Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 10, 2015

တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန် မျက်မမြင်ကျောင်းမှ ၉ ဦး အောင်မြင်

မြန်မာနိုင်ငံ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) မှ ဝင်ရောက်ဖြေဆိုသူ ၁၃ ဦးအနက် ၉ ဦး အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။

မျက်မမြင် ကျောင်းသား၊ ကျောင်းသူများသည် ကျက်စာများကို ဆရာ၊ ဆရာမများက အသံသွင်းပေးထားသော အသံဖိုင်များကို နားထောင်၍ ကျက်မှတ်ရသည့်အတွက် ကျက်စာ မဟုတ်သည့် အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ်တို့သည် ၄င်းတို့အတွက် အခက်ခဲဆုံးဖြစ်ပြီး ထို့အတွက် ၄င်းတို့အာလုံးသည် ဝိဇ္ဇာဘာသာတွဲကိုသာ ယူကြရခြင်း ဖြစ်သည်ဟု ခဝဲခြံ မျက်မမြင်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဇီးနာဒွန်းက ပြောသည်။

“သူတို့အတွက် ပြဿနာ မရှိတာက ကျက်စာတွေပဲ။ ကျက်စာဆို သူတို့ အဆင်ပြေတယ်။ မျက်မမြင်စာ (Braille) နဲ့ ရိုက်ထည့်ထားပေးလိုက်ရင် သူတို့ အချိန်မရွေး ကျက်နိုင်တယ်။ ပြီးတော့ Memory Stick တွေထဲမှာ ဆရာမတွေက ဖတ်ထည့်ထားပေးလိုက်ရင် သူတို့ဘာသာ စာကျက်လို့ရတယ်” ဟု ကျောင်းအုပ်ဆရာမကြီးက ဧရာဝတီသို့ ပြောသည်။

မျက်မမြင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုရာတွင် ဖြေဆိုသည့် ကျောင်းမှ စီစဉ်ပေးထားသော ၄င်းတို့ထက် တတန်းငယ် နဝမတန်းကျောင်းသား၊ ကျောင်းသူများ၏ အကူအညီဖြင့် ဖြေဆိုရခြင်း ဖြစ်ကြောင်း၊ ဖြေဆိုချိန်ကို သာမန် ကျောင်းသား၊ ကျောင်းသူများထက် နာရီဝက်ခန့် ပိုပေးထားသော်လည်း မေးခွန်းလွှာကို တတန်းငယ် ကလေးများက ၄င်းတို့အား ဖတ်ပြရကြောင်း၊ ၄င်းတို့ ပြောသည့်အတိုင်း တတန်းငယ်ကလေးက အဖြေလွှာတွင် ပြန်ချရေးပေးရသော လက်ရေးအစားထိုးနည်းဖြင့် ဖြေဆိုရသည့်အတွက် ၄င်းတို့ပြောသည်ကို တတန်းငယ် ကလေးက အပြည့်အဝ နားလည်ရန် ခက်ခဲသည်များ ရှိတတ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်းက ပြောသည်။

“လက်ရေးအစားထိုးလို့ ခေါ်တယ်။ ကလေးတွေက မေးခွန်းဖတ်ပေးရတယ်။ သူတို့က ပါးစပ်နဲ့ ဖြေတာကို ကလေးတွေက လိုက်ရေးပေးရတယ်။ အင်္ဂလိပ်လိုဆိုရင် ကလေးတွေက ခေါ်နိုင်တယ်၊ သူတို့ပြောတာကိုလည်း လိုက်ရေးပေးနိုင်တယ်။ သင်္ချာကျတော့ သင်္ကေတတွေက ပြဿနာတက်လာရော” ဟု ကျောင်းအုပ်ဆရာမကြီးက ဧရာဝတီသို့ ပြောသည်။

အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် အောင်မြင်သော မောင်မောရှေက ကွန်ပျုတာ တက္ကသိုလ် ဝင်ခွင့်လျှောက်ရန် စီစဉ်ထားကြောင်း၊ ဘွဲ့ရပြီးပါက သူဝါသနာပါရာ Sound Design ပြင်ဆင်ခြင်းကို ဆက်လက်လုပ်သွားရန် စိတ်ကူးထားကြောင်းနှင့် သူတတ်ထားသော ပညာမှန်သမျှကို လက်ဆင့်ကမ်း သင်ကြားပေးသွားရန် ဆန္ဒရှိကြောင်း ပြောသည်။

“ကွန်ပျူတာ တက္ကသိုလ် တက်ပြီး ကျနော် Audio ပိုင်း ဆက်လုပ်ချင်တယ်။ Sound Design စိတ်ဝင်စားတယ်။ နောက်ခံ အသံတွေ ပြင်ပေးရတာမျိုးတွေ လုပ်ချင်တယ်” ဟု မောင်မောရှေက ဧရာဝတီကို ပြောသည်။

မွေးရာပါ အမြင်အာရုံ ချို့ယွင်းသူ မနာခါးတီက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသွားသည့်အတွက် သမိုင်းဘာသာရပ် အထူးပြုဖြင့် ကျောင်းဆက်တက်ရန် စီစဉ်ထားကြောင်းနှင့် သူ ဝါသနာပါသည့် ရေဒီယို အစီအစဉ် ကြေညာသူတဦး ဖြစ်ရန် ရည်ရွယ်ချက် ရှိကြောင်းလည်း ဧရာဝတီကို ပြောသည်။

ခဝဲခြံ မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို သူငယ်တန်းမှ အဋ္ဌမတန်းအထိ မရမ်းကုန်း၊ အ.လ.က (၃) ကျောင်းတွင် အကျုံးဝင် ပညာရေးစနစ်ဖြင့် သင်ကြားပေးပြီး နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းကိုမူ ခဝဲခြံ မျက်မမြင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများဖြင့် စာသင်ကြားပေးပြီး အင်းစိန်၊ အ.ထ.က (၂) ကျောင်းတွင် စာမေးပွဲများ သွားရောက်ဖြေဆိုရကြောင်း သိရှိရသည်။

ထို့အပြင် မျက်မမြင်ကျောင်း ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ပေးမည့် ဆရာ၊ ဆရာမ အင်အား၊ သင်ထောက်ကူများနှင့် မျက်မမြင် သင်ရိုးညွှန်း စာအုပ်များမှာ လိုအပ်ချက်အဖြစ် ရှိနေသေးသည်ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ခဝဲခြံ မျက်မမြင်ကျောင်းတွင် ၂၀၁၅ ခုနှစ်အထိ တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၀ ဦး၊ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၁ ဦး ရှိနေပြီ ဖြစ်သည်ဟု ကျောင်း၏ စာရင်းများအရ သိရှိရသည်။

ယခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သော မျက်မမြင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ် ပညာ ဆက်လက် သင်ကြားနိုင်ရေးအတွက် အစွမ်းကုန် ဖြည့်ဆည်းပေးရန် ယခုကတည်းက ပြင်ဆင်နေရကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။ဧရာဝတီ

No comments:

Post a Comment