ကက်သလစ် ဘာသာ ဘုန်းတော်ကြီးတွေက ဘာသာဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခဲ့တာတွေအပေါ် အကာအကွယ် လုပ်ပေးတဲ့ ဆရာတော်တွေနဲ့ အနိုင်ကျင့်မှုတွေ မဖြစ်အောင် အကာအကွယ် မလုပ်ပေးတဲ့ ဆရာတော်တွေကို စုံစမ်း စစ်ဆေးဖို့ ပုပ်ရဟန်းမင်းကြီးက ခွင့်ပြုလိုက်ပါတယ်။
ဘုန်းတော်ကြီးတွေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေ လုပ်တယ်လို့ တိုင်ကြားတာကို တချို့ ဆရာတော်တွေက ဘုန်းကြီးတွေကို အရေးမယူပဲ အမှုမပေါ်အောင် ဖုံးကွယ်ပေးတာတွေ လုပ်တယ်ဆိုပြီး မကျေမနပ် ဖြစ်နေကြသူတွေ ရှိပါတယ်။
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံရသူများအဖွဲ့က အဲဒီလို မကောင်းမှုကို ဖုံးကွယ်ပေးတဲ့ ဆရာတော်တွေကိုပါ အရေးယူပေးပြီး နှစ်နဲ့ချီကြာ တောင်းဆိုပြီးနောက် ပုပ်ရဟန်းမင်းကြီးက အခုလို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ပြစ်မှုတွေကို ဖုံးကွယ်ပေးတယ်လို့ စွပ်စွဲခံရတဲ့ ဆရာတော်တွေကို ဗာတီကန် ဌာန သုံးခုက အရင်ဆုံး စုံစမ်း စစ်ဆေးမှု လုပ်မှာ ဖြစ်ပြီး အဲဒီနောက် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ သိရပါတယ်။
ဗာတီကန် အရာရှိတွေထဲမှာ ကာဒီနယ်လ် George Pell လို ဆရာတော်တွေ အမှုထမ်းနေတဲ့အတွက် ဒီစနစ်က စိတ်မချရဘူးလို့ ပြောဆိုနေကြပါတယ်။
၁၉၇၀ ပြည့်နှစ်တုန်းက ဘုန်းတော်ကြီးတချို့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေကို ဆရာတော်ဖြစ်တဲ့ George Pell က အကာအကွယ်လုပ်ပေးခဲ့တယ်လို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ဘုန်းကြီးတွေကို နေရာပြောင်းရွှေ့မှုတွေ လုပ်ခိုင်းပြီး အမှုအပေါ်အောင် ဖုံးကွယ်လိုက်တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment