Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 11, 2015

အောင်ဆန်းနှင့် ဘာသာရေး

ဗိုလ်ဥတ္တမကျော်

အချိန်မှာ ညနေစောင်းအချိန်ဖြစ်၏။

သက်တော် ၅၀ နီးပါး၊ အသားလတ်လတ်၊ ခပ်ပိန်ပိန်၊ အရပ်မြင့်မြင့်၊ ကြည်လင်သော ဥပဓိရုပ် ရှိသည့် ဆရာတော်တပါးသည် ဦးခေါင်းငိုက်စိုက်ပြုကာ မတ်တတ်ရပ် အုန်းတံမြက်စည်းဖြင့် မန်ကျည်းပင်ကြီး နှစ်ပင် အနီးရှိ တထပ်ကျောင်းရှေ့တွင် တံမြက်စည်းလှည်းလျက် ရှိနေသည်။

ဒီပင်္ကရာ ဘုရားတန်ဆောင်းထိပ်မှ ဆည်းလည်းများ အသံသည် လေပြည်ထဲတွင် တချွင်ချွင် တဒင်ဒင် မြည်၍ နေ၏။
ထိုအခိုက်တွင် အသက် ၂၂ ခန့်၊ အသားလတ်လတ်၊ မေးရိုးကားကား၊ ကြည်လင်စူးရှသော မျက်လုံး၊ မဖြီး မလိမ်းထားသဖြင့် ဆံပင်ရှုပ်ပွနေသော ဗိုလ်ဆံတောက်ဖြင့် လူငယ်တစ်ဦးသည် ဖိနပ် နှစ်ဖက်ကို လက်တဖက်မှ စု၍ ကိုင်ကာ ကျောင်းဝင်းပေါက်မှ ဝင်လာနေသည်။

လူငယ်သည် ဘေးဘီကို မကြည့်၊ မြေကြီးကိုသာ ငုံ့ကြည့်စဉ်းစားရင်း လျှောက်လာရာ ကျောင်းရှေ့သို့ ရောက်ရှိလာလေ၏။ ထိုအခါကျမှ တံမြက်လှည်းနေသော ဆရာတော် ဦးသောဘိတကို ဗြုန်းခနဲ တွေ့မြင်မိပြီး ပြောင်နေသော မြေတလင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆရာတော်ကို ရှိခိုးဦးချနေလေသည်။

ဆရာတော်သည်လည်း လူငယ်ကို တွေ့မြင်သွားလေ၏။ " အိမ်း ... အောင်ဆန်းလား ... ဘယ်တုန်းက ရောက်သလဲ "ဟု ဆရာတော်က မေးလေ၏။

လူငယ်သည် ဆရာတော် နားသီသီလေးကြောင်း သိပြီး ဖြစ်၍ ခပ်ကျယ်ကျယ် လျှောက်ထားလိုက်ရာ မနီးမဝေးတွင် အစာရှာစားနေသော ခိုကလေးများသည် လန့်၍ ပျံသွားကြလေသည်။

" တပည့်တော် မနေ့က ရောက်ပါတယ် ဘုရား"
" ဩ ... ရက်အတော်ကြာမှကိုး "

ဤမျှ အော်ဟစ်လျှောက်ထားစေကာမူ ဆရာတော်မှာ နားလေးတော်မူ၍ ကြားဟန် မတူကြောင်း ပြန်လည်မိန့်ကြားတော်မူသော စကားအရ သိသာနိုင်လေသည်။ အောင်ဆန်းဟု အခေါ်ခံရသော လူငယ်၏ မျက်နှာမှာ ရှုံ့၍ သွားလေ၏။

ဆရာတော်က တံမြက်စည်းကို မန်ကျည်းပင် ခြေရင်းတွင် ထောင်ထားခဲ့ပြီး ရှေ့မှ ဦးဆောင်၍ တထပ်ကျောင်းပေါ်သို့ ကြွသွားရာ လူငယ်လည်း ထ၍ နောက်မှ လိုက်ပါသွားလေသည်။ ဆရာတော်သည် ကျောင်းဝရန်တာမှ ရေအိုးတွင် လက်ဆေးသုတ်သင်ပြီးနောက် သင်ဖြူးများ ခင်းထားသော နေရာတွင် ထိုင်တော်မူလေရာ လူငယ်လည်း ဆရာတော်ကို ဦးချပြီးလျှင် အနီးတွင် ကြုံ့ကြုံ့ထိုင်နေ၏။

ဆရာတော်က ကျောက်သင်ပုန်းကလေး တချပ်နှင့် ကျောက်တံ တချောင်းကို လူငယ်၏ အနီးတွင် ချပေးလိုက်၏။ ပြီးလျှင် ဆရာတော်က စတင်မိန့်ကြားတော်မူ၏။

" ကျောင်းပိတ်သလား "
လူငယ်က ကျောက်သင်ပုန်းတွင် လက်ရေး ခပ်သော့သော့ဖြင့် " တင်ပါ့ဘုရား " ဟု ရေးပြလေ၏။

" မင်းတို့ ကျောင်းသားသမဂ္ဂ ညီလာခံ အကြောင်း သတင်းစာမှာ ဖတ်ရတယ်။ မင်းတို့ လုပ်တာ ကောင်းပါရဲ့ "

လူငယ်က ခေါင်းညိတ်ရှိခိုးလျက် " တင်ပါ့ "ဟု လျှောက်ထားလေသည်။ ဆရာတော် ကြား မကြား သူမသိချေ။ လူငယ်က စာရေးပြီး ကျောက်သင်ပုန်းကို ဆရာတော်ရှေ့ ချပြပြန်၏။

" တပည့်တော် ဘီအယ်လ် မဖြေချင်တော့ဘူး ... သခင် အဖွဲ့ထဲ ဝင်ပြီး နိုင်ငံရေး လုပ်တော့မယ် ဘုရာ့"

ဆရာတော်သည် ဦးခေါင်းကို ညိတ်ကာ ညိတ်ကာဖြင့် အောင်ဆန်းကို ခပ်ပြုံးပြုံး ကြည့်နေပြီးလျှင် မိန့်တော်မူပြန်၏။
" သခင်အဖွဲ့ဆိုတာ ဟို ... ခွေးချိုက ဘသောင်းတို့ အဖွဲ့ကို ပြောတာလား"
"တင်ပါ့ဘုရား "

ဆရာတော်နှင့် လူငယ်တို့သည် သခင်အဖွဲ့အကြောင်း၊ ငါးပွင့်ဆိုင် အကြောင်း၊ နယ်များတွင် ဆိုးဝါးညံ့ဖျင်းသော ဒုစရိုက်ကောင်စီ (ခေါ်) ဒီစတြိတ်ကောင်စီ အဖွဲ့များ အကြောင်း၊ ပညာရေးစနစ် ညံ့ဖျင်းပုံများ အကြောင်းများကို ကျောက်သင်ပုန်းကလေးနည်းဖြင့် ဆွေးနွေးနေကြလေသည်။ နောက်ဆုံးတွင် လူငယ်က ဗမာပြည်တွင် အချို့ဘုန်းတော်ကြီးများ နိုင်ငံရေးထဲ ဝင်ဆောင်ရွက်မည့်အစား နယ်ခြားဒေသများတွင် သွားရောက် သာသနာပြုဖို့ ကောင်းကြောင်း ရေးသားလျှောက်ထားလေသည်။ ဆရာတော်က ...

" အိမ်း ... အဲဒါလည်း လိုတာပဲ။ တို့ ရှေးက သုဓမ္မာဂိုဏ်း မှတ်တမ်းတွေထဲမှာတော့ တွေ့ဖူးတယ်။ ကရင်နီနယ်နဲ့ ကလေး၊ မိုးညှင်းဘက်ကို ဆရာတော်တွေ သွားပြီး သာသနာပြုတာ။ ဒါပေမဲ့ အခုအခါ အင်္ဂလိပ်အစိုးရက အားပေးမယ် မထင်ဘူး "

လူငယ်က ခရစ်ယာန်သာသနာပြု ဘုန်းကြီးတွေ ဆင်းဆင်းရဲရဲဖြင့် ချင်းတောင်တန်း၊ ကချင်တောင်တန်းများတွင် သွားရောက်သာသနာပြုပုံ၊ ဗမာဘုန်းကြီးတွေလည်း စွန့်စားသွားရောက်ပြီး သာသနာပြုဖို့ ကောင်းပုံများကို ရေးသားလျှောက်ထားပြန်သည်။ ဆရာတော်က စာကို ဖတ်ပြီးလျှင် ခေါင်းငုံ့စဉ်းစားနေတော်မူပြီးမှ ပြန်လည်မိန့်ကြားတော်မူ၏။

" အိမ်း ...ဒါက မင်းစိတ်စောနေတာကိုး ...။ ချင်းတောင်တန်း၊ ကချင်တောင်တန်းသွား သာသနာပြုဖို့ ဆိုတာက ဒီအင်္ဂလိပ်ကောင်တွေ ရှိနေသမျှ မဖြစ်နိုင်ဘူး။ ကိုယ့်မင်း ကိုယ်ချင်းနေနိုင်မှ ဖြစ်မှာ။ တို့တတွေ အရာရာတိုင်း ခံဘက်ကချည်းပဲ ... မင်း စဉ်းစားကြည့်၊ မြန်မာပြည်မှာ ကုလား ဗလီနဲ့ အင်္ဂလိပ် ဘုရားရှိခိုးကျောင်း မရှိတဲ့မြို့ ဘယ်နှမြို့ ရှိသလဲ။ ငါ့ ရေတွက်ပြခဲ့စမ်းပါ။ အဲဒါကိုသာ မင်း နက်နက်နဲနဲ စဉ်းစား"

နေလုံး ဝင်သွားပြီ ဖြစ်၍ ကျောင်းဝရန်တာတွင် အလင်းရောင် ဖျော့၍ သွားလေ၏။ ဆရာတပည့် နှစ်ဦးမှာ အတွေးကိုယ်စီဖြင့် ငြိမ်၍ နေကြလေ၏။

x x x

တချိန်က " တပည့်တော် နိုင်ငံရေးလုပ်တော့မယ်ဘုရား" ဟု ဆရာတော် ဦးသောဘိတကို လျှောက်ထားခဲ့သော အောင်ဆန်းသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးလျက် အင်္ဂလိပ်တို့ကို တိုက်ထုတ်လိုက်လေသည်။ ၁၉၄၄ ခုနှစ်၊ သူ၏ အသက် ၂၉ နှစ်တွင် သူသည် ဗမာ့တပ်မတော်၏ စစ်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ဆရာတော် ဦးသောဘိတ မေးခဲ့သော မေးခွန်းကို အစဉ်သတိရနေဟန်တူသည်။

ဂျပန်ခေတ် အရှေ့အာရှ လူငယ်များ အစည်းအရုံးဌာနချုပ်တွင် စည်းရုံးရေးမှူးညီလာခံတခု ကျင်းပခဲ့သည်။ ယင်းညီလာခံတွင် နိုဝင်ဘာလ ၁၈ ရက်နေ၌ ဗိုလ်ချုပ်အောင်ဆန်းက " ဗမာ့အလားအလာနှင့် လူငယ့်တာဝန် "ဟူသော ခေါင်းစဉ်နှင့် ဟောပြောချက်တခု ဟောပြော၏။ ထိုဟောပြောချက်တွင် ဆရာတော်နှင့် ဆွေးနွေးခဲ့သော အချက်အချို့ကိုပင် ပုံကြမ်းပြန်လည်ဖော်ခဲ့ကြောင်း တွေ့ရလေသည်။ သူ့ဟောပြောချက်ထဲမှ ကောက်နုတ်ချက်ကို ကြည့်လျှင် သိနိုင်ပါ၏။

" အင်္ဂလိပ်ဘုန်းကြီးတွေဟာ အစာငတ်ခံပြီး ကချင်နယ်၊ ချင်းနယ်တွေမှာ သွားပြီးတော့ သူတို့ဘက်ပါလာအောင် စိတ်ဓာတ်သွင်းပေးကြတယ်။ ကျုပ်တို့ ဗမာဘုန်းကြီးတွေကတော့ ဘာမှ မလုပ်ကြဘူး ... ဘုန်းကြီးအချို့ဟာ ပုထုဇဉ်တွေ ဖြစ်တယ်။ ဆွမ်းခံတဲ့အခါမှာလည်း ရသမျှနဲ့ မတင်းတိမ်တာရှိမယ်၊ မင်းဆရာ ဖြစ်ချင်ကြတာကလည်း ရှိသေးတယ်။ "

ဟု သူ့စိတ်ထဲတွင် တအုံနွေးနွေးရှိသော ဘာသာသသနာ ထွန်းကားပြန့်ပွားရေး အတွက် ခံယူချက်များ ဖွင့်အံ၍ ထွက်ပေါ်လာသည်။

ယင်းဟောပြောချက်တွင် ဆက်လက်၍ အာရှလူငယ်စည်းရုံးရေးမှူးများကို တောကြိုတောင်ကြားသွားပြီး အဆင်းရဲခံ ဆောင်ရွက်ရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရှိရလေသည်။ သူ့စေတနာမှာ သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်အချို့အတွက် အားမလို အားမရ ရှိခဲ့ပုံရလေသည်။ သူသည် ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေးအတွက် အကွက်ကောင်းယူခြင်း၊ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်းများကို စက်ဆုပ်ရွံရှာပုံရလေသည်။ ထိုသို့ ဘာသာရေးကို ခုတုံးပြုလုပ်သူများကိုလည်း အလွဲသုံးစား မလုပ်နိုင်အောင် ဆိုင်ရာပုဂ္ဂိုလ်များတို့အား အမြဲသတိပေးခဲ့လေသည်။

ဘာသာရေးနှင့် စပ်လျဉ်းသော သူ၏ စေတနာနှင့် ခံယူချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့ဦးစီးနာယကဆရာတော်ကြီးများနှင့် တွေ့ဆုံလျှောက်ထားချက်များတွင် ထင်ရှားပေါ်လွင်လာသည်။

x x x

၁၉၄၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ကတည်းက အစပြု၍ ရွှေဂုံတိုင်လမ်း၊ဘုရားကြီးကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့ ချုပ်ကြီး၏ ဦးစီးနာယက၊သြ၀ါဒစရိယ မဟာနာယက ဆရာတော်ကြီးများ နှစ်လည် အစည်းအဝေးကြီးကို ကျင်းပနေသည်။

အဆိုပါ နာယကဆရာတော်ကြီးများသည် မြန်မာပြည်တပြည်လုံး နေရာအသီးသီးမှ သာသနာရေးအတွက် တပင်တပန်း ကြွရောက် လာကြရခြင်းဖြစ်၏။ မြို့ ပေါ်မှ ဒါယကာ၊ဒါယကာမများ၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့ မှ ခေါင်းဆောင်များသည် ဖော်ပြပါ သြဇာတိက္ကမ ထက်မြက်တော်မူသည့် နာယကဆရာတော်ကြီးများကို လာရောက်ဖူးမျှော်ကြလေသည်။

ဆရာတော်ကြီးများကို လာရောက်ဖူးမျှော်ရာ၌ အချို့ နိုင်ငံရေးခေါင်းဆောင်များသည် ရိုးရိုးသားသား ဖူးမျှော်သွားသည်မဟုတ်။ မိမိတို့ နိုင်ငံရေးအဖွဲ့ အတွက် အမြတ်ထုတ်သွားကြလေသည်။

သူတို့ သာလျှင် သာသနာကို အလေးစားဆုံးသူများဖြစ်ပြီး ကျန် (ဖဆပလ)နှင့် အခြားအဖွဲ့ များသည် သာသနာ့ရန်သူ ကွန်မြူနစ်ဝါဒ သမားများသာဖြစ်ကြောင်း မလိမ့်တပတ် လျှောက်ထားကာ ဆရာတော်ကြီးများနှင့် (ဖဆပလ) ကို မသိမသာ တွန်းခဲ့၊ တိုက်ခဲ့ကြခြင်းသာ ဖြစ်လေသည်။

ဇွန် ၂ရက်၊ တနင်္ဂနွေနေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို အတိုက်အခံပြုလုပ်နေသော ရှေးခေတ် နိုင်ငံရေးသမားကြီးများဖြစ်ကြသည့် ဆာပေါ်ထွန်း၊ ဦးသာမြတ်ဒွန်းနှင့် ဂဠုန်ဦးစော ဇနီးမောင်နှံတို့ သည် ဆရာတော်ကြီးကို လာရောက်ဖူးမျှော်သွားကြ၏။ ဇွန် ၃ ရက်နေ့ တွင် သခင်ဗစိန် ရောက်လာပြန်ပြီး “တပည့်တော်သည် ဆရာတော်ကြီးများကို လေးစားကြည်ညိုပါတယ်။ သာသနာရေးကိုလည်း အစဉ်အားပေးရန် အသင့်ရှိပါတယ်။ တပည့်တော်ကို ခိုင်းချင်ရာခိုင်းပါ” ဟု စာအုပ်ကြီးအတိုင်း လျှောက်ထားသွားလေသည်။

ထိုအချိန်သို့ ရောက်ရှိသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘာသာရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများရန်ကို ခုခံကာကွယ်ရန် အချိန်တန်ပြီဟုဆုံးဖြတ်လိုက်လေသည်။

ဇွန်လ ၄ ရက် (နယုန်လဆန်း ၅ ရက်)နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အရပ်ဝတ် အရပ်စားဖြင့် ဆရာတော်ကြီးများထံ ကုပ်ကုပ်ကလေး ရောက်ရှိလာခဲ့ပေသည်။

ထိုအခါ မကွေးဆရာတော် ဦးနာရဒက “ဆရာတော်ကြီးအား ဖူးမျှော်ရန် ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာပါတယ်၊ အဖူးမျှော်ခံ ကြွတော်မူကြပါဘုရား” ဟု ပင့်ဖိတ်ပေးလေသည်။

သက်တော် ၀ါတော်ကြီးမားသော ဆရာတော်ကြီးများသည် အဖူးမျှော်ခံနေရာသို့ ကြွရောက်လာပြီးလျှင် ၀မ်းသာအားရ “ပြီးဟဲ့.. ဘယ်မလဲ၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ” ဟု သက်ရွယ်ကြီးသူတို့ ၏ အမူအတိုင်း မျက်မှောင်ကို လက်ဝါးကာပြီး ၀ိုင်းဝန်းကြည့်ရှုကြလေ၏။ အချို့ ဆရာတော်ကြီးများက “ဟ.. ဗိုလ်ချုပ်အောင်ဆန်း.. ဗိုလ်ချုပ်အောင်ဆန်းနဲ့  နာမည်က ကြီးလိုက်တာ လွန်ပါရော၊ပြီးတော့ အငယ်သား ရှိပါသေးကလား” ဟု မိန့် တော်မူကြလေသည်။

ဘုရားကြီးဆရာတော်က ဗိုလ်ချုပ်အောင်ဆန်းအား ယခုဆရာတော်ကြီးများကို ဘာများလျှောက်ထားချင်သေးသလဲ၊ လျှောက်ထားလိုက လျှောက်ထားရန်တိုက်တွန်းလေ၏။
ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်ကြီးများ၏ ခွင့်ပြုချက်အရ အောက်ပါအတိုင်း ဘွင်းဘွင်းရှင်းရှင်း လျောက်ထားလေရာ ဆရာတော်ကြီးများက များစွာသဘောကျပြီး ရယ်မောကြလေ၏။

“ တပည့်တော် ဘာမျှ အထူးမလျှောက်ထားလိုပါ၊ သက်တော်ဝါတော်ကြီးသော ဆရာတော်ကြီးများကို မင်္ဂလာတရားအရ လာရောက် ဖူးမျှော်ကန်တော့တာပါဘုရား .... တပည့်တော်တို့  ဗမာပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်တဲ့ကိစ္စမှာ ဆရာတော်ကြီးများကို မဲဆွယ်ဖို့ နဲ့  ဆရာတော်ကြီးများကို နိုင်ငံရေးထဲ ဆွဲသွင်းဖို့ လာခြင်း မဟုတ်ပါ၊ တပည့်တော်မှာ အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို မဲရလိုမှုအတွက် ရည်ရွယ်ပြီး ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်းတွေလည်းမပြုလုပ်နိုင်ပါ၊ လှူဒါန်းဖို့ လည်း တပည့်တော်မှာ ငွေမရှိပါ၊ အလွန်ဆင်းရဲပါတယ်၊ တတ်နိုင်လို့ လှူတောင်မှ နိုင်ငံရေးမျှော်မှန်းချက်အတွက် မဟုတ်ဘဲ စေတနာ သန့် သန့် ရှင်းရှင်းနဲ့ သာ လှူမှာပါ၊ အခုလည်း မတတ်နိုင်သေးပါဘုရား”

ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏လျှောက်ထားချက်ကို များစွာသဘောကျတော်မူကြ၍ ရယ်မောတော်မူကြ၏။ “အေး.. တယ်လဲ ဗြောင်ကျသကိုး ... ကြိုက်သကွဲ့” ဟု ရယ်မော မိန့့် တော်မူကြလေ၏။

ထို့ နောက် ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်ကြီးမျာ၏ ခွင့်ပြုချက်အရ ...

“ဆရာတော်ကြီးများသည် ပရိယတ် ပဋိပတ်ဖြင့် ရိုးရိုးကြီးနေထိုင်ပြီး သာသနာတော် ကြီးပွားရေးကို ရွက်ဆောင်နေတယ်ဆိုတာ တပည့်တော်ယုံကြည်ပါတယ်၊ နိုင်ငံရေးသမားတွေဟာ နည်းပရိယာယ်များပါတယ်။ သူတို့ ရဲ့ မကောင်းတဲ့ နည်းပရိယာယ်ထဲ မကျရအောင် ပညာသိက္ခာကြီးမားသော ပုဂ္ဂိုလ်ကြီးများပီပီ သတိထားတော်မူဖို့  တပည့်တော် လျှောက်ထားပါရစေ။ တပည့်တော်တို့ တော့ ဗမာပြည် လွတ်လပ်ရေးအတွက် မီးကုန်ယမ်းကုန် ဆောင်ရွက်နေကြပါတယ်။ ဒီနိုင်ငံရေးကိစ္စထဲကို တပည့်တော်အနေနဲ့ ဆရာတော်ကြီးများကို ဆွဲမသွင်းလိုပါ။ဒုက္ခမပေးလိုပါ။ လူထုအားနဲ့  ကိုယ့်အားကိုယ်ကိုးပြီး ဆောင်ရွက်သွားပါ့မယ်ဘုရား၊ သာသနာတော်ကို အလွဲသုံးစား မပြုလိုပါဘုရား”

ဟု ရှင်းလင်းလျှောက်ထားလိုက်၏။ ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏ ရှင်းရှင်းလျှောက်ထားချက်ကို သဘောကျပြီးလျှင် အောက်ပါအတိုင်း ပြန်လည် မိန့် ကြားတော်မူလေသည်။

“အေး.. လွတ်လပ်ရေးရအောင် ကြိုးစားကွယ့် ... ဆရာတော်တို့ အနေနဲ့ ဘယ်သူ့ ရောင်းအစားမှ မခံပါဘူး၊ မင်း စိတ်ချသွားပေတော့”

x x x

ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးအပေါ် ခံယူချက်နှင့် ကျင့်သုံးချက်များပင် ဖြစ်လေသည်။ သူသည် ဘာသာရေးကို အခြေပြု၍ နိုင်ငံရေး မလုပ်လို၊ ဘာသာရေးနှင့် နိုင်ငံရေးကိုလည်း ထွေးရောယှက်တင် မလုပ်၊ ဘာသာရေးက သက်သက်၊ နိုင်ငံရေးက သက်သက်၊ သူ့စည်းနှင့် သူ ရှိစေချင်ကြောင်း ထင်ရှား၏။ လူတယောက်တည်းက နိုင်ငံရေးခေါင်းဆောင်လိုလို၊ ဘုရားအလောင်းလောင်းလိုလို လုပ်ကိုင်ပုံကိုလည်း သူမကြိုက်။

သူသည် ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် သူ့ဘာသာ သာသနာ ကြီးပွားထွန်းကားစေလိုစိတ် ရှိမည်မှာ အထူးမပြောလို။ ပုထုစဇဉ်ပီပီ သူ့ဘာသာတရား ကြီးပွားစေချင်မည်မှာ သေချာပါ၏။ သို့သော် သူသည် ဘာသာ သာသနာသာလျှင် ကြီးပွားစေပြီး တခြား ဘာသာတရားကို ခြေဖြင့် နင်းလိုသော ဆန္ဒမရှိ။

ထိုအချက်ကို သူတင်သွင်းသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံလမ်းညွန်ချက်များတွင် " လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ညီမျှစွာ ခံစားခွင့် ရှိရမည်" ဟူသော ဖော်ပြချက်က ထင်ရှားစွာ ထောက်ခံထားလေသည်။

ဤအကြောင်းတွေရေးလျှင် ကုန်ဆုံးနိုင်ဖို့ မရှိ။ ဤအကျဉ်းဖော်ပြချက်များကို ကြည့်ရှုဆင်ခြင်၍ သာလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးတရားအပေါ် ခံယူချက်၊ ကျင့်သုံးချက်များကို ရိပ်စားမိကြစေသတည်း။ ။

ရှေ့ သို့ ။ အတွဲ ၁၅ အမှတ် ၄ (၁၅-၇-၁၉၆၉)

credit to original uploader

  • ဗိုလ်ချုပ်အောင်ဆန်းပါဝင်ရိုက်ကူးသည့် ရုပ်ရှင်ဇတ်ကား
  • လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လူသိပ်မသိသောအချက် ၁၀ချက်
  • ဦးနုပြောသောဗိုလ်ချုပ်အောင်ဆန်း
  • စွန့် သူနှင့်စားသူများ
  • ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်နု
  • ကျနော်တို့ အောင်ဆန်း၊ပြည်သူတို့ အောင်ဆန်း
  • န၀တစစ်အစိုးရတက်ပြီးနောက် ၁၉၈၉တွင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တကျပ်တန်ငွေစက္ကူများ၏ ရေစာတွင်ထည့်သွင်းရေးဆွဲခဲ့
  • ဖွဲ့ စည်းပုံပြင်ရေးနဲ့ ရွေးကောက်ပွဲအရေး ဒေါ်စုနဲ့ သမ္မတတွေ့ ဆုံ
  • ဒေါ်အောင်ဆန်းစုကြည်အိမ်နံပါတ်နဲ့ ခြံတံခါး သိန်း ၅၀၀၀ နဲ့ လေလံဆွဲ
  • ကမ္ဘာ့လူကြိုက်အများဆုံးစာရင်းဒေါ်စုပါဝင်
  • သတင်းစာရှင်းလင်းပွဲ (ရွေးကောက်ပွဲဝင်ပြိုင်မယ်၊မပြိုင်ဘူးတရားဝင်ကြေငြာမယ်)
  • ဦးသိန်းစိန်အစိုးရလက်ထက် အောင်မြင်သောပြုပြင်ပြောင်းလဲရေးကဏ္ဍထောက်ပြရန်မရှိ ဟုဒေါ်အောင်ဆန်းစုကြည်ပြော
  • No comments:

    Post a Comment