Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 13, 2015

အချီကြီးထိစေတဲ့ ရပ်ကွက်ထဲက ဂိမ်းရုံတွေ


Byအောင်သစ်လွင်ဖိုးတုတ်

တစ်နေ့ဝင်ငွေ ကျပ်တစ်သောင်းခန့်   ရှာနိုင်သည့်   လှည်းတန်းလမ်းဆုံမှ ဆိုက်ကားဆရာ ကိုဖိုးဝ (အမည်လွှဲ)တစ်ယောက် ဆိုက်ကားနင်းချင်စိတ် မရှိတော့သည်မှာ နှစ်လခန့် ရှိနေပါပြီ။ နံနက်မိုးလင်းသည်နှင့် ရပ်ကွက်အတွင်း ဖွင့်ထားသည့်  ကာစီနိုဂိမ်းဆိုင်သို့သာ စိတ်ကရောက်နေပြီး ပိုက်ဆံမရှိ၍ မကစားနိုင်သည့်တိုင် အခြားသူများ  ဆော့နေသည်ကို ဂိမ်းဆိုင်ထဲတွင် ထိုင်၍ ငေးနေပါ သည်။


ကိုဖိုးဝ ကာစီနို ဂိမ်းကစားချင်သည်။ သို့သော် ပိုက်ဆံကမရှိ။ ဆိုက်ကားလည်း နင်းချင်စိတ်မရှိ။ ဆိုက်ကားနင်းသက် သုံးနှစ်ခန့်အတွင်း ပုံမှန်စီးခဲ့သည့် လှည်းတန်းဈေးထဲမှ ကုန်စိမ်းနှင့်အသား၊ ငါးရောင်းသူ ဖောက်သည်တွေကလည်း ယခုအခါ အချိန်မတိကျတော့ဟုဆိုကာ ၎င်းကို မ ခေါ်ကြတော့။ ထိုအကြောင်းများကြောင့်ပင် ကိုဖိုးဝတစ်ယောက် ကာစီနိုဂိမ်းဆိုင်နှင့် အနီးဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်များတွင် ညောင်းအောင်ထိုင်လျက် အချိန်ဖြုန်းမိနေခြင်းဖြစ်ကြောင်း ၎င်းက ပြောပါသည်။

      ‘‘ကျွန်တော်ဆိုင်ကားနင်းတာ တစ်နေ့တစ်သောင်းလောက် ရှာနိုင်တယ်။ ပိုက်ဆံစု၊ ကားအရစ်ကျဝယ်ပြီး တက္ကစီဆွဲစားဖို့လည်း စိတ်ကူးရှိခဲ့တယ်။ ဒါပေမဲ့ ဂိမ်းဆိုင်ကို တစ်ကြိမ်ရောက်သွားပြီး နောက်ထပ်နောက်ထပ်တွေ ရောက်သွားတဲ့အချိန်မှာ ကျွန်တော့်ဘဝပျက်တော့တာပါပဲ’’ဟု ကိုဖိုးဝက ပြောသည်။

လှည်းတန်းလမ်းဆုံနှင့် လှည်းတန်းဈေးအနီးတစ်ဝိုက်တွင် ကိုဖိုးဝဆိုက်ကားနင်းလာခဲ့သည်မှာ သုံးနှစ်ကျော်နေပြီဖြစ်ပါသည်။ ယခင်က ကာစီနိုဂိမ်းမဆော့တတ်။  ဆော့ရကောင်းမှန်းလည်းမသိ။  လွန်ခဲ့သည့် လေးလခန့်က ကွန်ပျူတာဂိမ်းအလွန်ဆော့သည့် သူငယ်ချင်းတစ်ဦး ၎င်း၏မိဘအိမ်မှ ဆင်းလာကာ ကိုဖိုးဝအိမ်တွင် ခေတ္တလာနေသည့်အခိုက် ဂိမ်းဆိုင်သို့ တစ်ကြိမ်လိုက်မိရာမှ အလုပ်အကိုင်ပျက်သည်အထိ ဂိမ်းစွဲသွားသည်ဟု ပြောသည်။

ကာစီနိုဂိမ်းကစားခဲ့သည့် ငါးလခန့်အတွင်း ငွေကျပ်သိန်းသုံးဆယ်ခန့် ဆုံးရှုံးခဲ့ရပြီး  ကိုဖိုးဝ စိတ်ကူးယဉ်ခဲ့သည့် ပိုက်ဆံအရစ်ကျပေး၍ ကားဝယ်ကာ တက္ကစီဆွဲမည့် အိပ်မက်လည်း ပျက်သွားပြီဖြစ်သည်။

‘‘တစ်ကြိမ်တည်းမှာ အများဆုံး ရှုံးဖူးတာက ပိုက်ဆံသုံးသိန်းခွဲ။ အဲဒီနေ့က ဈေးသည်တွေနဲ့ ဆိုက်ကားသမားတွေပေါင်းပြီး စုနေတဲ့ ဆုငွေပေါက်ပေါက်ချင်း သွားဆော့တာ။ ကုန်တာပဲ’’ဟု ဆိုသည်။

ကာစီနိုဂိမ်းဆိုင်ဖွင့်သူများက လာဆော့မည့်သူများအား ဗျူဟာမြောက် ဆွဲဆောင်ကြပါသည်။ ဆိုက်ကားနင်းသူကဲ့သို့ အခြေခံလူတန်းစားမှသည် ငွေကြေးချမ်းသာသူအထိ မည်သူကိုမဆို ဝန်ထမ်းမိန်းကလေးများက ပျူပျူငှာငှာ ကြိုဆိုကြသည်။ အဆင့်အတန်းမီ စားသောက်ဆိုင် တစ်ဆိုင်တွင် ရနိုင်သည့် စားသောက်ဖွယ်မျိုးစုံကို ပြင်ဆင်ပေးထားသည်။ စားချင်သည့် အစားအစာကို အခမဲ့ စားစေသည်။ ထို့ နောက် ငွေတစ်ထောင်ရင်းပါက (လောင်းကြေး၏အဆ ငါးဆယ်) ငါးသောင်းရနိုင်သည့် ရင်ခုန်ဖွယ်ရာ ဆွဲဆောင်မှုမျိုးဖြင့် မိတ်ဆက် ပေးသည်။ တစ်ကြိမ်က နှစ်ကြိမ် ရောက်ပြီးသည့် အချိန်တွင်တော့ ကာစီနိုလောင်းကစားရုံများသည် ကလေး၊ လူငယ်၊ လူကြီးမရွေး ပိုင်ပိုင်နိုင်နိုင်    ဆွဲဆောင်ထား လိုက်နိုင်ပါပြီ။

ကာစီနိုဂိမ်းဆော့သူအများစု တူညီစွာပြောသည့် စကားတစ်ခွန်းရှိပါသည်။ ‘‘ပထမဆုံးတစ်ကြိမ်သွားဆော့။ နိုင်ကိုနိုင်ရမယ်’’ ဟူ၍။ ကာစီနိုဂိမ်းဆိုင်များက ပထမဆုံး လာဆော့သူဆိုလျှင် မန်ဘာကတ်လုပ်စေ၍ ငွေသားတန်ဖိုး သုံးသောင်းနှင့်ညီမျှသော လောင်းကစားခွင့်   အလကားပေးခြင်းဖြင့် ဆွဲဆောင်ကြသည်။ ထိုပုံစံဖြင့် ပထမဆုံးအကြိမ် ဆော့ပြီးသည့် နောက်တွင် ကာစီနိုဂိမ်းဆိုင်များကို ကိုယ့်အိမ်ကိုယ့်ရာလို့ အထင်မှတ်ကာ သားပစ်မယားပစ် ဆော့နေကြသည်ဟု ကာစီနိုဂိမ်းကစားခဲ့သောကြောင့် ငွေကြေးသိန်း ရာချီရှုံးကာ ၂ နှစ်အတွင်း တိုက်ခန်း နှစ်ခန်း စွန့်လွှတ်လိုက်ရသည့် ကမာရွတ်မြို့နယ်မှ ကိုမျိုးအေးက ပြောသည်။

ကိုဖိုးဝနှင့် ကိုမျိုးအေးမှာ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းများဖြစ်ပြီး ကာစီနိုဂိမ်းဆိုင်ကဲ့သို့ လောင်းကစားရုံများကို မသွားရန် ၎င်းတို့အတွေ့အကြုံနှင့် ယှဉ်၍ သတိပေးသည်။ ကိုဖိုးဝဆိုလျှင် ဆိုက်ကားနင်းသည့်အလုပ်မှ နေ့စဉ် ဝင်ငွေ ကျပ်တစ်သောင်းခန့်ရခဲ့သော်လည်း ယခုအခါ ငှားနေကြ ဖောက်သည်တို့ ပျက်ခဲ့ပြီဖြစ်သည်။ ဝင်ငွေပုံမှန် မရှိတော့။ အဆိုးရွားဆုံးမှာ ငွေကြေးအခက်အခဲ ဖြစ်၍ စိတ်ညစ်ကာ လှည်းတန်းဈေးအနီး ဆိုက်ကားထိုး အိပ်နေချိန်တွင် ထိုနေရာအနီးမှ ဖုန်းဆိုင်ဖောက်ခံရသည့် အမှု၌ ၎င်းကို တရားခံဟု ရဲတပ်ဖွဲ့က စွပ်စွဲကာ ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်သည်။

‘‘ဒီမှာ ကိုယ်က ဘူ(စိတ်ညစ်နေသည်ဟု အဓိပ္ပာယ်ရသော ဗန်းစကား)ပြီး အိပ်နေတာ။ ဖုန်းဆိုင် အဖောက်ခံရတာ မင်းမသိဘူးလားဆိုပြီး အဖမ်းခံရတာပဲ။  အဲဒီ အမှုလည်း ကိုယ် ဘာမှမသိရဘဲ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဂိမ်းကတော့ သောက်ကျိုးကို မပေးတာ’’ဟု     မိမိကိုယ်ကိုယ် ဒေါသထွက်နေပုံဖြင့် ခမ်းကြမ်းကြမ်းပြောပါသည်။ ကိုမျိုးအေးကလည်း ကာစီနိုဂိမ်း ကစားခဲ့ သည့်အတွက် တိုက်ခန်းနှစ်ခန်း ရောင်းလိုက်ရကာ အိမ်ငှားဘဝသို့ရောက်ခဲ့သည့်အတွက် မည်သူမဆို ဂိမ်းကို အစပြု၍ မကစားစေချင်ကြောင်း အကြံပြုသည်။

ကမာရွတ်မြို့နယ်ရှိ ဂိမ်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ‘‘ကိုယ်က ဒီမှာ လုပ်နေတဲ့ လက်စရှိလို့သာ။ လာဆော့တဲ့သူမှန်သမျှ ရှုံးတာပါပဲ။ တွေ့နေရတာပဲ။ မလာစေချင်ဘူး။ တချို့ဆို အဖမ်းခံရတဲ့ အထိ။ လာဆော့ကြလို့ စီးပွားပျက်တာလည်း ညီမတို့ရှေ့တင်’’ ဟု ဆိုပါသည်။

ကမာရွတ်မြို့နယ်အတွင်းတွင်ပင် ကလေးကစားသည့် တီဗီဂိမ်းဆိုင်အမည်ခံ ကာစီနိုဂိမ်းဆိုင် သုံးဆိုင်ရှိနေပြီး ရန်ကုန်မြို့တွင်း မြို့နယ်တိုင်းတွင် ကာစီနိုဂိမ်းဆိုင် သုံးဆိုင် လေးဆိုင်အထိ ရှိနေသည်။ ထိုဆိုင်များတွင် အသုံးပြုသည့် ဂိမ်းစက်များ တင်သွင်းခွင့် လိုင်စင်တင်ရာတွင် ကလေးများ  ကစားရန် အကြောင်းပြ တင်သွင်းကြပြီး လုပ်ငန်းရှင်နှင့် အာဏာပိုင် နားလည်မှုဖြင့် ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

‘‘ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဒီဆိုင်တွေဖွင့်ပြီး လုပ်စား နေတာ ကြာပြီ။ လိုင်စင်ပေးတဲ့သူကလည်း ဥပဒေအရ ပေးလို့ရတယ်ဆိုပြီး ချပေးတယ်။ ဒီစက် တွေနဲ့ ဂိမ်းကစားတာလား၊ လောင်းကစားလုပ်နေတာလား ဆိုတာ လူတိုင်းသိနေတာပဲ။ ဒါ တွေကို သေချာကြီးကြပ်လုပ်နေ တာတော့ မတွေ့ရသေးဘူး’’ဟု ၎င်းက ပြောသည်။

ကိုဖိုးဝနှင့် ကိုမျိုးအေးမှာ လက်ရှိအချိန်တွင် ဂိမ်းကစားမှုကြောင့် စီးပွားရေး အခြေအ နေယိမ်းယိုင်ခဲ့ရသလို ထိုဂိမ်းဆိုင် များသို့ နောက်ထပ်မသွားရန် ဆုံး ဖြတ်ထားကြပါသည်။ သို့သော် အကြောင်းမသိသူအချို့ကတော့ ဂိမ်းဆိုင်များ၏ ပရိယာယ်အောက် လတ်လတ်ဆတ်ဆတ် ရောက်သွားသူများရှိနေပါသည်။

ပြီးခဲ့သည့် ၂၀၁၄ နှစ်ကုန်ပိုင်းက ကမာရွတ်မြို့နယ်အတွင်း အ ဆောက်အအုံတစ်ခုတွင် ကလေး ကစားကွင်းအသေးစားပုံစံဖြင့် ဆိုင်တစ်ဆိုင် လာဖွင့်ခဲ့သည်။ ဆိုင်အသွင်အပြင်မှာ ပတ်ချာလည် အလုံပိတ်ထားပြီး အဝင်အထွက် တံခါးကိုပင် စတစ်ကာဖြင့် ပိတ်  ထားသည်။ အတွင်းပိုင်းကို မမြင်ရ။ ဆိုင်ရှေ့တွင်မူ ဝန်ထမ်းအမျိုး သမီးငယ်အချို့ ရံဖန်ရံခါ တွေ့ရ တတ်သည်။ လေ့လာမှုများအရ  ယင်းဆိုင်သည် ကွန်ပျူတာဂိမ်း ဆိုင်တစ်ဆိုင်ဖြစ်နေပြီး ဂိမ်းကစားမည့် ဖောက်သည်အသစ်များခေါ် လာသူကို ကော်မရှင်ခပေးခြင်း ဖြင့် စည်းရုံးခဲ့သည်။

ထိုကဲ့သို့ စည်းရုံးခံရသူများအနက် ထိုဂိမ်းဆိုင်အနီးတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ကိုမင်းနိုင် (အမည်လွှဲ)လည်း ဓားစာခံဖြစ်သွားခဲ့သည်။ ကိုမင်းနိုင်တစ်ယောက် မကစားဖူးသော ကွန်ပျူတာဂိမ်းကို ကစားမိရာမှ နေ့စဉ် ရက်ဆက်ကစားခဲ့ပြီး တစ်လခန့် အတွင်း ကျပ်သိန်း ၇၀ ခန့် ဆုံးရှုံးခဲ့ သည်။ နောက်ဆုံးရလဒ်အနေဖြင့် ငွေကြေးဆုံးရှုံးမှုကြောင့် ဇနီးဖြစ်သူနှင့် စကားများကာ နေအိမ်မှ ဆင်းခဲ့သောကြောင့် ၎င်းကိုယ်တိုင် ဖိဖိစီးစီးလုပ်ခဲ့သည့် ကုန်စုံဆိုင်လုပ်ငန်းကို လက်လွှတ်လိုက် ရသည်။ ယခုတော့ ကိုမင်းနိုင်၏ ဈေးဆိုင်ကလေးသည် ယခင်လောက် ကုန်ပစ္စည်းမစုံတော့သည့် အခြေအနေဖြစ်နေပြီး ကွန်ပျူတာဂိမ်းဆိုင်မှာတော့ လုပ်ငန်းအရှိန်ရလာကာ နာမည်ကြီး လူငယ်အနုပညာရှင်အချို့ပင် နေ့စဉ်လိုလို လာကစားနေသည်ကို တွေ့နေရပြီဖြစ်သည်။

‘‘အဲဒီလူ တကယ် အလုပ်လုပ်တာ။ သူကိုယ်တိုင် ကွမ်းယာတယ်။ သူကိုယ်တိုင် ဈေးဝယ်။ ဒါပေမဲ့ ဂိမ်းကစားပြီး ဂိမ်းဆိုင်မှာ အချိန်တွေဖြုန်းပြီး သူ့ဆိုင်ကလေး အရင်လို ပစ္စည်းမစုံတော့တဲ့အထိ အခြေအနေဆိုးသွားတာ ကျွန်တော့် မျက်မြင်။ စိတ်မကောင်းဘူး’’ဟု ကိုမင်းနိုင်၏ဆိုင်တွင် နေ့ စဉ် ဈေးဝယ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကာစီနိုလောင်းကစားနှင့် ပတ်သက် သည့် သင်တန်းတစ်ခုကိုရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကုမ္ပဏီတစ်ခုက ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ကာစီနိုကို တရားဝင် ခွင့်မပြုသေးသည့် အခြေအနေတွင် လူမှုကွန်ရက်မှတစ်ဆင့် ပေါ်ပေါ်တင်တင် ကြေညာခြင်းဖြစ်သည်။ ယင်းကုမ္ပဏီက  အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်သားများကို ခေါ်ယူနေသောကြောင့် ထိုအတွက် ရည်ရွယ်၍ သင်တန်းပေးရန် ခေါ်ယူခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော် ဒေသတွင်း အစိုးရနှင့် နားလည်မှုယူကာ ခိုးကြောင်ခိုးဝှက်ဖွင့်နေသည့် လောင်းကစားရုံများကို ရဲတပ်ဖွဲ့က အရေးယူမှုအား နည်းသည့်အခြေအနေတွင် ယင်းကဲ့သို့ ကြေညာလိုက်ခြင်းက  ဂိမ်းဆိုင်များ တရားဝင် ဖွင့်ခွင့်ပေးနေပြီလားဟူ၍ လောင်းကစားကြောင့် စီးပွားရေး အခြေအနေ ယိမ်းယိုင်ခဲ့ကြသည့် ရန်ကုန်မြို့ခံအချို့ စိုးရိမ်ခဲ့ကြသည်။

ထိုင်းနိုင်ငံနယ်စပ်နှင့် နယ်ချင်းစပ်နေပြီး ကွန်ပျူတာဂိမ်းဆိုင် အမည်ခံ ကာစီနို ဂိမ်းရုံကဲ့သို့ လောင်းကစားရာ နေရာများရှိခဲ့ သည့် မွန်ပြည်နယ် မြို့နယ်အချို့ တွင် အရပ်ဘက်အဖွဲ့အစည်းများ နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ စီမံချက်ဖြင့် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခဲ့ဖူး သည်။ ယင်းစီမံချက်တွင် တာဝန်ယူခဲ့သည့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက လောင်းကစားရုံများ အမြစ်ပြတ်ချေမှုန်း ရေးအတွက် ယခုလို အကြံပြုပါသည်။ ‘‘ဂိမ်းဆိုင်ဖွင့်တာနဲ့ ဓာတ်ပုံရိုက်၊ ရဲကိုတိုင်၊ မဖမ်းရင် ထပ်အသိပေး။ အွန်လိုင်းတင်၊ အဖွဲ့ အစည်းပေါင်းစုံကို စာပို့။ တစ်ပတ်လောက် ကြာလို့မှ အရေးမယူဘူးဆိုရင် အဲဒီမြို့နယ်၊ အဲဒီရပ်ကွက်က စခန်းမှူးနာမည်နဲ့ အထက်ကို ထပ်တိုင်၊ ဘယ်သူမှ ထမင်းအိုး အကွဲမခံနိုင်ကြဘူး။ ဖမ်းပြကြမှာပါ’’။

ဂိမ်းရုံများအတွင်း ငါးမန်း၊ ခြင်္သေ့၊ ကျီးကန်း၊ စင်ရော်၊ ခို၊ ဝက်ဝံ စသည့် အရုပ်များကို အရုပ်တစ်ခုချင်းစီ လိုက်၍ မိမိ လောင်းကြေး ထိုးလိုက်သည့် ပမာဏပေါ်မူတည်၍ လျော်ကြေးငွေ ရနိုင်သည့် ကွန်ပျူတာဂိမ်းစက်များဖြင့် ဖန်တီးထားသည်။ လျော် ကြေးအနေဖြင့် လေးဆ၊ ခြောက် ဆ၊ ရှစ်ဆ၊ ၁၂ ဆနှင့် ငါးမန်းပွက်လိုက်ပါက ၂၄ ဆ၊ အဆ ၅၀ စသည်ဖြင့် လျော်ကြေးရနိုင်မည့် မက်လုံးပေးထားသည်။ ထို့ပြင် ငွေတစ်သောင်းလောင်းလိုက်ပါက အဆ ၁၀၀၀၊ ၁၂၀၀ စသည်ဖြင့် အံ့သြလောက်ဖွယ် လျော်ကြေး သတ်မှတ်ထားသည့် ဂိမ်းကစားနည်းများလည်း ရှိသည်။ ယခင်က ငွေကြေးဖြင့် တိုက်ရိုက်ကစားကြ ပြီး ယခုအခါ မိမိအလောင်းအစား ပြုမည့် ငွေပမာဏကို လက်မှတ် ဖြတ်ကာ ယင်းလက်မှတ်ဖြင့် ကစားကြသည်။

‘‘ရပ်ကွက်ထဲက ဂိမ်းဆိုင် တစ်ဆိုင်ကို ရဲဝင်ဖမ်းပြီး သိပ်မကြာဘူး။ လောင်းကစားဥပဒေနဲ့ လွတ်အောင် ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး တုံကင်နဲ့ ဆော့ခိုင်းတာ။ ရှုံးတဲ့သူက စိတ်လိုက်မာန်ပါ ထုရိုက်လိုက်ရင် ပစ္စည်းတွေ ဘာမှ မထိခိုက်နိုင်အောင် လုပ်ထားတာ’’ဟု ဂိမ်းဆိုင်တွင် နေ့ရောညပါ အချိန်ဖြုန်းခဲ့ဖူးသူ ကိုဖိုးဝက ဆိုပါသည်။
http://7daydaily.com/story/39348

No comments:

Post a Comment