Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

အမျိုးသမီးများဘ၀ ပိုမိုလုံခြုံရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားပေး



          ညစာ ထွက်စားချင်သည်။ အမျိုးသမီး တစ်ယောက်တည်း ထွက်လျှင် မြို့ထဲမှာ ဘယ်အပိုင်းတွေက ညပိုင်းမှာ စိတ်ချရလဲ သိချင်ပါသလား။ ကောလိပ်သွားသည့် သမီး အပြင်မှာ အန္တရာယ်မှ ကင်းပါရဲ့လား အိမ်ကနေ မိခင်က စောင့်ကြည့်ချင် ပါသလား။

          မြေပုံ အခြေခံ စမတ်ဖုန်းသုံး လုံခြုံရေးအပလီကေးရှင်းက အဖြေပေးနိုင်ပါ လိမ့်မည်။ Safetipin ဟု အမည်ရသည့် အပလီကေးရှင်း ထွက်ပေါ်နေပြီ။ နိုင်ငံတကာ ပရဟိတလုပ်ငန်း တစ်ခုဖြစ်သော Jagori က ဖန်တီး ထုတ်လုပ်ထားခြင်း ဖြစ်သည်။ နယူးဒေလီတွင် လက်တွေ့ စမ်းသပ်ထားရာ အောင်မြင်မှု ရနေသည်။ နယူးဒေလီ ရပ်ကွက်များအလိုက် ညပိုင်း လမ်းမီးထွန်းနှုန်း၊ လူဦးရေပမာဏ၊ သယ်ယူပို့ဆောင် ရေးစနစ်၊ ကျားမ အချိုးအစား စသော အချက်အလက် ပေါင်းများစွာကို ထည့်သွင်းတွက်ချက်ကာ မည်သည့် အပိုင်းများသည် အမျိုးသမီးများ ညပိုင်း အန္တရာယ်ကင်းသည်၊ မည်သည့်အပိုင်းများသည် အန္တရာယ် ဖြစ်နိုင်သည်ကို အပလီကေးရှင်းက သတိပေး မည်ဖြစ်သည်။ အမျိုးသမီးများအား အနိုင်ကျင့်မှုများ ဖြစ်ပွားဖူးသော နေရာများကို လည်း အဆင့်သတ်မှတ်သည့် နေရာတွင် ထည့်သွင်း တွက်ချက်ခြင်းဖြင့် အန္တရာယ် အနည်းအများ နေရာများကို ခွဲခြား ဖော်ပြ ပေးသည်။

          ထိုအပလီကေးရှင်းသည် ဖုန်း၏ ဂျီပီအက်စ်စနစ်ကို သုံးပြီးလည်း တည်နေရာကို အတိအကျ ဖော်ပြပေးနိုင်သဖြင့် သမီးဖြစ်သူ အန္တရာယ် ကင်းမကင်း သိနိုင်စေရန်အတွက် မိခင်ဖြစ်သူက အိမ်ကနေ စမတ်ဖုန်းဖြင့် စောင့်ကြည့်နိုင်မည်။ ကုလသမဂ္ဂ ကဦးဆောင်ပြီး အမျိုးသမီးများ အန္တရာယ် ကင်းရှင်းရေး စီမံကိန်း ထောင်ပေါင်းများစွာကို ကမ္ဘာတစ်ဝန်း ဖော်ဆောင်လျက် ရှိရာ မြို့ပြနေ အမျိုးသမီးများ အန္တရာယ်ကင်းရေး လှုပ်ရှားမှုတွင် Safetipin အပလီကေးရှင်းမျိုး တွေလည်း အများအပြား ထွက်ပေါ်နေပြီ။

          ကျေးလက်နေ အမျိုးသမီးများ အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုများ လုပ်နေသလို၊ မြို့ပြနေ အမျိုးသမီးများ အန္တရာယ် ကင်းရှင်းရေးအတွက်လည်း နည်းပညာ တိုးတက်မှုကို အသုံးချပြီး အသွင်တစ်မျိုးဖြင့် ဆောင်ရွက်လျက် ရှိသည်။ ကုလသမဂ္ဂ၏ လုံခြုံစိတ်ချ မြို့ပြလှုပ်ရှားမှု အစီအစဉ်တွင် အိန္ဒိယမှ နယူးဒေလီ၊ ပါပူအာ နယူးဂီနီမှ ပို့တ်မော်ရတ်စ်ဘီ အက်ကွေဒေါမှ ကွီတို စသဖြင့် မြို့တော် အများအပြား ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

          သက်ဆိုင်ရာ မြို့အသီးသီးရှိ အစိုးရ အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ ကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး အန္တရာယ် ကင်းသော မြို့ပြများဖြစ်အောင် ၀ိုင်းဝန်း ကြိုးပမ်းလျက်ရှိသည်။

          အန္တရာယ်မကင်းတဲ့ လူမှုဝန်းကျင်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဘ၀အရည်အသွေး တိုးတက်ခွင့်ကို ဘက်စုံ ထိခိုက်စေတယ်။ အန္တရာယ်များတဲ့ ၀န်းကျင်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အန္တရာယ်ကို ရှောင်နေရတဲ့အတွက် ပညာရေး၊ အလုပ်အကိုင်၊ အနားယူ အပန်းဖြေရေး၊ နိုင်ငံရေး စတဲ့ ဘယ်ကဏ္ဍမှာ မဆို ရာနှုန်းပြည့် ၀င်ဆောင်ရွက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရတယ်ဟု ကုလ အမျိုးသမီးများ အဖွဲ့ U.N.Women ၏ ဒုတိယ အမှုဆောင် အရာရှိချုပ် လက်စမီပူရီက ပြောသည်။

          ““ကမ္ဘာ့မြို့ပြ တော်တော်များများမှာ မိန်းကလေးငယ်တွေဟာ ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ်တောင် တစ်ယောက်တည်း လမ်းလျှောက်ပြီး ကျောင်းမသွားရဲ ဖြစ်နေရတယ်။ လမ်းမှာ နောက်ကလိုက် စတာ၊ သိက္ခာ ကျအောင် လုပ်တာ၊ လေချွန်ခံရတာ၊ ထိကိုင် ခံရတာထိ ကြုံနေရတာကြောင့် အမျိုးသမီးငယ် တွေဟာ ရပ်ကွက် ၀န်းကျင်မှာတောင် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်၊ တိုးတက်ခွင့် မရဘဲ ဖြစ်နေရတယ်””ဟု ၎င်းက ဆက်လက် ပြောကြားသည်။

          ကမ္ဘာ့အမျိုးသမီး သုံးပုံတစ်ပုံသည် နှုတ်အား ကိုယ်အားဖြင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အနိုင်ကျင့် ခံရခြင်းမှသည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရခြင်းများထိ ခံနေရကြောင်း U.N.Women က ပြောသည်။

          ကမ္ဘာ့နိုင်ငံ အသီးသီးသည် အမျိုးသမီး များအား ပိုမို ကာကွယ်ပေးနိုင်ရေး အတွက် ဥပဒေများ ထုတ်ပြန်၊ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင် နေကြသည့်တိုင် စည်းချက်ညီ ဆောင်ရွက်နိုင်စွမ်း နည်းပါး နေဆဲဖြစ်သလို၊ ၊တို့၏ အားထုတ်ချက် များက အမျိုးသမီးများကို မည်မျှထိ ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်းလည်း အကဲဖြတ်ခြင်းမရှိကြောင်း ကျွမ်းကျင်သူများက ဝေဖန်ပြောကြားထားသည်။

မလုံခြုံမြို့များမှသည် လုံခြုံမြို့များဆီသို့

          ၂၀၁၂ ဒီဇင်ဘာတွင် လိုင်စင်မဲ့ ဘတ်စ်ကား တစ်စီးပေါ်၌ တက္ကသိုလ် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ်္မကျင့်မှု ဖြစ်ပွားပြီး နောက်ပိုင်းကစကာ နယူးဒေလီမြို့သည် အမျိုးသမီးများအား လိင်အကြမ်းဖက်နှုန်း မြင့်မားသော မြို့အဖြစ် နာမည်ပျက်နဲ့ ကျော်ကြားခဲ့သည်။ နယူးဒေလီမှာ လူဦးရေ ၂၅ သန်း ရှိသည်။ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်း၊ အနိုင်ကျင့် နှိပ်စက်ခြင်းများကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ကျောင်းသူ သေဆုံး သွားရသည်တွင် အိန္ဒိယနိုင်ငံတစ်ဝန်း အမျိုးသမီးများအား အနိုင်ကျင့် နှိပ်စက်ခြင်းများ ရပ်တန်းကရပ်ဖို့ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အဓမ္မကျင့်ခံရသော အမျိုးသမီးများ အနေဖြင့်လည်း ငုံ့ခံမနေဘဲ ရဲရဲ ၀ံ့ဝံ့ ရှေ့ထွက်ကာ တိုင်ကြားကြဖို့ အားပေး လှုံ့ဆော်ခဲ့ကြသည်။ အကျိုးဆက်အဖြစ် အဓမ္မကျင့်ခံရမှုဖြင့် တိုင်ကြားလာသော အမျိုးသမီး ပမာဏသိသိသာသာ တိုးပွားလာခဲ့သည်။ နယူးဒေလီတွင် ၂၀၁၃ ခုနှစ် က အဓမ္မပြုကျင့်ခံရကြောင်း တိုင်ကြားမှု (၁၆၃၆) မှု ရှိခဲ့ရာမှ ၂၀၁၄ တွင် (၂၁၆၆) မှုထိ ရောက်ရှိလာခဲ့ကြောင်း ရဲမှတ်တမ်း များအရ သိရသည်။ တစ်နှစ်အတွင်း တိုင်ကြားမှု (၃၂)ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။

          ““စားသောက်ဆိုင်တွေနဲ့ လူတွေ စည်စည်ကားကားရှိတဲ့ ဈေးပိုင်းလို နေရာမျိုးဟာ လူများတဲ့အတွက် အမျိုးသမီးတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အန္တရာယ်မကင်းတဲ့ တစ်ခြား နေရာများစွာလည်း ရှိနေပါသေးတယ်””ဟု ဒေလီမြို့ တောင်ပိုင်းတွင် နေထိုင်သော အသက် (၂၂)နှစ်အရွယ် ကျောင်းသူ ရက်စ်မီက ပြောသည်။

          ကုလ၏ လုံခြုံစိတ်ချ မြို့ပြလှုပ်ရှားမှု တွင် နယူးဒေလီ၊ ပို့တ် မော်ရတ်ဘီ၊ ကွီတို၊ ကီဂါလီ၊ ကိုင်ရျို စသဖြင့် ကမ္ဘာ့မြို့ပြ  (၂၅)  ခု ပါဝင် လှုပ်ရှားနေကြပြီ။ မှောင်သောအပိုင်း များတွင် လမ်းမီးတိုင်များ စိုက်ထူခြင်း၊ အများသုံး အိမ်သာများ စနစ်တကျ တည်ဆောက်ပေးခြင်း၊ အရေးပေါ် ဖုန်းလိုင်းများ တိုးချဲ့ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုများကို ပိုပြင်းထန်စွာ အရေးယူမည့် ဥပဒေများ ပြဌာန်းခြင်းစသော နည်းလမ်းများ ဆောင်ရွက်နေကြသည်။

          တစ်မြို့ချင်းစီးသည် အမျိုးသမီး များအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ အပေါ်မြို့ခံများ မည်သို့  သဘောထားကြောင်းကို သဘောထား စစ်တမ်းများ ကောက်ယူ နေကြသည်။ ထိုသဘောထား စစ်တမ်း များကို သုံးသပ်စိစစ်ခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ဖြစ်ပွားစေသည့် အကြောင်းရင်းများကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းရင်းများကို သိရှိပါက တစ်မြို့ချင်းအလိုက် လိင်အနိုင်ကျင့်နှုန်းများ ကျဆင်းသွားအောင် ကုစားရမည့် နည်းလမ်းများကိုလည်း ဖော်ထုတ်နိုင်လာမည် ဖြစ်သည်။ လိင်အနိုင်ကျင့်မှုများ အပေါ် မြို့ခံ ပြည်သူများမည်သို့ သဘောထားကြောင်းကို ငါးနှစ်တစ်ကြိမ် သဘောထား စစ်တမ်း ကောက်ယူရန်လည်း စီစဉ်ထားသည်။

          ဥပမာအားဖြင့် ဒေလီတွင် ၂၀၁၂ခုနှစ် က ကောက်ယူထားသော စစ်တမ်းအရ အမျိုးသမီး (၉၀) ရာခိုင်နှုန်းထိသည် လူမြင်ကွင်းမှာပင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု တစ်မျိုးမျိုးနဲ့ ကြုံရဖူးကြောင်း သဘောထား ဖော်ပြကြသည်။  ငါးရာခိုင်နှုန်းကသာ ဒေလီတွင် လုံခြုံစိတ်ချစွာ နေထိုင်ရသည် ဟုသဘောထား ပေးကြသည်။ ထိုသဘောထား စစ်တမ်းမျိုးကို အခြေခံပြီး အမျိုးသမီးများကို အနိုင်ကျင့်မှု ဖြစ်ပွားမှုများသည့် နေရာများတွင် ဖြစ်ပွားမှု နည်းသွားအောင် အစီအမံများ ဆောင်ရွက်ခြင်းအပါအ၀င် အမျိုးသမီးများ လိုအပ်ချက် နှင့်ကိုက်ညီမည့် ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ပေးနိုင်လာသည်။

          Safetipin ကဲ့သို့ အမျိုးသမီးများ လုံခြုံရေး စောင့်ကြည့်ပေးနိုင်မည့် စမတ်ဖုန်း အပလီကေးရှင်းမျိုး ဖန်တီးမှုအပြင် အမျိုးသားများအနေဖြင့် အမျိုးသမီးများအား မှန်ကန်သော အမြင်ဖြင့် ရှုကြည့်တတ် လာကြစေရေး အတွက် ပညာပေးမည့် အပလီကေးရှင်းများလည်း ထုတ်လုပ်လာကြသည်။

          တစ်ချိန်တည်းမှာပင် ဘတ်စ်ကားများ၊ ရဲစခန်းများတွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ခြင်း၊ တက္ကစီတိုင်းတွင် ဂျီပီအက်စ်စက် တပ်ဆင်စေခြင်း၊ လိင်အနိုင်ကျင့်မှုများကို မြန်ဆန်စွာ ကိုင်တွယ် အပြစ် ပေးနိုင်မည့် သီးသန့် တရားရုံးများ ထူထောင်ခြင်းများဖြင့်လည်း လိင်အနိုင်ကျင့်မှုနှုန်း လျော့သွားအောင် ဆောင်ရွက်နေသည်။

လုံခြုံရေး စာရင်းစစ်

          အခြားသော မြို့များသည်လည်း မိမိတို့မြို့နှင့် ကိုက်ညီသော အားထုတ်မှုများ ပြုနေကြသည်။ ဥပမာအားဖြင့် ကိုင်ရိုတွင် မြို့ပြ စီမံခန့်ခွဲရေး ၀န်ကြီးဌာနသည် အမျိုးသမီးများ ဘေးကင်းလုံခြုံမှုကို စာရင်း ပြုစုကာ စနစ်တကျ စာရင်းစစ်မည့် ဌာနကိုပါ ထူထောင်ထားပြီး ထိုဌာန၏ စာရင်းများကို အခြေခံကာ အမျိုးသမီးများဘ၀ ပိုမိုလုံခြုံမှုရှိမည့် မြို့ပြပုံစံများ ရေးဆွဲလျက် ရှိသည်။

          ပါပူအာ နယူးဂီနီ၏မြို့တော် ပို့တ်မော်ရတ်စ်ဘီတွင် ဈေးများကို အဆင့်မြှင့်တင် ပေးလျက်ရှိသည်။ (၈၀) ရာခိုင်နှုန်းသော ဈေးသည်များသည် အမျိုးသမီးများ ဖြစ်သည်။ ဈေးအဆောက်အအုံများ အဆင့်မြှင့်ပေးခြင်း၊ အိမ်သာ ရေချိုးခန်းများ ကောင်းမွန် စနစ်ကျအောင် ပြင်ဆင် ဆောက်လုပ်ပေးခြင်း၊ ဈေးတန်းများ သပ်ရပ်ကောင်းမွန်အောင် မွမ်းမံပေးခြင်း၊ ရေကို အလွယ်တကူရအောင် ဘုံဘိုင်များ တိုးမြှင့်ပေးခြင်း၊ ဈေးသည်များဆိုင်ရာ အစည်းအရုံး ထူထောင်ပေးခြင်းစသည်ဖြင့် အမျိုးသမီးများဘ၀ မြင့်မားလာရေး ဖြည့်ဆည်းပေးလျက် ရှိသည်။

          မြို့ပြ အခြေခံ အဆောက်အအုံများ တိုးမြှင့်ပေးရုံ တစ်ခုတည်းနှင့်တော့ အမျိုးသမီးများအား လိင်အနိုင်ကျင့်မှု ပပျောက် သွားအောင် ရာနှုန်းပြည့် မဆောင်ရွက်သေး။ အမျိုးသမီးများအား လိင်သားကောင်များ အဖြစ်ရှုမြင်နေသော သဘောထားများကိုပါ ပြောင်းပစ်နိုင်မှ ဖြစ်မည်ဟုလည်း မြို့ပြ စီမံခန့်ခွဲသူများက ဆိုလိုက်ကြသည်။

          ကီဂါလီ (ရ၀မ်ဒါ မြို့တော်) မှာ လမ်းသစ်ဖောက်တိုင်း လမ်းမီး စနစ် မပါမဖြစ် ပါရမယ်လို့ သတ်မှတ်ထားတယ်။ အဲဒီလို လမ်းမီးလင်းတဲ့ လမ်းတွေဟာ အမျိုးသမီးတွေ ညနေခင်းနဲ့ ညဘက်ထိပါ အလုပ်လုပ်ပြီး ဘေးကင်းကင်း အိမ်ပြန်နိုင်အောင် ကူပေးနိုင်တယ်။ လမ်းမီးလင်းနေတာဟာ လိင်အနိုင်ကျင့်မှုတွေ ပပျောက်သွားတဲ့ထိ ကူမပေးနိုင်ပေမယ့် သိသိသာသာ လျော့နည်းသွား အောင်တော့ ကူပေးနိုင်တယ်ဟု ကီဂါလီ ဒုတိယ မြို့တော်ဝန် ဟုပ်တူမူကန်ဒီက ပြောသည်။

          ““မြို့ပြ အခြေခံ အဆောက်အအုံ မြှင့်တင်ပေးလိုက်ရုံနဲ့လည်း ကျွန်တော်တို့ ရပ်မနေသေးပါဘူး။ အမျိုးသမီးတွေကို လိင်သားကောင်တွေအဖြစ် ရှုမြင်နှုန်း ကျဆင်း သွားအောင်လည်း အနုပညာလှုပ်ရှားမှု တွေနဲ့ ဆောင်ရွက်တယ်။ အမျိုးသမီးတွေကို အမြင်မှန်နဲ့ ကြည့်မြင်တတ်ရေး အားပေးတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ကျင်းပပေးတယ်။ သီချင်းတွေဟာ လူထုကြားကို တွင်တွင်ကျယ်ကျယ် ရောက်နိုင်စွမ်း ရှိတယ်။ သီချင်းတွေက အသိပညာ ကောင်းကောင်း ပေးနိုင်တာနဲ့အမျှ လူထုရဲ့ သဘောထား ကလည်း သိသိသာသာ ပြောင်းလာတယ်””ဟု မစ္စတာ တူမူကန်ဒီက ပြောကြား သွားသည်။

Ref: From Delhi to Port Moresbyç cities take baby steps to make women feel safer by Nita Bhalla (channelnewsasia.com)

http://www.messengernewsjournal.com/news/Article/detail.php?id=38352

No comments:

Post a Comment