Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

ဘောအပြောင်း ဘောအလဲ


ပြောပါရစေဗျာ။ ပြောမယ်သာလုပ်တာ ဘစီလည်းစာမျက်နှာပေါ်မရောက်တာအတော်ကြာ ပြီခင်ဗျ။ ဆိုတော့ ဘယ်ကဘယ် လိုစပြောရမယ်မှန်းတောင်မသိပါ ဘူးဗျာ။ စိတ်ထဲရှိရာကစပြောဆို ရင်တော့ကာ ‘ဘော’ကပဲစရမှာပဲ ဗျ။ သိတယ်ဟုတ်။ မြန်မာ့ဘော လုံးအသင်းလေဗျာ။ ဆီးဂိမ်းပြိုင် ပွဲမှာ မြန်မာအသင်းက ဗီယက်နမ် ကိုအနိုင်ရပြီး ဗိုလ်လုပွဲတက်သွား သတဲ့။ အခုဆိုရင် ရွှေပြည်ကြီးမှာ အားလုံးလွှတ်ပျော်နေကြတယ်။ သမ္မတလည်းပျော်တယ်။ လွှတ် တော် နာယကကြီးလည်းပျော် တယ်။ ပျော်တာဟာ မပျော်ရတာ ထက်စာရင် ကောင်းပါတယ်ဗျာ။

သိတဲ့အတိုင်း ကျုပ်တို့လူထု မှာလည်း ဒီလိုပျော်စရာလေးတွေ ရှိဦးမှခင်ဗျ။ နို့မဟုတ်ရင် ကျုပ်တို့အာရုံတွေတင်းမာပြီး ပြတ်တောက်ထွက်သွားနိုင်တယ်။ သင်္ကြန်ပြီးကတည်းက တအိအိ တက်လာနေတဲ့ကုန်ဈေးနှုန်းက ကျုပ်တို့ကုတ်ပေါ်တင်မက ငယ် ထိပ်တောင်တက်နင်းနေတဲ့ကာ လ။ ဒေါ်လာဈေးက မိုးထိအောင် လှေကားထောင်နေတဲ့ကာလမှာ နိစ္စဓူဝစားဖို့သောက်ဖို့ရုန်းကန် ရတာ တကယ်မလွယ်ဘူးဗျ။ စိတ်ညစ်စရာချည်းပဲ။ စိတ်ညစ် လို့အရက်သောက်မယ်၊ ဘီယာ သောက်မယ်ဆိုပြီးလည်းဖြစ်တာ မဟုတ်ဘူး။ ရိုးရိုးအရက်ဖြူတစ် လုံးက ကျပ်နှစ်ရာလောက်ဈေး တက်သွားပြီး ဘီယာတစ်ခွက်က အရင် ၆၀၀ ကျပ်ကနေ ကျပ် ၇၀၀ ဈေးတက်နေဆိုသကိုး။

အနှာလို ဟိုဈေးတက်၊ ဒီဈေးတက်ဆိုပြီးသကာလ ‘တက်’ဆိုတဲ့စကားတွေထဲမှာ မြန်မာယူ-၂၃ ဘောလုံးအသင်း ဗိုလ်လုပွဲ‘တက်’သွားတယ်ဆိုတဲ့ သတင်းကတော့ ကျက်သရေအရှိဆုံးပဲဗျို့။ ကြားရတာ နားဝမှာ အချိုဆုံးပါပဲဗျာ။ ကျန်တဲ့ ‘တက်’ သတင်းတွေကတော့ အားရကျေနပ်လောက်စရာအမှန်မရှိတာ ခင်ဗျ။ ဒေါ်လာဈေးတက်နေတာကို အဖြေရှာမယ်ဆိုတဲ့ အစိုးရနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များရဲ့ ဆွေးနွေးပွဲကလည်း နောက်ဆုံးတော့ ဘာအဖြေရလဒ်မှ မထွက်ဘူးဆိုပဲ။ အမယ် ဘုတ်ချည်ခင်လို ရှင်းလေ ရှုပ်လေဖြစ်နေပုံပဲ။


ဒေါ်လာဈေးတက်တဲ့ကိစ္စ တောင်မှ အဖြေမထွက်ဘူးဆိုရင် အခြေခံစားကုန်သောက်ကုန်ဈေး နှုန်းတွေတက်နေလို့မို့ လူထုခမျာ ကျောကော့အောင်ခံနေရတဲ့ အခက်အခဲဆိုရင် ပိုလို့သာမလွယ် ကြောပဲထင်ပါရဲ့။ သင်္ကြန်မတိုင် မီ အစိုးရဝန်ထမ်းတွေလစာတိုး ပေးစဉ်အခါက ဒီပုံအတိုင်းသာ ဆိုရင် ကုန်ဈေးနှုန်းက တက်မှာပဲ ဆိုတာကို မတက်ပါဘူးဆိုပြီးပြော ခဲ့တဲ့လူကြီးမင်းတွေလည်း အခု တော့ ဘာသံမှမထွက်တော့ပါ ကလား။ ပြီးခဲ့တဲ့တစ်လကျော် လောက်တုန်းကတော့ အစိုးရလူ ကြီးမင်းတစ်ယောက်ဆီက ကုန်ဈေးနှုန်းတက်တာဟာ ဝိသမ လောဘသား စီးပွားရေးသမား တွေကြောင့်ဆိုပြီး လက်ညှိုးထိုး တာကြားလိုက်ရပါရဲ့။

ကုန်ဈေးနှုန်းတက်တာဟာ ဝိသမလောဘရှိတဲ့ စီးပွားရေး သမားတွေကြောင့်ဆိုပြီး ‘ဖြစ်သ မျှငဝက်က ကျခံစေ’လုပ်တာက တော့ မတော်ပါဘူးဗျာ။ ဒါက အစိုးရရဲ့စီးပွားရေးစီမံခန့်ခွဲမှု အပေါ်မှာ အများကြီးမူတည်နေ တာပဲ။ အစိုးရက သူ့ဝန်ထမ်းကို လစာတိုးပေးလို့ရပေတဲ့ အပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက လုပ်ငန်းတိုးတက်ကြီး ပွားမှုမရှိဘဲနဲ့ သူ့ဝန်ထမ်းကို လစာတိုးပေးဖို့ဆိုတာ မဖြစ်နိုင်တာပဲဗျာ။ ဒါကြောင့်လည်း အခု အလုပ်ရှင်နဲ့အလုပ်သမားကြား အနိမ့်ဆုံးလစာသတ်မှတ်ရေး ကိစ္စမှာ ပြဿနာတက်နေတာပေါ့ ဗျာ။ အထည်ချုပ်လုပ်ငန်းရှင်တွေ ဘက်ကဆိုရင် အနိမ့်ဆုံးလစာ ကျပ် ၁၅၀၀ ထက်ပိုပေးရမယ်ဆို ရင် စက်ရုံပိတ်ဖို့သာရှိတယ်လို့ ပြောပါသကော။ အလုပ်ရှင်ဘက် က အနှာလိုပြဿနာရှိသလို အလုပ်သမားဘက်ကလည်း အခု တက်လာနေတဲ့ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်စကကြီးမြင့်မှုထဲမှာ တစ်နေ့ကို ကျပ် ၄,၀၀၀ လောက် မှမရရင် ရပ်တည်ဖို့အခက်အခဲရှိ နေတယ်။ ဒါတွေကိုအရင်းစစ် တော့ အစိုးရရဲ့စီးပွားရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုက အမြစ်တည် တာပဲ။ ဘယ်လိုလုပ်ကြမလဲ။ လူထုကတော့ အတော့်ကို စိတ် ဆင်းရဲနေရပါတယ်။

ကဲပါဗျာ။ ခုနက ‘ဘော’ အကြောင်းလေးပြန်ဆက်ကြစို့ ရဲ့။ အနှာလို အထက်မှာဆိုခဲ့သလို လူတွေက ကန်စွန်းရွက်ဈေးတက်၊ ကြက်ဥဈေးတက်၊ ပဲပြုတ်ဈေး တက်ဆိုပြီးသကာလ ‘တက်’ စကားကိုချည်း ကြားနေချိန်မှာ မြန်မာဘောလုံးအသင်းဗိုလ်လုပွဲ တက်တယ်ဆိုတာလေးပဲ ပြော စရာရှိတယ်။ ဒါပေတဲ့ အခု ကျုပ် ဆက်ပြောမယ့် ‘ဘော’ ကဘော တော့ဘောပဲ။ နို့ပေသိ ဘောလုံး မဟုတ်ဘူး။ အစိုးရတွေကြားက သဘောထားအပြောင်းအလဲကို ပြောမှာ။ နေရာတကာ ဘောလုံး ဘောလုံးနဲ့ တစ်ဘောတည်းဘောနေကြလို့ ခေတ်မီအောင်‘ဘော’လို့ အဖျားဆွတ်ခေါ်တာပါဗျာ။

သိကြပါရဲ့နော်။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ဘောလုံးကို အုန်း အုန်းကျွက်ကျွက်နဲ့ အာရုံစိုက်နေ တုန်းမှာ ဒေါ်အောင်ဆန်းစုကြည် က တရုတ်ပြည်ဆီ ခရီးထွက်သွား တယ်။ တရုတ်ပြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်လာဖို့ဖိတ်တယ်ဆိုတဲ့ စကားကို ကြားနေရတာတော့ ကြာပြီလေ။ ဒါပေမဲ့ အခုမှသွားဖြစ်တာပေါ့။ ကျုပ်တို့ ရွှေပြည်ကြီးသားတွေ မြန်မာလူငယ် ယူ-၂၃ ဘောလုံးအသင်းကို မျက်လုံးဒေါက် ထောက်ကြည့်နေသလိုပဲ တစ် ကမ္ဘာလုံးကလည်း ဒေါ်အောင် စုကြည်နဲ့ တရုတ်ရဲ့ဆက်ဆံရေး ကို မျက်တောင်မခတ်စောင့်ကြည့် လျက်ရှိနေကြသဗျ။

မကြည့်လို့ရရိုးလားဗျာ။ တရုတ်ပြည်လိုမျိုး တစ်ပါတီစနစ် နဲ့အုပ်ချုပ်တဲ့ နိုင်ငံမျိုးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်တစ်ယောက်ကို ဖိတ်ခေါ်တယ်။ ကော်ဇောနီးခင်း ပြီးကြိုတယ်။ တရုတ်သမ္မတ စီကျင်းပင်ကိုယ်တိုင်တွေ့တယ် ဆိုတဲ့ အရေးပေးအလေးထားမှု တွေဟာ ပေါက်ဖော်ကြီးတွေက ကမ္ဘာကြီးကို နိုင်ငံရေးပဟေဠိဖွက် နေသလိုပဲလေ။ ဘာလဲ ညာလဲ ပေါ့ဗျာ။ ခုနကလို ကြိုရအောင် ကလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာသိထင်ရှားလေးစားခံရ တဲ့အတိုက်အခံခေါင်းဆောင်တစ် ယောက်အဖြစ်ကလွဲလို့ သူဟာ အစိုးရအဖွဲ့အကြီးအကဲတစ် ယောက်မဟုတ်ဘူး။ နို့ပေတဲ့ တရုတ်ဘက်က နိုင်ငံ့ခေါင်း ဆောင်တစ်ယောက်ကို ကြိုသလို မျိုး ဧည့်ခံသလိုမျိုးကြိုဆိုဧည့်ခံနေ တာကိုးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်က ဘယ်လို ရလဒ်မျိုးတွေထွက်မယ်ဆိုတာ တော့မသိသေးပါဘူး။ ဆိုင်ရာနှစ် ဖက်စလုံးကလည်း အသေးစိတ် ထုတ်ပြန်တာတွေမရှိသေးဘူး။ နို့ပေတဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်စတင်လိုက် တဲ့နေ့မှာပဲ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့် အဖွဲ့က တစ်ဖက်သတ်စစ်ရပ်စဲ လိုက်တယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ တရုတ်ဘက်က လည်း ကိုးကန့်ပြဿနာနဲ့ပတ် သက်တဲ့ ထင်မြင်ချက်တွေထွက် လာတယ်။

မြန်မာအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည် တရုတ် ပြည်ခရီးစဉ်နဲ့ကပ်ပြီး လွှတ်တော် ထဲမှာ အခြေခံဥပဒေပါပုဒ်မ ၅၉ (စ)ကိုပြင်ဆင်တာတွေလုပ်နေပါ တယ်။ အနှာလိုပြင်ပေတဲ့ ဒေါ် အောင်ဆန်းစုကြည်အပေါ် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့အချက်တွေကိုတော့ဖြင့် တစ် စက်ကလေးမှမထိရေးချမထိပါ ပဲ။ ပြင်တယ်ဆိုတဲ့သဘောထက် ဘာမှတော့ တိုင်းပြည်အနာဂတ် အတွက် ထူးခြားလာဖွယ်ရာမရှိပါဘူး။ အလားတူ ဇာတ်မျောနေတဲ့‘ခြောက်ပွင့်ဆိုင်’နိုင်ငံရေးတွေ့ဆုံပွဲဆိုတာကလည်း မနက်ဖြန်(သို့မဟုတ်) ဘယ်သောအခါနဲ့တင် လမ်းဆုံးတော့မယ်ပုံပါပဲ။ ပြန်ကြားရေးဝန်ကြီးဆီကတော့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်တရုတ်ခရီးကပြန်လာရင် ရက်ညှိ ပြီးစီစဉ်မယ်ပြောတာပဲ။ ဒါပေတဲ့ ‘ဆောက်ဖြစ်မှကျောင်းဒကာ’လို့ သာမှတ်ပါလေ။

ခုနကစကားဆက်ရရင် ဒေါ်အောင်ဆန်းစုကြည်ကို ပေါက်ဖော်ကြီးတို့ဘက်က ဘာရည်ရွယ်ချက်တွေနဲ့ဖိတ်ခေါ်တာလဲ။ ဒီအတွက် ပေါက်ဖော်ကြီးတွေဆီမှာများ မြန်မာပြည်ဆိုင်ရာမူဝါဒအပြောင်းအလဲများရှိနေကြပြီလားဆိုတာကို နိုင်ငံရေးအကဲခတ်တွေကတော့ ခန့်မှန်းကြပါတယ်။ ဟောဒီက ဘစီလို ထီးထမ်းလမ်းလျှောက်ငပြိန်းကတော့ ဘာမှမမှန်းတတ်ပါဘူး။ လူပြိန်းအတွေးပဲရှိပါတယ်။

‘တိမ်တောင်သဖွယ် မင်းရေး ကျယ်’လို့ဆိုစကားရှိသားမို့လား။ နိုင်ငံရေးဆိုသဟာ ကောင်းကင် မှာပေါ်နေတဲ့တိမ်အရုပ်တွေလို ခဏချက်ချင်းပြောင်းလဲနေတာ မင့်ဟာ။ ဒါမျိုးကို ကျုပ်တို့အရပ် စကားမယ် အခုစာကလေး၊ အခု ဆီထမင်းဆိုပြီး ပြောတာပေါ့ လေ။ ကြည့်တတ်ရင် သင်ခန်းစာ ချည်းပဲဆိုတော့ကာ ကြည့်ဗျာ။ ကိုယ့်လူများသိတော်မူထားကြ တဲ့အတိုင်း တရုတ်အစိုးရဆိုတာ မြန်မာစစ်အစိုးရနဲ့ အလွန်ပုလဲနံ ပသင့်ခဲ့တာ။ အနောက်တိုင်းက အရေးယူဒဏ်ခတ်ထားတဲ့နှစ် တွေတစ်လျှောက်လုံးမှာ သူပဲ မြန်မာအစိုးရကို ကျားကန်ပေးခဲ့ တာ။ ဒီအတွက် ကိုယ့်ဘက်က တော့ သစ်တောလေး၊ တွင်းထွက် လေး ပြန်ပေးရတာမျိုးကတော့ ခြွင်းချက်ပေါ့။

ဟောဗျာ။ ၂၀၁၀ မှာ မြန်မာ ခေါင်းဆောင်တွေက ဒီမိုကရေစီ အပြောင်းအလဲဆိုသဟာ လုပ်ပါ တယ်လည်းဆိုရော မြန်မာအစိုးရ ကိုဒဏ်ခတ်တဲ့အနောက်အုပ်စုက မျက်နှာသာပြန်ပေးလာတယ်။ အစိုးရကလည်း အချစ်ဟောင်း တရုတ်ကြီးကို ‘ဝမ့်ဆွေ ဝမ့်ဆွေ’ နဲ့နှုတ်ခွန်းခြွေပြီး အနောက်အုပ်စုနဲ့ ရွှေလမ်းငွေလမ်းခင်းတာ အိုကေမှာစိုပြည်လို့။

‘မြနဲ့မောင်နဲ့ အခုမှတွေ့တာ’ဆိုတဲ့ခေတ်ဟောင်းသီချင်းလေးလိုပဲ။ အနောက်အုပ်စုကလည်း ချစ်ရတာနောက်ကျလှချည့်ဆိုပြီး သကာလလွှတ်ချစ်ပြနေတာ အမြင်တောင်မှကတ်စရာ။ ဒီလို နိုင်ငံရေး ဇာတ်ဝင်ခန်းသစ်မှာတစ်ချိန်ကအနောက်အုပ်စုရဲ့ ဦးခိုက်ရာဒေါ်အောင်ဆန်းစုကြည်တောင်မှ နောက်ရောက်သွားတာ ကာယကံရှင်တွေ ဝန်မခံလည်း မြင်နေရတာအရှင်းကြီးပဲ။

ဆိုတော့ တရုတ်ကလည်း မတတ်သာခပ်ခွာခွာနေရပေတဲ့ ပြတ်နေတဲ့ကြိုးကို ပြန်ဆက်ဖို့ တော့ ကြိုးစားချင်ကြိုးစားမှာပေါ့။ အချစ်ဟောင်းက သဘောပြောင်းပေတဲ့တစ်နေ့တော့ မောင်ပြန် လာမည်ဆိုတာလိုများ စိတ်လည် မလားကြံမိကြံရာရှိချင်လည်းရှိ မှာပေါ့။ ဒီမှာတင် ‘ရန်သူ့ရဲ့ရန်သူ ဟာ ကိုယ့်မိတ်တွေ’ဆိုတဲ့ မဟာ ဗျူဟာကိုခင်းကျင်းတဲ့အနေနဲ့ မြန်မာအစိုးရရဲ့ အတိုက်အခံဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်ရေးရာစောင့်ထိန်းရမယ့် ကျင့်ဝတ် တွေကိုတောင် ချိုးဖျက် ပြီးတော့ ဖိတ်ခေါ် ကြိုဆို ဧည့်ခံ၊ ဆွေးနွေး အလေးပေးအရေးတယူလုပ်တာနေမှာပဲဗျာ။

ဘောလုံးစကားနဲ့ပြောရရင် တော့ နိုင်ငံရေးဟာလည်း ဘော လုံးအားကစားလိုပဲ။ ဂိုးသွင်းနိုင်ဖို့ ဆိုတာ အသွက်အလက်အကွေ့ အပတ်အကွက်ကျကျ ချိတ်ဆက် ကစားရတာမျိုးကိုးခင်ဗျ။ တစ် ချိန်တည်းမှာ လူကျွံဘောမမိ အောင်လည်း သတိထားရတာ ပေါ့လေ။ အခုလည်း တရုတ်နဲ့ အနောက်အုပ်စုတို့သဘောထား အပြောင်းအလဲ အားပြိုင်ပွဲမှာ အနိုင်ဂိုးကို ဘယ်သူသွင်းနိုင်မလဲ ဆိုတာ ကျုပ်တို့စောင့်ကြည့်ရမှာ ပဲ။ ဟိုဘောလုံးပွဲကြေညာသူကြီး တွေလိုတော့ ပြိုင်ပွဲမပြီးသေးဘဲ မြန်မာနိုင်ပြီလို့တော့ဖြင့် ဟောဒီကဘစီခမျာ မအော်ရဲသေးကြောင်းပါဗျာတို့။ (ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်)
http://7daydaily.com/story/39549

No comments:

Post a Comment