Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 12, 2015

ကြံ့ခိုင်ရေး အလှုပ် နိုင်ငံရေးချိန်ခွင်လျှာ အပြောင်း တရုတ်ကြီး ကစားကွက် အရွှေ့ - နဒီရဲရင့်


မေလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါတီ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ရာထူးအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ပါတီတွင်းရှိ တပ်မတော် ထောက်ခံသည့် သမ္မတနှင့် လွှတ်တော်နာယကကြား အင်အားချိန်ခွင်လျှာကို လှစ်ဟပြလိုက်ခြင်းဟု ဆိုသည်။ ပါတီတွင်း သြဇာအာဏာကြီးသော သူများက သမ္မတအပေါ် စိတ်ပျက်နေကြောင်း ဖော်ပြလိုက်ခြင်းဟုလည်း ကောက်ယူစရာရှိသည်။ ပြီးခဲ့သည့် ၅နှစ်တာအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာစွန့်ရန် ဆုံးဖြတ်ပြီးသည့်နောက် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ရေပန်းစားခဲ့သည်။ သို့သော် ကောလာဟလ သတင်းများအရ သမ္မတအဖြစ် ရွေးချယ်ရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ငြိုငြင်မှု ဖြစ်သွားသည့်အတွက် သမ္မတဖြစ်ခွင့်နှင့် လွဲချော်ကာ တပ်မတော်စစ်ရုံးတွင် ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရိုးသားဖြောင့်မတ်သည်ဟု ဆိုကာ သမ္မတအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

တပ်မတော်အတွင်း စွမ်းစွမ်းတမံ တိုက်ပွဲများကို မတိုက်ခဲ့ရသည့် အတွက် သူရဘွဲ့တံဆိပ်များနှင့် လွှဲချော်ခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်သည် သမ္မတဖြစ်ကာစတွင် ရိုးသားမှုနှင့် သဘောထား ပျော့ပြောင်းမှုများ ပြသကာ ဒီမိုကရေစီ ပြုပြင် ပြာင်းလဲရေးများကိုလည်း ပြုလုပ်ခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍သော် လည်းကောင်း၊ တိုင်းပြည်ချစ်စိတ်နှင့် သော်လည်းကောင်း အဖျက်ဆီးခံခဲ့ရသော အစိုးရအဖွဲ့ ၀န်ကြီးတချို့နှင့် ၀န်ထမ်းများ၏ စိတ်ကို ပြုပြင်ပြောင်းလဲခြင်းငှာ မစွမ်းသာခဲ့ပေ။ ထို့ကြောင့် ပွင့်လင်း လွတ်လပ်လာသော မီဒီယာများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာများမှ အစိုးရ၏ စွမ်းဆောင်ရည်အပေါ် မေးခွန်း ထုတ်ခဲ့သည်။ ထို့ကြောင့် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းသည် ရေမျောကမ်းတင် ဖြစ်သွားခဲ့ပုံရပြီး လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဗဟို အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အပေါ်တွင် သြဇာအာဏာ သက်ရောက်မှု ကျဆင်းခဲ့ရသည်။

တစ်ဖက်တွင်လည်း အစိုးရ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ပြီး ထိန်းညှိပေးနေသည့် ပြည်ထောင်စု လွှတ်တော်နှင့်လည်း အားပြိုင်ခဲ့ရသည်။ အထူးသဖြင့် ပြည်ထောင်စု လွှတ်တော်တွင် မေးခွန်းများကို လာရောက်ဖြေဆိုသော ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၏ ပြောဟန်ဆိုဟန် လေသံ အမူအရာများသည် စိတ်မရှည်သည့် ပုံစံများကို ဖုံးဖိ၍ မထားနိုင်ခဲ့ပေ။

မြန်မာနိုင်ငံ၏ ရွေးကောက် တင်မြှောက်မှုမှ ထွက်ပေါ်ခဲ့သော လွှတ်တော်၏ အရည်အသွေးနှင့် ပတ်သက်၍ မေးခွန်းများ ပေါ်ထွက်လာခဲ့သော်လည်း အစိုးရနှင့် စာလျှင် လွှတ်တော်မှာ ပြည်သူနှင့် နီးနီးကပ်ကပ် ရှိနေခဲ့သည်။ အထူးသဖြင့် အာဏာရပါတီသည် အတိုက်အခံ ကိုယ်စားလှယ်များအား လွှတ်တော်ထဲတွင် လက်တွဲ ပူးပေါင်းဆောင်ရွက်ရမည့်သူများ အဖြစ် ရှုမြင်ခြင်းသည် နှစ်ပေါင်းများစွာ လှိုက်စားနေခဲ့သော ဂိုဏ်းဂဏ စိတ်အစွဲများကို အတိုင်းအတာတစ်ခုအထိ ကုစားပေးနိုင်ခဲ့သည်။ ထို့ကြောင့် ယခင်အာဏာရှင် စစ်အုပ်စုမှ ပေါက်ဖွားလာသော အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနှင့် တပ်မတော်တွင် ကျန်ရှိနေခဲ့သောသူများ ကြားထဲတွင် သဘောထား ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပုံရသည်။ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းနှင့် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နီးနီးကပ်ကပ် ဆက်ဆံခြင်းကို အစိုးရအဖွဲ့ အတွင်းရှိ သဘောထား တင်းမာသော သူများနှင့် တပ် မတော်အား စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိတွင် အမျိုးသား နိုင်ငံရေးအမြင် မတူညီသော ခေါင်းဆောင်များ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သော်လည်းကောင်း အောင်မြင်အောင် ပြုလုပ်နိုင်ရန် အချိန်မရှိတော့ကြောင်း နားလည်သဘောပေါက်ပုံရသွားသည့် အတွက် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်သာ အားလုံးခေါင်းထဲ ရောက်ကုန်ပုံပေါ်သည်။ ထို့ကြောင့် အရေးကြီးသည့် ၆ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် အတွက် မည်သူမျှ အားမထုတ်သည်ကိုလည်း အထင်အရှား တွေ့မြင်နေရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်/မ၀င် တရားဝင် မဆုံးဖြတ်ရသေးသော်လည်း ပါတီဝင် အများစုမှာ ရွေးကောက်ပွဲကိုသာ ဗဟိုပြု၍ နိုင်ငံရေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အဖွဲ့ဝင် တစ်ယောက်ကဆိုလျှင် “NLD ရွေးကောက်ပွဲ ၀င်၊မ၀င် လက်ဖြတ်ကြေး လောင်းမလား”ဟုပင် ပြောလိုက်သေးသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရမှုကို ပြန်လည်သုံးသပ်ကာ ၂၀၁၅တွင် အနိုင်ရရှိရေး အတွက် စီမံချက်များ ရေးဆွဲလျက်ရှိသည်။ ထိုနည်းတူ တိုင်းရင်းသား လူမျိုးစု ပါတီများကလည်း NLDနှင့် မဟာမိတ် မဖြစ်နိုင်သည့် အတူတူ မိမိဒေသတွင် မိမိပါတီက နေရာ အများစု အနိုင်ရရှိရန် အတွက် စီမံဆောင်ရွက်လျက်ရှိသည်။ လက်ရှိတိုင်းပြည်၏ အရေးအကြီးဆုံး ကိစ္စဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး အတွက်ကလည်း အားရစရာ မရှိပေ။ ယခုအစိုးရ သက်တမ်းအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန် စာချုပ်ချုပ်နိုင်ရေး ကရင်ပြည်နယ် လော်ခီးလာ ဒေသ၌ ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌လည်း ထုံးစံအတိုင်း အစိုးရအပေါ် သဘောထား ကွဲပြားလျက်ရှိသည်။ ငြိမ်းချမ်းရေး ဖြစ်မြောက်ရန် ဖိအားပေးလျက်ရှိသော ကုလသမဂ္ဂနှင့် ငြိမ်းချမ်းရေး အကူအညီ အထောက်အပံ့ ပေးထားသည့် နိုင်ငံများအပြင် တရုတ်နိုင်ငံကပါ ငြိမ်းချမ်းရေးအပေါ် စိတ်ပျက်လျက်ရှိသည်။ အကယ်၍ ယခုအစိုးရ သက်တမ်းအတွင်း အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်နိုင်ပါက မြန်မာ့ငြိမ်းချမ်းရေး သံသရာသည် ဆက်လက်၍ ရွာလည်နေမည့်ပုံ ပေါက်နေသည်။

ထိုအခြေအနေ၌ ပြည်တွင်း နိုင်ငံရေးနယ်ပယ် အတွင်းတွင် လည်းကောင်း၊ စီးပွားရေးနယ်ပယ် အတွင်းတွင် လည်းကောင်း တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လျက်ရှိသည်။ အထူးသဖြင့် မြစ်ဆုံစီမံကိန်းနှင့် လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ်ကုမ္ပဏီနှင့် ဒေသခံရွာသားများ အကြား ကြီးမားသည့် ပဋိပက္ခများသည် နိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံသားများ အကြား တရုတ် မုန်းတီးရေး ဖြစ်ပွားရခြင်း အရင်းခံ ပြဿနာ ဖြစ်ခဲ့သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံမှ နှစ်ပေါင်းများစွာ သစ်နှင့်တခြား သယံဇာတများကို နယ်စပ်ဒေသများမှတစ်ဆင့် ဒေါ်လာ ဘီလျံပေါင်းများစွာ ခိုးထုတ်နေမှုများ အပေါ် တရုတ်အစိုးရက လစ်လျူရှုထားခဲ့ကြသည်။ ယခုအခါ နယ်စပ်ကို ထိန်းချုပ်လိုက်ချိန်တွင် မြန်မာနိုင်ငံ အတွင်း၌ တရားမ၀င် စီးပွားရေး လုပ်ကိုင်နေသော တရုတ်နိုင်ငံသား အများအပြားကို ဖမ်းဆီးရမိခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့်လည်း တောင်တရုတ် ပင်လယ်တွင် အာဆီယံနိုင်ငံများ၏ ကျွန်းများကို နယ်ပယ်ချဲ့ထွင်မှုနှင့် ပတ်သက်ပြီး ဆန့်ကျင်မှု ခံနေရချိန် ဖြစ်သည့်အတွက် စစ်ရေးနှင့် နိုင်ငံရေး မဟာဗျူဟာအရ မြန်မာနိုင်ငံသည် အရေးပါလျက် ရှိသည်။ ထို့ကြောင့် အာဏာရှင် စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရ လုပ်သမျှ မျက်စိမှိတ် ထောက်ခံခဲ့သော တရုတ် ကွန်မြူနစ်ပါတီသည် လွန်ခဲ့သော ၃၊ ၄ နှစ်အတွင်း အစိုးရ မဟုတ်သော သူများနှင့် နွေးထွေးစွာ ဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့သည်။ အရပ်သား အစိုးရ လက်ထက်အတွင်း မီဒီယာများ၊ နိုင်ငံရေး ပါတီများကို တရုတ်နိုင်ငံသို့ ဖိတ်ကြားပြီး သူတို့၏ ရည်မှန်းချက်များကို ရှင်းလင်းသည်။ အနာဂတ်တွင် ဆက်လက် လက်တွဲနိုင်ရန် ဆွေးနွေးသည်။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင် ပါတီများကို အထူးဂရုပြုဖိတ်ကြား ခဲ့သည်။

ယခုအခါ တရုတ်အစိုးရ၏ ကစားကွက်သည် အထူး မဟာဗျူဟာမြောက်သွားပြီ ဖြစ်သည်။ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်အား ဗိုင်းရပ်စ်ရောဂါသဖွယ် ရှုမြင်ခဲ့သော တရုတ်ကြီးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လအတွင်း တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ယခုဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ် ပါတီမှ ပြုလုပ်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီခယ်ကျင်းတို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။ ထိုခြေလှမ်းသည် ၂၀၁၅ နှောင်းပိုင်း၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအပေါ် မြန်မာနိုင်ငံ၏ အရေးပါသော ပုဂ္ဂိုလ်များ အာရုံစူးစိုက်နေချိန်တွင် တရုတ် နိုင်ငံသည်လည်း ပါဝင်လာကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး ချိန်ခွင်လျှာသည် အပြောင်းအလဲ တစ်ရပ်ကို ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ် အစိုးရက ယုံကြည်လက်ခံလိုက်ကြောင်း ထင်ထင်ရှားရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။

နဒီရဲရင့်
http://www.tomorrow.com.mm/?q=articles/1699

No comments:

Post a Comment