"ကျွန်မနည်းနည်းလေးတော့ တုန်လှုပ်နေတယ်။ ဒါပေမဲ့ ကြောက်ကြောက်နဲ့ပဲ
ရှေ့တိုးခြေလှမ်းခဲ့မိတယ်။ နောက်ထပ် မိနစ်နည်းနည်းလောက်ကြာတော့
ကျွန်မရဲ့ခေါင်းခြုံလွှာကို ဖယ်လိုက်ပါတယ်။ သူက ကျွန်မကို စိုက်ကြည့်နေတယ်။
ကျွန်မ မျက်လုံးတည့်တည့်ကိုပေါ့။ ပြုံးလည်း ပြုံးနေတယ်။ ကျွန်မရဲ့ရင်တွေက
အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ တဒိတ်ဒိတ် ခုန်နေတယ်။ သူက ပြုံးတယ်။ ပြီးတော့
ကျွန်မတစ်သက်တာအတွက် ဘယ်တော့မှ မမေ့မယ့် စကားတစ်ခွန်းကို ပြောပါတယ်။
‘ငါတို့ ဒီနေ့ လက်ထပ်ကြရအောင်လား’ တဲ့လေ’’
အချစ်ဝတ္ထုဆန်ဆန်
နုနုရွရွ ဖန်တီးရေးသားထားသည့် ဝါဒဖြန့်စာပိုဒ်သည် စိတ်မခိုင်သော
အမျိုးသမီးငယ်များအတွက် အလွယ်တကူ ညွတ်နူးပျော်ဝင်သွားလောက်သည့်
နတ်သမီးပုံပြင်တစ်ပုဒ်ပမာ လှပနေသည်။ နူးညံ့သော်လည်း အဆိပ်ပြင်းသည့် အဆိုပါ
ဝါဒဖြန့်စာသားများကို ရေးသားထားသူသည် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)၏
အမျိုးသမီးအဖွဲ့ဝင် ရှမ်စ်ဆိုသူဖြစ်သည်။ ၎င်းက
အိုင်အက်စ်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည့် ခင်ပွန်းသည်နှင့်
လက်ထပ်ခဲ့ပုံကို ထိုကဲ့သို့ ခမ်းခမ်းနားနား တန်ဆာဆင်ရေးဖွဲ့ပြထားခြင်း
ဖြစ်သည်။
ရှမ်စ်ကဲ့သို့ အိုင်အက်စ်၏ အမျိုးသမီးအဖွဲ့ဝင်များသည်
အီရတ်နှင့် ဆီးရီးယားတို့တွင် ကျယ်ပြန့်စွာ ခြေကုပ်ယူလှုပ်ရှားနေပြီး
နာမည်ဆိုးနှင့် ကျော်ကြားလှသော စစ်သွေးကြွအဖွဲ့အစည်းသို့
နောက်ထပ်အမျိုးသမီးများ စိမ့်ဝင်ရောက်ရှိလာစေရန် ဝါဒဖြန့်သည့် တာဝန်ကို
ယူထားကြသည်။ သူတို့ကို အိုင်အက်စ်၏ ဆွယ်တရားဟောသူများအဖြစ် သတ်မှတ်ထားသည်။
အစွန်းရောက်ဝါဒ၏ မှိုင်းမိနေပြီး ပင်ကိုအတွေးအခေါ် နုနယ်သေးသော
မိန်းကလေးငယ်များသည် အင်တာနက်မှ ဝါဒဖြန့်နေသည့် ရှမ်စ်ကဲ့သို့
အိုင်အက်စ်အဖွဲ့ဝင်များ၏ ပစ်မှတ်များ ဖြစ်လာကြသည်။
ရှမ်စ်ဆိုသည်မှာ အမျိုးသမီး၏ အမည်ရင်း မဟုတ်နိုင်ချေ။ သူကဲ့သို့ပင်
အမည်ဝှက်များ အသုံးပြုပြီး အင်တာနက်ကို အခြေပြုလှုပ်ရှားနေသည့်
အိုင်အက်စ်အဖွဲ့ဝင် အမျိုးသမီးအရေအတွက် ၅၅၀ မျှထိ ရှိနိုင်ကြောင်း
လန်ဒန်အခြေစိုက် မဟာဗျူဟာစည်းရုံးရေး သုတေသနဌာန (အိုင်အက်စ်ဒီ)က
မှတ်ချက်ပြုထားသည်။
‘‘ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ Tumblr နဲ့ Blog
တွေကနေတစ်ဆင့် အနည်းဆုံး မိန်းကလေး ၁၀၀ လောက်ကို အိုင်အက်စ်က
သိမ်းသွင်းစုဆောင်းနိုင်ခဲ့တယ်’’ဟု အိုင်အက်စ်ဒီ၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
အိုင်အက်စ်ဒီသည် အိုင်အက်စ် အသိုက်အဝန်းရှိ
အမျိုးသမီးများ၏ နေ့စဉ်ရှင်သန်နေထိုင်မှု ဘဝပုံစံကိုလည်း အသေးစိတ်
လေ့လာလျက်ရှိသည်။ အိုင်အက်စ်ဒီမှ သုတေသီများက အိုင်အက်စ်၏
အသုံးချခံအမျိုးသမီးများကို လေ့လာစောင့်ကြည့်ခြင်းဖြင့် အဆိုပါ
အကြမ်းဖက်အဖွဲ့အစည်း၏ စည်းရုံးရေးနည်းလမ်းများကို ပိုမိုနားလည်လာနိုင်ပြီး
၎င်းတို့ကို ဆန့်ကျင်ချေမှုန်းရာတွင် ပိုမိုထိရောက်မည်ဟု ယူဆထားကြသည်။
‘‘လုပ်ကြံပြောဆိုတာတွေ၊ လွန်လွန်ကဲကဲ တန်ဆာဆင်ထားတာတွေချည်းပါပဲ။ ဒါပေမဲ့
အိုင်အက်စ်က ဆွယ်တရားဟောတဲ့နေရာမှာ အမျိုးသမီးတွေကို ပိုင်ပိုင်နိုင်နိုင်
အသုံးချနေတယ်။ အိုင်အက်စ်ရဲ့ အဖွဲ့ဝင်အမျိုးသမီးတွေက အသက်(၁၃) နှစ်ကနေ
(၄၀)လောက်ထိ အမျိုးမျိုးဖြစ်နိုင်တယ်။ ပညာအရည်အချင်းကလည်း အမျိုးမျိုးပဲ။
သူတို့ရဲ့ ဖွဲ့စည်းပုံကလည်း တော်တော်လေး ရှုပ်ထွေးတယ်’’ဟု အိုင်အက်စ်ဒီ၏
အကြီးတန်းသုတေသီ အီရင်ဆော့လ်မန်းက မှတ်ချက်ပြုပြောကြားသည်။
အိုင်အက်စ်အဖွဲ့သည် ၎င်းတို့ သိမ်းသွင်းထားသည့် အမျိုးသမီးများကို
စည်းရုံးရေးလုပ်ငန်းစဉ်များအပြင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့်
အသုံးချနေကြသည်။ ရှမ်စ်ကဲ့သို့သော ဝါဒဖြန့်ချိရေးကျွမ်းကျင်သူများကမူ
အိုင်အက်စ်၏ လမ်းစဉ်များကို အယူလွဲအထင်ကြီးနေသည့် မိန်းကလေးငယ်များအတွက်
ယုံကြည်အားကျရာ နာမည်ကျော်များ ဖြစ်လာကြသည်။
ရှမ်စ်သည်
ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။ သူ၏နောက်ခံဘဝကို ခြေရာကောက်လေ့လာသည့်အခါ အိန္ဒိယ
(သို့မဟုတ်) ပါကစ္စတန်နွယ်ဖွား မလေးရှားနိုင်ငံသူတစ်ဦးဖြစ်ပြီး
အသက်(၂၇)နှစ်အရွယ် ဆရာဝန်တစ်ဦးလည်း ဖြစ်နေသည်။ အိုင်အက်စ်တို့
အင်အားကြီးမားလာချိန်တွင် ရှမ်စ်သည် ဘဝဟောင်းကို လုံးဝကျောခိုင်းကာ
အယူသီးစစ်သွေးကြွများထံ ခိုဝင်ပူးပေါင်းလာခြင်းဖြစ်သည်။
ရှမ်စ်က
သူ၏ခင်ပွန်းမှာ မော်ရိုကိုနွယ်ဖွား တိုက်ခိုက်ရေးသမားတစ်ဦးဟု
ဖော်ပြထားပြီး ရဲရင့်သည့် စစ်သည်တစ်ဦးအဖြစ် ညွှန်းဆိုထားသည်။ သူ၏
အရေးအသားများတွင် အိုင်အက်စ်တို့သည် အလွန်မွန်မြတ်သည့် တာဝန်များကို
ထမ်းဆောင်နေခြင်းဖြစ်ပြီး အိုင်အက်စ်အသိုက်အဝန်းအတွင်း နေထိုင်ရခြင်းသည်
သာယာပြည့်စုံလွန်းသည့်သဖွယ် ဖော်ပြထားသည်။
‘‘အစွန်းရောက်ပေမယ့်
ထိရောက်တဲ့ နည်းလမ်းနဲ့ ဝါဒဖြန့်နေတာပါပဲ’’ ဟု အိုင်အက်စ်၏
အမျိုးသမီးစည်းရုံးရေးမှူးများနှင့် စပ်လျဉ်းပြီး အိုင်အက်စ်ဒီ၏
သုတေသီတစ်ဦးဖြစ်သူ မယ်လာနီစမစ်သ်က ဆိုသည်။
‘‘ရှမ်စ်ကို ကျွန်မတို့ စောင့်ကြည့်နေတာ။ သူ့ရဲ့သိမ်းသွင်းပုံက တဖြည်းဖြည်း သံတမန်ပိုဆန်လာတယ်’’ဟု မှတ်ချက်ပြုခဲ့သည်။
ဆော့လ်မန်းကလည်း ‘‘အိုင်အက်စ်ဟာ ကမ္ဘာတစ်ခုလုံးအတွက် ပြဿနာကြီး ဖြစ်နေတယ်။
ဒါပေမဲ့ သူတို့တွေက အမျိုးသမီးတွေရဲ့ သနားတတ်တဲ့စိတ်အခြေခံကိုလည်း
အသုံးချနိုင်တယ်။ မွတ်စလင်အသိုက်အဝန်းနဲ့ တစ်ကမ္ဘာလုံးက သူတို့ကို
ဝိုင်းကြဉ်ထားလို့ အထီးကျန်နေသလိုလို လုပ်ချင်လုပ်ပြတတ်တယ်။ အဲဒီအပိုင်းက
ရှင်းပြရခက်လွန်းတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးတွေရဲ့အမြင်မှာ
တစ်ကမ္ဘာလုံးရဲ့ သတ်မှတ်ချက်က မှားနေသလိုလို ထင်မှတ်သွားလောက်အောင်
သူတို့ရဲ့ ဝါဒဖြန့်ဗျူဟာက ထက်မြက်တယ်’’ဟု ပြောကြားသည်။
လွန်ခဲ့သည့် လအနည်းငယ်က အေမိုင်ရာအေဘာဆီသည် ချယ်လ်ဆီးအသင်းကို အားပေးပြီး
ဖက်ရှင်ကဏ္ဍကို စိတ်ဝင်စားသည့် သာမန်လန်ဒန်မြို့သူ မိန်းကလေးတစ်ဦး
ဖြစ်ခဲ့သည်။
Social Media များတွင် သူရေးသားထားသည်များသည်
ဝယ်ယူလိုသည့် ဖိနပ်အကြောင်း၊ ကျောင်းတွင် သူ မုန်းတီးသည့်
ဘာသာရပ်အကြောင်းများသာ ဖြစ်ခဲ့သည်။
သို့သော်လည်း ယခုနှစ်
ဇန်နဝါရီလတွင် သူ၏အရေးအသားများ ပြောင်းလဲလာသည်။ ဆီးရီးယားမှ
ခိုလှုံလာသည်ဆိုသည့် မိန်းကလေးသူငယ်ချင်း နှစ်ယောက်အကြောင်း
ပိုမိုရည်ညွှန်းလာသည်။
တစ်နေ့တွင် အေဘာဆီနှင့် သူငယ်ချင်း
နှစ်ဦးတို့သည် ရုတ်တရက် ပျောက်ကွယ်သွားကြ သည်။ သူတို့သုံးဦး
လန်ဒန်လေဆိပ်မှတစ်ဆင့် ကျောပိုးအိတ်ကိုယ်စီဖြင့် ထွက်ခွာသွားသည်ကို
လုံခြုံရေးကင်မရာများက မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင်
အေဘာဆီသည် ကိုယ်လုံးပြည့်အဝတ်ခြုံထားပြီး အခြားအိုင်အက်စ်အဖွဲ့ဝင်
အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံကို တွစ်တာတွင် လွှင့်တင်ကာ
‘ညီအစ်မများ’ဟု ပုံညွှန်းစာရေးထားခဲ့သည်။
ယခုသီတင်းပတ်တွင်
အေဘာဆီ၏ မိသားစုက အသက်(၁၅)နှစ်အရွယ် မိန်းကလေးထံမှ ဆက်သွယ်လာပြီး
ကျန်းမာရေးကောင်းမွန်ကာ ပျော်ရွှင်နေကြောင်း၊ ဗြိတိန်သို့ ပြန်လာရန်
အစီအစဉ်မရှိကြောင်း အသိပေးခဲ့သည်ဟု ရဲများထံ အကြောင်းကြားခဲ့သည်။ အေဘာဆီသည်
အနောက်နိုင်ငံများမှ အိုင်အက်စ်တို့ သိမ်းသွင်းခေါ်ယူသွားသည့် အရွယ်ကောင်း
မိန်းမငယ်လေး ရာဂဏန်းမျှအနက် တစ်ဦးမျှသာ ဖြစ်သည်။
‘‘ဒါဟာ
ချောက်ချားစရာ ကောင်းလောက်အောင် အစွမ်းထက်တဲ့ စည်းရုံးမှုပဲ။ အိုင်အက်စ်ဟာ
သူတို့ရဲ့ သိမ်းသွင်းမှုစွမ်းရည်အတွက် ချီးကျူးခံထိုက်တယ်ဆိုတာကို
ဝန်မခံလို့မရဘူး’’ ဟု အိုင်အက်စ်ဒီ၏ သုတေသီဖြစ်သူ ဆော့လ်မန်းက ဝန်ခံသည်။
အိုင်အက်စ်ဒီ၏ ခန့်မှန်းမှုအရ အိုင်အက်စ်တို့၏ သိမ်းသွင်းမှုကို ခံရသည့်
အနောက်နိုင်ငံသူ မိန်းကလေးများအနက် ဗြိတိန်မှ ၃၄ ဦးထိ ရှိနေပြီး
နယ်သာလန်မှ ၁၀ ဦး၊ ပြင်သစ်နှင့် ဆွီဒင်တို့မှ ခုနစ်ဦးစီနှင့် အမေရိကန်မှ
ငါးဦးမျှ ရှိနိုင်ကြောင်း သိရှိရသည်။
—Ref: CNN
http://7daydaily.com/story/38750
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 4, 2015
စည်းရုံးမှုစွမ်းရည် ထက်မြက်သည့် အိုင်အက်စ်အမျိုးသမီးအဖွဲ့ဝင်များ
Labels:
Daily Popular,
ISIS,
terrorist,
WorldNews
စည်းရုံးမှုစွမ်းရည် ထက်မြက်သည့် အိုင်အက်စ်အမျိုးသမီးအဖွဲ့ဝင်များ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment