CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 8, 2015
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုကြောင့် နစ်နာခဲ့သည့် မြေပိုင်ရှင်များအတွက် ပြန်လည်ကုစားပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြထား
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်မှုများကြောင့် နစ်နာခဲ့ရသော မြေပိုင်ရှင်များအတွက် ပြန်လည်ကုစားမှုများပေးအပ်ရန်၊ နစ်နာမှုများကို ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကပြောသည်။
ရန်ကုန်မြို့တွင် (၂၀၁၂) နှစ်ဆန်းပိုင်းက ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်လာခဲ့ပြီး သင်္ဃန်းကျွန်း၊ လှို်င်၊ အင်းစိန်မြို့နယ်များတွင် အများဆုံးဖြစ်ကြောင်း၊ ရန်ကုန်မြို့တစ်မြို့လုံးတွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုထားသည့် အဆောက်အအုံ (၂၀၀၀) နီးပါးရှိနေကြောင်း ၊ သင်္ဃန်းကျွန်းမြို့နယ် တစ်ခုထဲမှာပင် ခွင့်ပြုချက်မဲ့ဆောက်သောကြောင့် တရားစွဲဆိုမှု (၇၀၀) ကျော် ရှိနေသည်ဟု သိရသည်။
ထိုသို့ခွင့်ပြုချက်မဲ့အဆောက်အအုံများ ဆောက်လုပ်သည့်အခါ ကန်ထရိုက်မှာ လိုင်စင်မဲ့ကန်ထရိုက်များ ဖြစ်နေသောကြောင့် ၄င်းတို့ကို တရားစွဲဆိုလို့ မရဘဲ မြေရှင်ကိုသာ အဓိက တရားစွဲနေရကြောင်း၊ မြေရှင်များအား နေ့စဉ် ဒဏ်ကြေးငွေပေးဆောင်ရသည့် ပုဒ်မများဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။
ကန်ထရိုက်များက အဆောက်အအုံဆောက်လုပ်မှု မပြီးစီးသေးသည့်အချိန်အထိသာ တရားစွဲဆိုဒဏ်ကြေးကို မြေရှင်အစားပေးဆောင်ပြီး အဆောက်အအုံလုံးဝပြီးစီးသွားသည့်အခါ ပေးဆောင်ခြင်းမရှိတော့ဘဲ ထွက်သွားခြင်းကြောင့် မြေရှင်များမှာ များစွာနစ်နာရကြောင်း၊ အချို့မြေရှင်များမှာ ပေးဆောင်ရသည့် ဒဏ်ကြေးငွေများခြင်းကြောင့် စည်ပင်ကိုအသနားခံစာ တင်ခဲ့ရသည့် ဖြစ်စဉ်အများအပြားရှိနေကြောင်း သိရသည်။
"ကျွန်တော်ဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ မေးခွန်းတင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ရှင်တွေမှာ နစ်နာမှုတွေရှိတယ်။ ကန်ထရိုက်တွေမှာ အဲ့ဒီလိုဆောက်လုပ်တဲ့အတွက်၊ ဒါကြောင့် ဥပဒေတစ်ရပ်လုပ်ပေးဖို့၊ ဒီလိုမဖြစ်အောင်ကုစားပေးဖို့၊ ကန်ထရိုက်ကိုလည်း မြေရှင် နစ်နာတာကို ဆောက်ရွတ်ပေးဖို့၊ ၀ယ်ထားတဲ့သူအဖို့လည်း နစ်နာတာပေါ့"ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
"ကြိုပွိုင့်နဲ့ ၀ယ်ထားတာ။ ကန်ထရိုက်က မဆောက်ပေးဘဲ အခြားနေရာမှာ သွားဆောက်လို့ တရားစွဲထားတဲ့ အမှုတွေကလည်း အများကြီးပဲ။ ကန်ထရိုက်ဆိုတာက အရပ်ဘက် အလုပ်သဘောအရပေါ့။ ဒီလိုနဲ့ Authroity က စည်ပင်က ချုပ်ကိုင်ထားတာကိုး။ ဆောက်လုပ်ခွင့်မစတာမစတာ သူ့သဘောနဲ့သူ ဆောက်လို့မှ မရတာ။ အဲဒီအပေါ်မူတည်ပြီး အပြောင်းအလဲတွေဖြစ်တာ။ စည်ပင်က မခိုင်မာတဲ့အတွက် ဒီပြသနာတွေ ဖြစ်နေတာ။ အဲဒါဆိုရင် ပြည်သူကနစ်နာတာပေါ့"ဟု ဦးကျော်က သုံးသပ်သည်။
ထို့အပြင် ယခုကန်ထရိုက်တိုက် ဈေးကွက်အေးလာခြင်းကြောင့် တိုက်များ ပြီးစီးအောင်ဆောက်လုပ်ခြင်းမရှိပဲ ကန်ထရိုက်ထွက်ပြေးသွားသည့် ဖြစ်စဉ်များလည်း ရှိနေပြီး ယင်းတိုက်များမှာ ခွင့်ပြုချက်မဲ့တိုက်များ ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
ခွင့်ပြုချက်မဲ့ ကန်ထရိုက်များကြောင့် မြေရှင်များနည်းတူ ကြိုပွိုင့်ဖြင့် ၀ယ်ယူထားသူများလည်း နစ်နာနေရပြီး ပြီးခဲ့သည့်(၂၀၁၄) ခုနှစ်အတွင်းက ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်အချို့ ပြန်လည်ဖြိုဖျက်ခဲ့ရခြင်းကြောင့် ယင်းအခန်းများ ကြိုပွိုင့်ဖြင့် ၀ယ်ယူထားသူများမှာ နစ်နာမှုများ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ကန်ထရိုက်များလည်း ထွက်ပြေးသွားကြောင်း သိရသည်။
Ref : Eleven Media Group
http://www.shweproperty.com/article/detail/1038/construction-news86
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်ဆောက်လုပ်မှုကြောင့် နစ်နာခဲ့သည့် မြေပိုင်ရှင်များအတွက် ပြန်လည်ကုစားပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment