Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

ဗီဒီယို အကြိုခံစားခြင်း - မျက်ရည်မြစ်ဖျား


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ မိသားစုဇာတ်ကားလေးတစ်ကားအကြောင်း ညွှန်းပေးလိုက်ပါတယ်။

ဒေါ်မြတ်ထိပ်တင်မှာ ဂုဏ်ရည်ဦးဆိုတဲ့ သားလေးတစ် ယောက်ရှိပါတယ်။ ဒေါ်မြတ်ထိတ်တင်ရဲ့ ခင်ပွန်းကတော့ ဂုဏ်ရည်ဦး ကိုယ်ဝန်နဲ့ အချိန်ကတည်းက ပြည်ပမှာသွားပြီး အလုပ်လုပ်နေပါတယ်။ ဒေါ်မြတ်ထိပ်တင်က နာမည်အတိုင်း အဆင့်အတန်းလည်း အရမ်းခွဲခြား ပြီး ငွေဂုဏ်မောက်ပါတယ်။ အဲဒီအချိန်မှာ ဂုဏ်ရည်ဦး စက်ဘီးစီးသင်ရင်း ကားတိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ အဲဒါကြောင့် ဒေါ်မြတ်ထိပ်တင်က ဂုဏ်ရည်ဦးနေရာမှာ ထူးမောင်ဆိုတဲ့ ကလေးလေးကို သူ့ယောက်ျား မသိခင် အစားသွင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဒေါ်မြတ်ထိပ်တင်ရဲ့ ခင်ပွန်း လည်း ပြန်လာပြီး သူတို့မိသားစုရဲ့ စီးပွားရေးတွေလည်း ကောင်းလာပြီး ချမ်းသာလာကြပါတယ်။ နောက်ထပ်လည်း သမီးလေးတစ်ယောက်လည်း ထပ်ရခဲ့ပါတယ်။ နောက်ပြီး ဂုဏ်ရည်ဦးနေရာမှာ အစားထိုးထားတဲ့ ထူးမောင်ကလည်း သူ့အဖေအားကိုးရတဲ့သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်အထိလည်း ဦးဝင်းနိုင်ဦးကတော့ ထူးမောင်ကို သူ့သားဂုဏ်ရည်ဦးလို့ပဲ ထင်နေခဲ့ပါ တယ်။

ဒေါ်မြတ်ထိပ်တင်ကတော့ ထူးမောင်ကို တခြားမိသားစုဝင်တွေရဲ့ ကွယ်ရာမှာဆိုရင် အိမ်အကူ တစ်ယောက်လိုပဲ ဆက်ဆံ သလို ကိုယ့်အဆင့် ကိုယ်သိဖို့ဆို ပြီး အမြဲပြောလေ့ရှိပါတယ်။

ဦးဝင်းနိုင်ဦးက သူ့သားအတွက်ဆိုပြီး လက်စွပ်ပေးထားတာကို ဒေါ်မြတ်ထိပ်တင်က ဒီလက်စွပ်က သူ့သားရမယ့် အမွေဆိုပြီး လက်စွပ်အတုနဲ့ လဲဝတ်ခိုင်းခဲ့ တယ်။ နောက်ပြီး အဲဒီကိစ္စတွေကိုလည်း သူတို့နှစ်ယောက်ပဲ သိရမယ်လို့ ပြောခဲ့ပါတယ်။

ဦးဝင်းနိုင်ဦးက ဂုဏ်ရည်ဦးနေရာမှာ အစားဝင်နေတဲ့ ထူးမောင်ကို သူ့ရဲ့စီးပွားဖက်တစ်ယောက်ရဲ့ သမီးနဲ့ သဘောတူနေပါတယ်။ ကောင်မလေးရဲ့ နာမည်က မြတ်သန္တာဦးပါ။

အဲဒီအချိန်မှာ ဒေါ်မြတ်ထိပ်တင်က တစ်စခန်းထပါတယ်။ မြတ်သန္တာဦးက မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ ကောင်မလေးဖြစ်တာကြောင့် ထူးမောင်နဲ့ မတန်ဘူး။ စိတ်ကူး မယဉ်နဲ့လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့သမီး လေးနဲ့လည်း လက်ပွန်းတတီး မနေဖို့ အမြဲပြောလေ့ရှိပါတယ်။ ဒေါ်မြတ်ထိပ်တင် တားနေတဲ့ ကြားထဲကပဲ ထူးမောင်က မြတ်သန္တာဦးကို စိတ်ဝင်စားသွားပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ထူးမောင်နဲ့ မြတ်သန္တာဦးတို့ရဲ့ ဇာတ်လမ်းရှေ့ဆက်နိုင်မှာလား။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီဆိုတာ ဒေါ်မြတ်ထိပ်တင်သိရင် ဒီအတိုင်းငြိမ်နေမှာလား။ ဦးဝင်းနိုင်ဦးကကော ဂုဏ်ရည်ဦး အကြောင်း အမှန်အတိုင်း သိသွားမှာလား ဆိုတာတွေကိုတော့ အောင်သီရိထုတ်လုပ်ရေးက ဇွန်လ ၁၈ ရက်မှာ စတင် ဖြန့်ချိပေးမယ့် မျက်ရည်မြစ်ဖျားဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးကြပါ။

ဒီဇာတ်ကားမှာ ထူးမောင်အဖြစ် ပြေတီဦး၊ ဦးဝင်းနိုင်အဖြစ် ရဲအောင်၊ ဒေါ်မြတ်ထိပ်တင်အဖြစ် စိုးမြတ်သူဇာ၊ မြတ်သန္တာဦးအဖြစ် ယုသန္တာတင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

လုံမရဲ့ ၀တ္ထုကို ကိုကျော် ဇာတ်ညွှန်း ရေးထားပြီး ဒါရိုက်တာကျော် ဇောလင်း (အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

No comments:

Post a Comment