Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

ကျွန်ုပ်အား မျိုးမစောင့်သူစာရင်းသို့ သွတ်သွင်းခဲ့သည့် ကြက်ကြော်နှစ်တုံး|| သရော်စာဆောင်းပါး - မင်းဒင် ||

( တစ် )

တစ်နေ့သ၌ ယိုးဒယားပြည်၊ ဖူးခက်မြို့၊ အမ်မခန်အရပ်တွင် မိုးကြီးသည်းစွာ ရွာသွန်းလျက်ရှိ၏ ။ အားကောင်းလွန်းလှသောမိုး သည်းထန်စွာ ရွာသွန်းနေပုံမှာ နိုင်တုန်းထင်တိုင်းကြဲ လေ့ရှိသော လူမိုက်တို့၏ လုပ်ရပ်ကို အောက်မေ့သတိရဖွယ် ကောင်းလှပါ၏ ။ ကျွန်ုပ်သည် ပြတင်းတံခါးဆီမှနေ၍ မိုးရှုခင်းကို အနုလုံ ပဋိလုံ ဆင်ခြင်သုံးသပ်ရင်း အုန်းသီးခွဲစားရမည် လော၊ နွားနို့သောက်ရမည်လော ဒွိဟစိတ်ပွားနေမိစဉ်မှာပင် ခြံဝဆီမှ အသံပြဲကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။

“ဗျို့၊ ဆြာဒင်၊ ခြံတံခါးဖွင့်စမ်းပါဗျ”

ရေးကြီးသုတ်ပျာနိုင်လှသော အသံကြောင့် ကျွန်ုပ်ကပျာကယာ ပြေးတဲ့၍ ခြံတံခါးကို ဖွင့်ပေးလိုက်မိသည်တွင်ကား ကြွက်စုပ်တို့ ရေဆိုးမြောင်းထဲမှာ ရေမွန်းသဖြင့် ထွက်လာသည့် ပုံစံမျိုးဖြင့် ကျွန်ုပ်၏ စုတ်တီးစုတ်ချာ တပည့်ကျော်သုံးကောင်ကို စိတ်မသက်သာစဖွယ် မြင်တွေ့ ရလေသည်။

သည်သကောင့်သားတို့ကို မြင်တွေ့ လိုက်ရသည်နှင့် ကျွန်ုပ်၏ ရင်မှာ ထိတ်ခနဲဖြစ်ရ၏ ။ သည်မျှမိုးကြီး သည်းထန်နေချိန်တွင် ငပျင်းသုံးကောင် အဘယ်အကြောင်းကြောင့် ဝီရိယကြီးစွာ တစ်စုတစ်ဝေး မျက်နှာစုံညီ ကျွန်ုပ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြလေဘိသနည်း ထူးလှချေသည်။ ထို့ထက်မက သင်းတို့၏ မျက်နှာပေးသည် ပို၍ထူးခြားသည်ဟုပင် ဆိုရပေမည်။ ရှုပါလော့။

သင်းတို့၏ မျက်နှာပေးသည် ကလေက၀များ ဂေါပကလူကြီးယောင်ဆောင်လျက် သူတော်ကောင်း မျက်နှာပေးကိုယ်စီနှင့်ဖြစ်၏ ။ မည်သို့သော ပုဂ္ဂိုလ်ထူးက မြှောက်ပင့်ပေးလိုက်သည်မသိ သင်းတို့ဟန်ပန်မှာ မည်းမည်းမြင်ရာ စွတ်ကိုက်မည့် အိုက်တင်မျိုးနှင့် ဖြစ်ကြ၏ ။

တပည့်ရင်းတို့ပင် ဖြစ်လင့်ကစားသည် ပုံစံသည်အချိုးမျိုးတွင် အန္တရာယ်၏ အငွေ့အသက်တို့ ကပ်ငြိပါဝင်နေတတ်သည်ဖြစ်ရာ ကျွန်ုပ်လည်း သတိကြီးစွာထားလျက် တံခါးဖွင့်ပေးရင်း တလေးတစား ခရီးဦးကြိုဆိုလိုက်ရ ချေသည်။

“အထဲကို ဝင်ကြလကွဲ့။ မောင်တို့နှယ် မိုးစဲမှ လာကြရောပေါ့။ ဒီလောက် မိုးကြီးသည်း နေတာ ဖျားနာနေမှဖြင့်ဒုက္ခ”

( နှစ် )

တပည့်ကျော်တို့အား ကျွန်ုပ်၏ အလေးတယူပြုမှုကို မသိကျိုးကျွန် ပြုနေဟန်ရှိပြီး အိမ်တွင်းသို့ ရောက်မဆိုက်ပင် ကြောင်သူတော် မျက်နှာပေးနှင့် လေမင်းသားကစကားစ၍ဆို၏ ။

လေမင်းသား - သတင်းထူးလို့ လာပြောတာဗျ ဆြာဒင်ရ။ ချောင်းဦးတရားရုံးကအမှု ဆြာဒင်သိတယ်မဟုတ်လား။

ကျွန်ုပ် - ဪ ... ဟောပြောပွဲမှာ စ ကားအသုံးအနှုန်း နည်းနည်းကြမ်းသွားတဲ့ စာ ရေးဆရာရဲ့ အမှုထင်ပါရဲ့။

လေမင်းသား - နည်းနည်းကြမ်းတာ မဟုတ်ဘူးဗျ။ ဒါဟာ ဘာသာ၊ သာသနာကို စော်ကားတာ။

ကျွန်ုပ် - ဟုတ်ပါပြီမောင်။ သူမှားတယ်ပဲထားပါဦး။ ကျုပ်တို့ ဘာသာတရားအရ ဝန်ချတောင်းပန်ရင်ဖြင့် ခွင့်လွှတ်ကျေအေးလိုက်တာ မင်္ဂလာတရားနဲ့ မညီပေဘူးလား မောင်တို့ရယ်။

လေမင်းသား - တပည့်တို့ရဲ့ အမျိုးဘာသာသာသနာ အထူးစပါယ်ရှယ် လေးစားသူ များအဖွဲ့မှာ ခွင့်လွှတ်တယ်ဆိုတာ မရှိဘူး ဆြာ။ အခုဒီလူ့ကို မှတ်လောက်သားလောက်အောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ်ချ လိုက်ပြီ။ အဲဒါ ဆြာဒင်ဝမ်းသာရအောင် လာသတင်းပို့တာ။ အမျိုးဘာသာ သာသနာအတွက် မင်္ဂလာသတင်းပေါ့ဗျာ။ ရော့ ဒီမှာကြည့်။ တပည့်တို့ရဲ့ အမာခံအင်အားစုတွေ တရားရုံးရှေ့ အရောက်သွားပြီး တွန်းအားပေးခဲ့ကြတဲ့ ဓာတ်ပုံတွေ ။

ကျွန်ုပ် - အမလေး၊ သောက်ကျိုးနည်း၊ လူတစ်ဖက်သားကို ထောင်ချလိုက်တာ မင်္ဂလာသတင်းတဲ့လား မောင်တို့ရယ်။ ဘုရား၊ ဘုရား တစ်နိုင်ငံလုံး အမြဲမင်္ဂလာရှိနေအောင် ထောင် တွေ ထပ်ချဲ့မယ့်ကိန်းပါကလား။ ဒီလိုအယူအဆမျိုး၊ မောင်တို့ခေါင်းထဲကို ဘယ်သူများရိုက် သွင်းလိုက်ပါလိမ့်။

ကျွန်ုပ်၏ နှုတ်မှ ရုတ်ခြည်းအမှတ်မထင်ပွင့် အံသွားသော စကားသံကြောင့် သင်းတို့သုံး ဦး၏ မျက်နှာတို့သည် အတန်ငယ် တင်းမာ သွားဟန် ရှိသည်ကို ကျွန်ုပ်ကောင်းစွာ သတိ ပြုမိသည်။ လေမင်းသား၏ ဘေးမှာ ကပ်လျက် ရပ်နေသော ကပ္ပလီငယ်သည် ချက်ချင်းပင် လေမင်းသားဘက်မှ စစ်ကူအဖြစ် ဝင်ရောက်လာပြန်ခဲ့ချေသည်တမုံ့။

( သုံး )

ကပ္ပလီ - တပည့်တို့ရဲ့ ဆရာရင်း၊ ဘုန်းတော်ကြီးရဲ့ အယူဝါဒကိုဖြင့် ကလန်ကဆန် လုပ်မယ်မကြံလိုက်ပါလေနဲ့ ဆြာ။

ကျွန်ုပ် - နေပါဦးမောင်ရယ်။ မောင်လည်း ရဲရဲတောက် ဗုဒ္ဓဘာသာဝင်ကြီးမို့ ကာလာမ သုတ်လောက်ကိုဖြင့် ကြားဖူးနားဝ ရှိမယ်ထင်ပါရဲ့။ ကြားဖူးဖတ်ဖူးကာမျှနှင့် အတည်မယူ လေနဲ့၊ အစဉ်အဆက် ပြောဆိုလာကာမျှနှင့် လည်း အတည်မယူလေနဲ့၊ နောက်ဆုံး ဆရာသမားမိဘ ပြောတာတွေ ကိုတောင် ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်သုံးသပ်ပြီး အကျိုးရှိ မရှိ ဆန်းစစ်သင့်တယ်ဆိုတာ ဆုံးမတဲ့ ဘုရားဟောသုတ္တန်လေ။

ကပ္ပလီ - ဟုတ်ပြီ ဆြာဒင်။ ဆြာသေချာ မှတ်ထားဖို့က အဲဒီကာလာမသုတ္တန်ကိုလည်း အတည်မယူပါလေနဲ့။

ကျွန်ုပ် - မြတ်စွာဘုရား။ မှတ်သားထိုက်ပါဘိ။ ဒါဖြင့်ဘယ်ဟာကို အတည်ယူရမတုံး မောင်ရယ်။

ကပ္ပလီ - တပည့်တို့ ခေါင်းဆောင်ဘုန်းကြီး ပြောသမျှကို အကုန်လက်ခံလိုက်တာ အကောင်းဆုံးပေါ့ဗျာ။

ကျွန်ုပ် - ဟေ ... သေချာရှင်းအောင် မိန့်ပါဦးမောင်ရယ်။ ကျုပ်ကို ဉာဏ်မမီတဲ့သူအဖြစ် သဘောထားပါနော်။

ကပ္ပလီ - အာ ... ဆြာယောင်ယောင်၊ ဘာယောင်ယောင်နဲ့ အတော်ညံ့တဲ့လူပါလား။ ကျုပ်တို့ဘုန်းကြီးက ကာလာမသုတ် တင်မကဘူး။ ကျန်တဲ့ အခြားအခြားသော ပါဠိပိဋကတ်တော်တွေ ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ ကိုယ်တော်ခင်ဗျ။ ဒါကြောင့် သူပြောတာ အကုန်မှန်တယ်လေ။

ကပ္ပလီ၏ လေယူလေသိမ်းကို အကဲဖမ်းရသည်မှာ ဟောရင်းသာ မတ်တတ်က ပျံလွန်ရမည့်ကိန်းဖြစ်၍ ကျွန်ုပ်မှာ အမြီး ကို အသာကုပ်လိုက်ရင်း လေပြည်ထိုးရချေ သည်။

“ကဲပါမောင်ရယ်။ ကျုပ်တို့ဆြာတပည့်တွေ ကြား အကျယ်အကျယ် မငြိမ်းဖွယ် အငြင်းအခုံတွေ ရပ်ကြပါစို့ရဲ့။ ဘုရားရှင် အဆက်ဆက် မိန့်မြွက်တော်မူခဲ့သလို မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထားဖို့သာ လိုရင်းမဟုတ်လားကွယ်”

ဤတွင် ကျွန်ုပ်တို့စကားဝိုင်းကို အထူးစိတ်ဝင်စားစွာ စောင့်ကြည့်လေ့လာလျက်ရှိသော ကျွန်ုပ်၏ မအူမလည် တပည့်ကျော် အာရုံ ခေါ် ဖေကြည်၏ နှုတ်မှ တည်ကြည်လေးနက်စွာမိန့် ကြားလာပြန်ချေသည်။

( လေး )

ဖေကြည် - ဆြာတပည့်ချင်းမို့ သတိပေးရဦးမယ်။ ဆြာဒင်အနေအထိုင်၊ အပြောအဆို၊ အသွားအလာ ကြပ်ကြပ်ဆင်ခြင်ပါဗျာ။ တပည့်တို့ဟာ အမျိုးဘာသာ၊ သာသနာကို ထိပါးလာလို့ကတော့ ဆြာရင်းတပည့်ရင်းလည်း အားနာခွင့်လွှတ်လို့ မရဘူးနော်။ ပြတ်ပြတ်သားသား နှိပ်ကွပ်ပစ်မှာ။ အခုတောင် ဖေ့စ်ဘွတ် စာမျက်နှာတွေပေါ်မှာ ရင်သားကြီးကြီးနဲ့ ဓာတ်ပုံတင်လိုက်တဲ့ စာရေးဆရာမလေးကို တည်ဆဲဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ တပည့်တို့ နေ့ မအားညမနား လုံးပန်းနေပြီဆိုတာ ဆြာ့ကို အသိပေးတယ်။ ဆြာဒင်ပြောပေါက်ဆိုပေါက် တွေ ဟာ အမျိုးဘာသာသာသနာကို စော်ကားရာကျနေတာကို ဆင်ခြင်ပါဗျာ။ တပည့်တို့ အနီးကပ်စောင့်ကြည့်နေမှာနော်။

ဖေကြည်၏ စကားအဆုံးတွင် တပည့်ကျော်သုံးဦးသည် ကျွန်ုပ်အား လောကဝတ်အရ နှုတ်ဆက်သမှုပင် မပြုတော့ဘဲ ကျွန်ုပ်၏ အိမ်ဂေဟာအတွင်းမှနေ၍ တင်းမာသော မျိုးချစ်အာဇာနည်ကြီးများ၏ မျက်နှာထားကိုယ်စီဖြင့် ရင်ကို တင်းတင်းကော့လျက် ပြန်လည် ထွက်ခွာတော်မူကြလေကုန်၏ ။

ကလိယုဂ် ခေတ်ဆိုးခေတ်ကြပ်ကြီးထဲတွင် တပည့်တို့၏ သွန်သင်ချက်သော်မျှ ဆန့်ကျင် ရန်မသင့်လေသည် မဟုတ်တုံလော။ ကျွန်ုပ် သည် ထိုနေ့ထိုရက်မှစ၍ အမျိုးဘာသာသာသနာနှင့် စဉ်းငယ်မျှငြိစွန်းမည့် အပြောအဆို အနေအထိုင်တို့ကို အထူးဆင်ခြင်ခဲ့၏ ။ ဘာသာတရားချင်းအငြင်းအခုံဖြစ်ရမည့် ကိစ္စရပ် မှန်သမျှ နှုတ်လေစမျှပင်မဟခဲ့ဘဲ သတိကြီးစွာဖြင့် အထူးရှောင်ကြဉ်ခဲ့ပါ၏ ။

သို့သော် ကျွန်ုပ်၏ စောင့်ထိန်းဆင်ခြင်မှုမှာ ပြည့်စုံလုံလောက်မှု မရှိကြောင်း တမြန်နေ့က ဝင်လာခဲ့သည့် ဖုန်းကောလ်တစ်ခုက သက်သေခံလျက်ရှိ၏ ။ တယ်လီဖုန်းခေါ်ဆိုသူကား ဖူးခက်တစ်မြို့တည်းနေ ဟိုတယ်မန်နေဂျာကလေး ကျော်ကျော်ခိုင် (ခေါ်) ဂျိုးဖြစ်၏ ။

“ဟယ်လို ဆြာဒင် ... ဆြာဟာ မျိုးမစစ် တဲ့သူစာရင်းဝင်သွားပြီနော်”

“ဟေ”

“မဟေနဲ့ဆြာ။ ဆြာ့တပည့်ကျော်တွေ ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ စတေးတပ်၊ ဓာတ်ပုံနဲ့ ကွန်မင့်တွေ ကိုသာ ဖတ်ကြည့်ပေတော့”

ကျားသားမိုးကြိုး၊ ဘာတွေ ဖြစ်ကုန်ပြီနည်း။ ကျွန်ုပ်လည်း အလန့်တကြား အဆောတလျင်ပင် ဖေ့စ်ဘွတ်စာမျက်နှာကို ဖွင့်လျက် တပည့်ကျော်တို့၏ သဘောထားကြေညာချက်ကို ရင်တုန်ပန်းတုန်ဖြင့် ဖတ်ရှုရ၏ ။ တွေ့ ပါချေပြီ။

တင်ထားသော စတေးတပ်စာသားကား “အမျိုးကိုမစောင့်သော ဆြာဒင်၊ ဘာသာ သာသနာ၏ သစ္စာဖောက်လောက်ကောင်” ဟူ၏ ။

ပူးတွဲဖော်ပြထားသော အထောက်အထား ဓာတ်ပုံမှာ မဟာမေဒင်ဘာသာဝင် ခေါင်းမြီး ခြုံပဝါဆောင်းထားသည် အမျိုးသမီးကြီးတစ်ဦးနှင့် မျက်နှာချင်းဆိုင် ရပ်နေပုံဖြစ်လေသည်။

( ငါး )

အဆိုပါဓာတ်ပုံ၏ အောက်တွင် တပည့် ကျော်တို့ဘက်မှ ထောက်ခံအားပေးကြသူများ ၏ မှတ်ချက်ကွန်မင့်များမှာ ပြင်းထန်လှချေ သည်။

“မျိုးမစစ်ငဒင်အလို မရှိ၊ အလို မရှိ”

“သာသာခြားနှင့် အရောတဝင်ဆက်ဆံသူ တို့ရန်သူ၊ တို့ရန်သူ”

“ငဒင်ကို အမျိုးသားရေးသစ္စာဖောက်၊ ဘာသာတရား စော်ကားသူအဖြစ် ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ”

(အခြားသော မှတ်ချက်ပေါင်း မြောက်မြားစွာ ကျန်ရှိသေးသော်ငြား စာဖတ်သူတို့အား ဖရုဿဝါစာ ကြမ်းတမ်းသော စကားတို့ကို ရေးသားဖော်ပြခြင်းငှာ မပြုသင့်သည်ဖြစ်၍ ချန်လှပ်ထားပေအံ့) (ဤကားစကားချပ်)

စင်စစ်ကျွန်ုပ်၏ တပည့်ကျော်တို့ မည်သည့်အချိန်က တပင်တပန်း ခိုးကြောင်ခိုးဝှက် ရိုက်ကူးထားသည် မသိလေသော ဓာတ်ပုံ၏ အကြောင်းခြင်းရာ ဇာစ်မြစ်အမှန်မှာ လွန်ခဲ့သော နှစ်ရက်ခန့်က ဖူးခက်မြို့သို့ လာရောက်လည် ပတ်ကြစဉ် စဖန်ဟင်းကမ်းခြေအရောက်၌ ဝမ်း ဟာလှသည် ဆိုလေသဖြင့် ခေါင်းမြီးခြုံ မဟာ မေဒင်ဘာသာဝင် အမျိုးသမီးကြီး တစ်ဦး၏ ဆိုင်မှ ကျွန်ုပ်ကြက်ကြော်နှစ်တုံး ဝယ်ယူနေ ပုံသာ ဖြစ်ပါ၏ ။

မည်သို့ပင်ဆိုစေကာမူ တပည့်ကျော်တို့ သည် ကျွန်ုပ်အား အမြင့်ဆုံးသတိပေး မီး ကျည်ပစ်ဖောက်ကာ ရာဇသံပေးခဲ့ကြလေပြီ။ အနေအထိုင် မတတ်လျှင် ချောင်းဦးမှစာရေး ဆရာကဲ့သို့ ထောင်တန်းကျနိုင်၏ ။ ရင်သား ကြီးသော ဓာတ်ပုံကိုတင်မိသဖြင့် ခြိမ်းခြောက် ခံရသော စာရေးဆရာမငယ်၏ ဘ၀မျိုးကြုံနိုင်၏ ။

ထို့ကြောင့် ကျွန်ုပ်သည် ယနေ့မှစ၍ ကုလားထိုင်ဖြင့်ထိုင်ခြင်း၊ ကုလားဝေးရွက်နှင့် ကုလားလေးမဆလာကို ဟင်းချက်ရာတွင် အသုံးပြုခြင်း၊ ကုလားမန်ကျည်းသီးစားခြင်း၊ ကုလားခြင်းဆွဲနို့ဆီကို စားသုံးခြင်း၊ ကုလားမ စည်းတိုးခြင်း၊ ဂျက်ကွင်းကင်းအစရှိသည့် ကုလားဖဲများ ပါရှိသည့် ဖဲထုပ်တို့ဖြင့် ဖဲရိုက်ခြင်း အစရှိသည်တို့ သတိသမ္ပဇဉ်တရား ကြီးစွာထား ၍ ဆင်ခြင်မှသာ တော်ကာကျပေတော့မည်။

အကယ်၍သာ ကျွန်ုပ်သည် ငယ်စဉ်အရွယ်က စွဲမက်နှစ်ခြိုက်စွာ ကြည့်ရှုခဲ့ဖူးသည့် အိန္ဒိယရုပ်ရှင်ကားများထဲမှ မင်းသမီးများဖြစ်ကြသော ရှရီးဒေဝီ၊ ရှမီလာတဂိုးတို့အား လူငယ်သဘာဝ ကျွန်ုပ်မြတ်နိုး စုံမက်မိခဲ့သည့် အပြင် ယခုမျက်မှောက်အချိန်၌ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေသည့် မယ်စကြ၀ဠာဘွဲ့ရ မင်းသမီး အက်ရှ်ဝါရာရိုင်း ဘက်ချန်းကိုပါ မေတ္တာမိုး တိတ်တခိုးစွေနေမိသည်ကိုသာ တပည့်ကျော်တို့သိကြပါမူ ကျွန်ုပ်၏ ဘ၀သည် ကြိုးစင်ထက်တွင် အဆုံးသတ်ရပေလိမ့်မည်။

အပြင်မှာ မိုးတွေ ရွာနေ၏ ။ အားကောင်း လွန်းလှသောမိုး သည်းထန်စွာရွာသွန်းနေပုံမှာ နိုင်တုန်းထင်တိုင်းကြဲလေ့ရှိသော လူမိုက်တို့၏ လုပ်ရပ်များကို အောက်မေ့သတိရဖွယ် ကောင်း လှချေသည်တကား။

မင်းဒင်

The Ladies News Journal ပါ သရော်စာဆောင်းပါး

No comments:

Post a Comment