Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

တရုတ်တွင် စာမေးပွဲခိုးချသည့် ကျောင်းသားများအားဖမ်းရန် ဒရုန်းလေယာဉ်သုံးစွဲ


 ပေကျင်း ဇွန် ၈

 တရုတ်နိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားများ ခိုးချခြင်းမှ တားဆီးရန်အတွက် နောက်ဆုံးလက်နက်မှာ ပန်ကာခြောက်လုံးတပ် မောင်းသူမဲ့လေယာဉ်ဖြစ်ကြောင်း ယနေ့ သတင်းများတွင် ဖော်ပြသည်။

ဟူနန်ပြည်နယ်အလယ်ပိုင်း လိုယန်းမြို့ရှိ စာဖြေဌာနနှစ်ခု တည်ရှိရာ ဝေဟင်တွင် အဆိုပါဒရုန်း လေယာဉ်က ပျံဝဲလျက် စာမေးပွဲခန်းအတွင်းသို့ ကျောင်းသားခိုးသွင်းလာသော ဝိုင်ယာလက် ကိရိယာများထံသို့ ပုံမှန်မဟုတ်သော သင်္ကေတများ ပို့လွှတ်နေခြင်းကို စကင်ရိုက်ယူသည်။

စာမေးပွဲဖြေဆိုသည့် ပထမဆုံးနေ့ တနင်္ဂနွေနေ့တွင် မည်သည့်သင်္ကေတမျှ ဖမ်းယူရရှိခြင်းမရှိဟု ဟူနန်သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အထက်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသားအားလုံးသည် ယင်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရ မည်ဖြစ်ပြီး ၎င်းတို့တက်ရောက်သင် ကြားနိုင်သော တက္ကသိုလ်အဆင့် အတန်းသည် ၎င်းတို့ရရှိသည့် ဝင်ခွင့် စာမေးပွဲရမှတ်များပေါ်တွင် မူတည်သည်။

တနင်္ဂနွေနေ့တွင် ကျောင်းသား ကိုးသန်းကျော် ဝင်ခွင့်စာမေးပွဲ ဖြေဆိုကြသည်။ ဖိအားများအောက်မှ ကျောင်းသားများသည် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ရန် အချက် အလက်၊ အကြောင်းအရာများအား လနှင့်ချီ၍ ကျက်မှတ်ကြရသည်။

နှစ်ရက် သို့မဟုတ် သုံးရက်ကြာသော စာမေးပွဲကာလအတွင်း ကျောင်းသားမိဘများသည် ကျောင်းသားများနှင့်အတူ စာမေးပွဲဖြေဆိုရာ မြို့၌ အတူလိုက်ပါနေထိုင်ကြသည်။ စာမေးပွဲမအောင်မြင်သောသူတို့သည် နောက်နှစ်တွင် ထပ်မံဝင်ရောက်ဖြေဆိုနိုင်သည်။ သို့မဟုတ် လုပ်ခလစာ နည်းပါးသော အလုပ်ကြမ်းတစ်ခုခုကို ဝင်ရောက်လုပ်ကိုင်နိုင်သည်။

အများစုတက်ရောက်လိုသော တက္ကသိုလ်များအတွက် ဝင်ခွင့် စာမေးပွဲတွင် ခိုးချခြင်းသည် လုပ်ရိုး လုပ်စဉ်ဖြစ်နေပြီး ခိုးချသည့် နည်းလမ်းများတွင် အဖြေလွှာများရောင်းချ ခြင်း၊ ကိုယ်စားဝင်ရောက်ဖြေဆိုသူ ငှားရမ်းခြင်းနှင့် စာမေးပွဲခန်းအတွင်းသို့ ဝိုင်ယာလက်များခိုးသွင်းကာ ပြင်ပနှင့် ဆက်သွယ်ခြင်းတို့ ပါဝင်သည်။

လွန်ခဲ့သည့် မေလမှစ၍ စာမေးပွဲ ခိုးချရန် စီစဉ်ကြသည့် လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပညာရေး ဝန်ကြီးက ဇွန် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ခိုးချသည့် ကျောင်းသားများကိုမိလျှင် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကို သုံးနှစ်ပိတ်ပင်ထားသည်။

 ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment