖြည့်ခဲ့ကြသည့် အထက်တန်းပြ ဆရာမကြီး အဘွားမြ၊ ကျပန်းလုပ်သား အဘွားစန်းနှင့် ဓာတ်ရှင်မင်းသမီးကြီး အဘွားနွဲ့တို့သည် ယခုတော့ အိုးမင်းမစွမ်းကြလေပြီ။

သမိုင်းတာဝန်ကျေခဲ့သူ သက်ကြီးအဘိုးအဘွားများ အတွက် တစ်လှည့်တစ်ပြန် တာဝန်ယူရမည့်သူက မည်သူနည်း။ ထိုမေးခွန်းအတွက် ဒေါ်ညိုညိုသင်းကတော့ အစိုးရဟု ယတိပြတ် ဤသို့ ညွှန်းဆိုလာသည်။
“အဘိုးအဘွားတွေက သူတို့ရဲ့ လုပ်အားတွေ၊ ခွန်အားတွေကို နိုင်ငံတော်အတွက် ပေးဆပ်ခဲ့ပြီးပါပြီ။ အဲဒီတော့ အသက်အရွယ် ကြီးရင့်လာတဲ့သူတို့ အတွက် နိုင်ငံတော်ကလည်း တစ်လှည့်ပြန်ပြီး ကြည့်ရှုစောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေမှာတောင် သူတို့အတွက် ကားတစ်စီး၊ ထမင်းတစ်နပ်၊ ထမင်းနှစ်နပ် စတဲ့ အခြေခံစောင့်ရှောက်မှုလောက်တော့ ပေးကြတယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာနိုင်ငံဆို ပိုလို့တောင် စောင့်ရှောက်ရဦးမှာပါ” ဟူ၍။

ဒေါ်ညိုညိုသင်း ညွှန်းဆိုသော တာဝန်ရှိသူအစိုးရ သို့တည်းမဟုတ် သက်ကြီးရွယ်အို စောင့်ရှောက်မှုအပိုင်းတွင် အဓိက တာဝန်ယူထားရသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နှစ်စဉ်အမြဲ ဘဏ္ဍာငွေ လိုအပ်ချက်ပြနေသည့် ဝန်ကြီးဌာနတစ်ခု။ ဘဏ္ဍာငွေ ရှာဖွေနိုင်သည့်ဌာန မဟုတ်ခြင်းကြောင့် ပြည်ပထောက်ပံ့မှုနှင့် အစိုးရက ချထားပေးသည့် ဘဏ္ဍာငွေပေါ်တွင် လုပ်ငန်းစဉ်အားလုံး အကျုံးဝင်အောင် လည်ပတ်ဆောင်ရွက်ကြရသည်။

ယင်းဝန်ကြီးဌာနသည် ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြထားသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ၊ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက်အရ ကျပ်သန်း ၈၉၂ ကျော် ရငွေရှိခဲ့ပြီး ကျပ်သန်း ၁၅,၄၁၉ ကျော် သုံးစွဲခဲ့ခြင်းကြောင့် ဘဏ္ဍာငွေ လိုအပ်ချက် ကျပ်သန်း ၁၄,၅၂၇ ကျော်အထိ လိုငွေပြခဲ့သည့် ဌာန ဖြစ်ကြောင်း တွေ့ရသည်။

သို့သော် စွန့်ပစ်ဘိုးဘွားဦးရေက ဒီရေအလား လျော့သွားသည်ဟု မရှိ။

“ဒီနှစ် သက်ကြီးစွန့်ပစ်မှုက ပိုဆိုးလာတယ်။ ဒီရိပ်သာမှာကို တစ်ရက် လေးယောက်လောက် ရောက်လာကြတယ်ဗျာ” ဟု သဘာဝတရားရိပ်သာ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးတင်ဝင်းနိုင်က စိတ်မသက်သာစွာ ဆိုလာသည်။

ဦးတင်ဝင်းနိုင်တို့၏ သဘာဝတရားရိပ်သာမှ မဟုတ်။ ရန်ကုန်မြို့၏ လမ်းမများထက်တွင်လည်း သက်ကြီးစွန့်ပစ်မှုများက ဟိုနေရာ ဒီနေရာအနှံ့။

နိစ္စဓူဝ စွန့်ပစ်ခံနေရသော အဘိုးအဘွားများကို ဒေါ်ညိုညိုသင်းက အိမ့်ကျက်သရေ၊ တိုင်းပြည်ကျက်သရေဟု တင်စားသမုတ်ခဲ့ကာ ၎င်းတို့အတွက် အရေးဆိုမြဲ။ ထင်တိုင်းတော့ ခရီးမရောက်။

ထိုအခါ “အခုလို တိုင်းပြည့်ကျက်သရေ သက်ကြီးဘိုးဘွားတွေ လမ်းမပေါ်တွေမှာ စွန့်ပစ်ခံအဖြစ် တွေ့နေရတာ အန်တီတော့ စိတ်မကောင်းဘူး” ဟု ဒေါ်ညိုညိုသင်းနုတ်မှ ဖွင့်ဟလာရပြီ။

ဒေါ်ညိုညိုသင်းကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံတကာ ပညာရှင်များနှင့် လူမှု-စီးပွား အဖွဲ့အစည်းများကပင် အရေးတကြီး တပ်လှန့်နှိုးဆော်နေရသည့် မြန်မာ့သက်ကြီးရွယ်အို အရေးကို အစိုးရက လျစ်လျူရှုခဲ့မည်ဆိုလျှင် အနာဂတ်မြန်မာနိုင်ငံသည် အိုးမင်းရင့်ရော်ချိနဲ့သည့် နိုင်ငံပျက်ကြီးတစ်ခုဆီသို့ ရှေ့ရှု ဦးတည်သွားနေမည်မှာ မလွဲပေ။

ဤသို့ဆိုလျှင်-
နိုင်ငံကျက်သရေ ပြည့်ကျက်သရေ သက်ကြီးရွယ်အို ဘိုးဘွားတို့သည်လည်း လမ်းမများထက်၌ ဖယ်ကြဉ်ခံဘဝများ အဖြစ် စွန့်ပစ်ခံနေကြရဦးမည်။ အနာဂတ် ပြည့်ကျက်သရေ ဘယ်မှာနေ၊ လမ်းမထက်မှာနေဟု ဆိုလာရဖွယ်ပင်။

မှတ်ချက်- (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာငွေ လိုအပ်ချက်စာရင်း အပြည့်အစုံက ရငွေ= ကျပ်သန်းပေါင်း ၈၉၂ ဒသမ ၃၆၆၊ သုံးငွေ= ကျပ်သန်းပေါင်း ၁၅,၄၁၉ ဒသမ ၃၉၀၊ လိုငွေ= ကျပ်သန်းပေါင်း ၁၄,၅၂၇ ဒသမ ၀၂၄ ဖြစ်ပါတယ်။)

မိုးခိုင်
thevoicemyanmar.com

“အန်တီမင်းသမီးကြီး ဧည့်သည်” ဟု အမျိုးသမီးကြီးတစ်ဦး၏ စကားသံတို့ ထွက်ပေါ်လာစဉ် အဘွားနွဲ့တစ်ယောက် အဝတ်ထုပ်များနှင့် ပစ္စည်းပ...

Posted by The Melting Pot 4 U on Thursday, 16 July 2015

No comments:

Post a Comment