Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ပရိသတ်အကြိုက်ဆုံးကစားသမား ဘယ်သူလဲ

ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ ဘောလုံးအသင်းသည် ငွေတံဆိပ်ဆုနှင့်အတူ အမိမြေသို့ မနက်ဖြန် ဇွန်လ ၁၇ ရက်တွင် ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်သည်။ 
သန်း ၅၀ ကျော်သော မြန်မာပရိသတ်များအတွက် ရွှေအိပ်မက်ပင် မက်ခွင့်ပေးခဲ့သည့် အယောက် ၂၀ သော ကစားသမားတို့၏ စွမ်းအားကို အားလုံးမြင်တွေ့ခဲ့ရပြီးပါပြီ။
ပွဲထွက်ကစားသမားများ၊ ကစားခွင့်မရခဲ့သည့်တိုင် အရန်ခုံတွင်ထိုင်ရင်း အသင်းအတွက် အသင့်ရှိနေခဲ့သည့် ကစားသမားများ၊ ယူ-၂၃ အသင်းကို ဦးဆောင်ပဲ့ကိုင်ခဲ့သောနည်းပြများသည် မနက်ဖြန်ညနေ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာမည့် ငွေတံဆိပ်ဆု၏ အဓိက စွမ်းဆောင်ရှင်များဖြစ်ပါသည်။
နိုင်ငံအတွက် စွမ်းစွမ်းတမံ ရေကုန်ရေခန်းကစားခဲ့ကြသည့် ကစားသမားအားလုံးအနက် ပွဲစဉ်တိုင်းလိုလိုတွင် ပရိတ်သတ်ဘ၀င်၌စွဲထင်စေခဲ့သည့် ကစားသမားများကိုလည်း ပွဲပြီးသည့်တိုင် တသသချီးကျူးဂုဏ်ပြုမဆုံးဖြစ်ကြရသည်မှာ ထုံးစံလိုလိုဖြစ်သည်။ ယခု ဆီးဂိမ်းပြိုင်ပွဲအပြီး ပရိသတ်စိတ်တွင်စွဲထင်စေခဲ့ဆုံးသော ကစားသမား မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် 7Day News Journal က သဘောထားစစ်တမ်းတစ်ခု 7Day News ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် မေးမြန်းဖြစ်ခဲ့ပါသည်။
ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီ စစ်တမ်းပိတ်ချိန်ထိ စစ်တမ်းလွှင့်တင်ခဲ့သည့် ၁၇ နာရီအတွင်း သဘောထားပေးသူအားလုံး၏ ၈၅ ရာခိုင်နှုန်းက ရွှေလက်ပိုင်ရှင်ဟု တင်စားနေကြသော ဂိုးသမား ကျော်ဇင်ဖြိုးကို အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြသည်။
ဆီးဂိမ်းပွဲစဉ်တစ်လျှောက် အသင်းအတွက်၊ နိုင်ငံအတွက် သွင်းဂိုးစုစုပေါင်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် ကွင်းလယ်တိုက်စစ်မှူး စည်သူအောင်ကို ပရိသတ် ၆ ရာခိုင်နှုန်းဖြင့် ဒုတိယအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပြီး သွင်းဂိုး ၃ ဂိုး သွင်းပေးခဲ့သည့် အသင်းခေါင်းဆောင်နေလင်းထွန်း၊ သွင်းဂိုး ၁ ဂိုး သွင်းပေးခဲ့သည့် ရှေ့တန်းတိုက်စစ်မှူး ကောင်းဆက်နိုင်နှင့် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့သည့် ရှေ့တန်းကစားသမား ရှိုင်းသူရတို့အား သဘောထားပေးသူများက ၃ ရာခိုင်နှုန်းဖြင့် တတိယအကောင်းဆုံးကစားသမားများအဖြစ် ရွေးချယ်ပေးခဲ့ကြသည်။

No comments:

Post a Comment