ယခုတလောတွင် မတော်မတည့်တာတွေကို မြင်ရ၊ ကြားရ၊ ဖတ်ရသည်။
ဂျင်းဘောင်းဘီချက်ပြုတ်ဝတ်သော အမျိုးသမီးငယ်တစ်ဦးကို ဆီးစပ်မွေးများဖြင့် မြင်လိုက်ရသည်။ ကြည့်မိသူ ကျွန်တော့်တွင် အပြစ်ရှိပါသည်။ ကမ္ဘာကျော် အဆိုတော် မင်းသမီး မိုင်လေ ဆိုင်းရပ်စ်က ချိုင်းမွေးပန်းရောင် ဆိုးပြခဲ့ပါသည်။ မြန်မာအမျိုးသမီးလေး က ဆေးဆိုးမပြတာကို ပဲ ကျေးဇူးတင်ရလေမည်လား မသိ။
အစိုးရသတင်းစာဆောင်းပါးတစ်ပုဒ်တွင် ဣဿာနှင့် မစ္ဆရိယကို စာလုံးပေါင်း မှားရေးထားသည်။ ကျွန်တော် အလွန်စိတ်ပျက်မိသည်။ ငယ်စဉ်ကတော့ စာလုံးပေါင်းသတ်ပုံအတွက် အစိုးရသတင်းစာများကို စံအဖြစ်ထားကြည့်ခဲ့ရသည်။ (နောက်တစ်ရက် အစိုးရသတင်းစာတွင် ပြင်ဆင်ချက် ထည့်ပါသည်)။
စစ်တပ်အကြီးအကဲ ပါဝင်လှူဒါန်းသည့် ခေါင်းလောင်းကို ``ဖူးတွေ့ရစဉ်`` ဟု ပုဂ္ဂလိက သတင်းစာတစ်စောင်က ပုံစာရေးသည်။ ခေါင်းလောင်းသည် ခေါင်းလောင်းသာ ဖြစ်သည်၊ စစ်တပ်အကြီးအကဲ လှူဒါန်းရုံမျှနှင့် ထိုမျှလောက် မကြီးကျယ်သွားသင့်ဟု တွေးထင်ရင်း စိတ်ညစ်ညူးရပြန်သည်။
တခြားပုဂ္ဂလိကသတင်းစာတစ်စောင်ကလည်း ပနားမားကို ကျူးဘားနိုင်ငံမြို့တော်ဟု ရေးထားသည်ကို ဖတ်ရပြန်သည်။ သတင်းထောက်ရော အယ်ဒီတာပါ ငယ်စဉ်က ပထ၀ီဝင်ဘာသာရပ်၌ အမှတ်နည်းခဲ့မည်ဟုသာ ဖော့တွေးမိပါသည်။ (အမှန်က ကျူးဘားနိုင်ငံမြို့တော်မှာ ဟာဗားနား ဖြစ်သည်)။
လိုင်းကားစီးအပြန်တွင် ၁၀၅ လိုင်း ကားမောင်းသမားက လမ်းမလယ်ကားရပ်ပြီး ခရီးသည်များကို ထားရစ်၍ ဆင်းသွားကာ နောက်က တက္ကစီသမားကို ကြိမ်းမောင်းခြိမ်းခြောက် ရိုက်ရန်ကြံသည်၊ အမှန်တော့ သူက ကားကြီးမောင်းပြီး လုပ်ချင်သလို လုပ်ခြင်းဖြစ်သည်။ တက္ကစီသမားက ဘာမှ ပြန်မပြော၍သာ အရိုက်မခံရခြင်းဖြစ်သည်။
လွှတ်တော်တွင်း သတင်းယူသည့် မီဒီယာများကို ကန့်သတ်သည့် သတင်းများ ဖတ်ရကြားရတော့ စိတ်ပျက်မိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်လည်း ပူပန်မိသည်။ တိရစ္ဆာန်အမြီးသည် မည်သည့်ကျည်တောက်စွပ်စွပ် မဖြောင့်တန်းတော့ဟု မိဘများ ငယ်စဉ်က ဆုံးမခဲ့သည်ကို အမှတ်ရသည်။
ကျွန်တော့်မှာ နေ့စဉ်ဆိုသလို မတော်တလျော်များ၊ အလွဲအချော်များ၊ စိတ်ညစ်စရာများကို ကြုံတွေ့နေရသည်။ အစိုးရကလည်း လုပ်ချင်သလို လုပ်၊ လွှတ်တော်ကလည်း လုပ်ချင်သလို လုပ်၊ တရားစီရင်ရေးကား အဆိုးဆုံးဖြစ်သည်။
လူမိုက် လူရမ်းကားနှင့် လူ့သရမ်းများကား လူ့ကြားနေရင်း လူကောင်းတွေကို ဒုက္ခပေးနေချိန်၌ ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဘက်က နိုင်သလောက် ရပ်တည်နေသူများကား ထောင်တွင်းနေရသည့်ခေတ်တွင် ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ အနိမ့်ဆုံးတော့ အမြင်မတော်သည်များကို ပါးစပ်ပိတ်မနေဘဲ ပြောရမည် မဟုတ်ပါလား။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 4, 2015
မျိုးသာထက်ရေးပြတဲ့အလွဲများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment