CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 5, 2015
နယူးဇီလန် ယူ ၂၀ မြန်မာကို ဂိုးပြတ်နိုင်
ကမ္ဘာ့ဖလား အုပ်စု (က) မှာ ပါဝင်တဲ့ မြန်မာ ယူ ၂၀ အသင်းနဲ့ အိမ်ရှင် နယူးဇီလန်အသင်းတို့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ယှဉ်ပြိုင်ကစားရာ နယူးဇီလန်က ၅-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဇွန် ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲက နယူးဇီလန်နိုင်ငံ ၀ဲလင်တန်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းမှာ နယူးဇီလန်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ အနီးဘောတွေနဲ့ ဖိကစားနိုင်ခဲ့ပြီး နယူးဇီလန်ကတော့ အဝေးဘောတွေနဲ့ တန်ပြန်တိုက်စစ်ကသာ တချက်ချက် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၄ မိနစ်မှာတော့ မြန်မာအသင်းက နယူးဇီလန် ဂိုးဧရိယာဘက်ဘယ်အစွန်နားမှာ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းခေါင်းဆောင် နန္ဒကျော် ကန်သွင်းခဲ့ပေမယ့် နယူးဇီလန် နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၂၈ မိနစ်မှာတော့ မြန်မာအသင်းက အဖွင့်ဂိုး စတင်ရရှိပါတယ်။ ဒီဂိုးကိုတော့ မြန်မာအသင်း ရှေ့တန်းတိုက်စစ်မှူး အောင်သူက နယူးဇီလန် နောက်ခံလူတဦးကို လိမ်ခေါက်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။
၂၉ မိနစ်မှာလည်း မောင်မောင်လွင်က တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်းခဲ့ပေမယ့် နယူးဇီလန်နောက်ခံလူရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးပြင်ထွက်သွားခဲ့ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်က မမြင်လိုက်တဲ့အတွက် ထောင့်ကန်ဘောမရရှိခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။
မိနစ် ၃၀ မှာ နယူးဇီလန် တိုက်စစ်မှူး မြန်မာအသင်းဂိုးသမားနဲ့ တဦးချင်းတွေ့ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
၃၃ မိနစ်မှာတော့ မြန်မာတိုက်စစ်မှူး အောင်သူက နယူးဇီလန် ဂိုးဧရိယာထိပ်က အပြင်းကန်သွင်းရာ ဂိုးဘားတန်းကိုထိပြီး ပြန်ထွက်သွားတဲ့အတွက် မြန်မာအသင်း ၁ ဂိုးနစ်နာခဲ့ပါတယ်။ ၃၉ မိနစ်မှာတော့ နယူးဇီလန်ရှေ့တန်းလူ ကျောနံပါတ် ၂၀ Billingsley က ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ ပထမပိုင်းမှာ သရေရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ နယူးဇီလန်အသင်းက လက်ပစ်ဘောကတဆင့် အသင်းဖော်တဦး ထိုးပေးလိုက်တဲ့ဘောလုံးကို ကျောနံပါတ် ၁၅ ပက်တာဆန်က ပိတ်သွင်းပြီး ဒုတိယဂိုး ရသွားပါတယ်။
၅၅ မိနစ်မှာ နယူးဇီလန်က ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ကာကွယ်ထားနိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မြန်မာအသင်းက အနီးဘောတွေနဲ့ ထိုးဖောက်ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် နယူးဇီလန် ကစားသမားတွေကလည်း ပိတ်ဆို့ကာကွယ်ထားနိုင်တာကြောင့် ဘောလုံးက အပျက်များနေခဲ့ပါတယ်။
၆၃ မိနစ်မှာ မြန်မာနောက်တန်း ဘယ်အစွန်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မြန်မာတိုက်စစ်မှူး အောင်သူ နယူးဇီလန် ကစားသမားနဲ့ ယှဉ်ပြေးပြီး ကန်သွင်းဖို့ ကြိုစားခဲ့ပေမယ့် နည်းနည်းနောက်ကျသွားလို့ နယူးဇီလန်ဂိုးသမား ကာကွယ်သွားနိုင်ပါတယ်။
၆၅ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၈ မောင်မောင်စိုးအစား နံပါတ် ၁၁ တိုက်စစ်မှူး သန်းပိုင် ၀င်ရောက်ကစားပါတယ်။
နယူးဇီလန် ကစားသမားတွေက အရပ်အမောင်းအားပြုပြီး အမြင့်ဘောတွေနဲ့ ထိုးဖောက် တိုက်စစ်ဆင်ပေမယ့် မြန်မာကစားသမားတွေကလည်း ဖျက်ထုတ်ကာကွယ်ထားနိုင်ပါတယ်။
၆၈ မိနစ်မှာ နယူးဇီလန်အသင်းက ဒုတိယဂိုးသွင်းယူခဲ့တဲ့ ပက်တာဆန်အစား ဘလိတ် ၀င်ရောက်ကစားပါတယ်။
မိနစ် ၇၀ မှာ နယူးဇီလန်အသင်းက ကျောနံပါတ် ၁၀ လူးဝစ်စ် ကစားပုံကြမ်းတမ်းတဲ့အတွက် အ၀ါကတ် ပြခံရပါတယ်။
၇၉ မိနစ်မှာ နယူးဇီလန်အသင်းက အပေးအယူလုပ်ပြီး ကျောနံပါတ် ၂၀ တင်ထိုးပေးလိုက်တဲ့ ဘောလုံးကို နံပါတ် ၇ စတီဗင်က အပိုင်ကန်သွင်းပြီး ၃ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်နေပါတယ်။
၈၁ မိနစ်မှာ နယူးဇီလန်အသင်းကပဲ ထောင့်ကန်ဘောကတဆင့် နံပါတ် ၄ ဘရာသာတန်က ခေါင်တိုက်ပြီး စတုတ္ထဂိုး သွင်းယူသွားပါတယ်။
အဲဒီနောက် နယူးဇီလန်အသင်းကပဲ မြန်မာအသင်းဘက်ကို တောက်လျှောက်ဖိပြီး ကစားခဲ့ပေမယ့် မြန်မာဂိုးသမားနဲ့ ကစားသမားတွေ ဖျက်ထုတ်ကာကွယ်ထားနိုင်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။
၈၄ မိနစ်မှာ နယူးဇီလန်အသင်းက ကျောနံပါတ် ၂၀ အစား ကျောနံပါတ် ၁၈ ၀င်ရောက်ကစားပါတယ်။
၈၉ မိနစ်မှာ နယူးဇီလန် ကစားသမားတဦး ဘယ်ခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို လူးဝစ်စ်က သွင်းယူသွားခဲ့ပြီး ပွဲအပြီးမှာတော့ နယူးဇီလန်က မြန်မာကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
DVB
http://burmese.dvb.no/archives/96173
နယူးဇီလန် ယူ ၂၀ မြန်မာကို ဂိုးပြတ်နိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment