Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 10, 2015

အားလုံးကတော့ ရင်တမမပဲ


အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်သာမက ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေပြီး စီးပွားရေးအရ ၀င် ရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းကြီးများသည်လည်း နိုင်ငံရေး အပြောင်းအလဲကို စိုးရိမ်နေကြသဖြင့် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် စောင့်ဆိုင်းလျက် ရှိသည်။

ထိုအချိန်တွင် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့်သည်လည်း လုပ်ငန်း ရပ်တန့်သည့် အလား အလာများ ရှိလာခြင်းတို့ကြောင့် လက်ရှိ အခြေ အနေများနှင့် ပတ်သက်၍ တိုးတက်သာ ဆောက်လုပ်ရေး လုပ်ငန်းမှ အမှုဆောင် အရာရှိချုပ် ဦးသက်နိုင်ဦး ကို ဧရာဝတီ သတင်းထောက် မေးစိုးစံက တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အိမ်ခြံမြေ ဈေးကွက်က အရင်တုန်းက အခြေအနေနဲ့ အခု လုပ်ကိုင်ရတဲ့ အခြေအနေ ဘယ်လို ပြောင်းလဲမှုတွေ ရှိလာပါသလဲ။

ဖြေ။ ။ ကျနော်တို့ စလုပ်ကိုင်တဲ့အချိန်က အိမ်ခြံမြေလောက လုပ်ကိုင်ရတာ ဘာပြဿနာမှ မရှိသေးဘူး။ အခု နောက်ပိုင်းမှာတော့ နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်းတခုက လိမ်လည်မှုတွေက နိုင်ငံတော် အဆင့်အထိ ရောက်လာတော့ အိမ်ခြံမြေမှာ အောက်ခြေက ဆောက်လုပ်ရေး လုပ်ငန်းကလေးတွေအထိ ဂယက် ရိုက်ခဲ့တယ်။

ဒီပြင်မှာ ကျနော်တို့ နိုင်ငံမှာ ဘီလီယံနာပေါင်း မြောက်များစွာ ရှိနေတယ်။ ဆင်းရဲတဲ့သူက လုံးဝ ဆင်းရဲနေပြီး ချမ်းသာတဲ့သူက မတရား ချမ်းသာနေတယ်။ အဲဒီဘီလီယံနာတွေက မြန်မာပြည်မှာ သူတို့ စီးပွားရေးလုပ်ဖို့အတွက် သစ်လည်း မရှိတော့ဘူး။ ပဲ လုပ် ငန်းလည်း ရပ်သွားပြီ။ ငါးလုပ်ငန်းလည်း ရပ်သွားပြီ အိမ်ခြံမြေက လည်း ရပ်သွားပြီ။ အခုက အကုန်လုံးနီးပါးလောက် ရပ်တာ၊ နောက် ကားလုပ်ငန်းကလည်း ရပ်နေပြီး ပွတ်ပြီး စားနေရတာ။ ဒီလို ပါးပါးလေး ပွတ်စားလာရတဲ့အတွက် ဘီလီယံနာတွေက စိတ် မ၀င်စားတော့ဘူး။ ကျန်တဲ့ စီးပွားရေး နှစ်ခုပဲ ကျန်တော့တယ် ဒေါ်လာရယ် ရွှေရယ်ပေါ့။ အိမ်ခြံမြေပေါ် ရင်းနှီးမြှုပ်နှံမယ့်သူ လျော့ကျ သွားတယ်။

မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ စည်ပင်နဲ့ ဆောင်ရွက်နေရတဲ့ အပိုင်းတွေမှာ အခက်အခဲရှိတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဘယ်လို လုပ်ဆောင်နေရသလဲ သိပါရစေ။

ဖြေ။ ။ စည်ပင်ဖိုင် တဖိုင် ဖြစ်ဖို့အတွက် တော်တော် ကြာပါတယ်။ အခု ဖြစ်နေတဲ့ အခြေအနေတခုက ခွင့်ပြု ချက်မဲ့ အဆောက် အအုံတွေ ဆောက်ကြတာ။ ဒါက ဆောက်ချင်လို့ ဆောက်နေကြတာ မဟုတ်ပါဘူး။ ကျနော်တို့ ကန်ထရိုက်တွေက ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ ဆောက်လည်း စည်ပင်မှာ ကုန်ကျတဲ့ စရိတ်လောက်ပဲ ကုန်တာပဲ။ စည်ပင်မှာ ကုန်ကျတဲ့စရိတ်က စုစုပေါင်း ကျပ် သိန်း ၁၀၀ လောက် ကုန်တယ်။ အဆောက်အအုံ တလုံးကို ကုန်ကျတာပေါ့နော်။ အနည်းဆုံး ငွေတင်ထားရတာက သိန်း ၅၀ ကို ပေးထားရတာ။ ပြီးမှ ပြန်ရတာ။

အရင်က မီးသတ်ကို သောင်းဂဏန်းပဲ ပေးရတယ်။ အခုက ပေ ၂၀ တလုံးကို ၉ သိန်း ကျတယ်။ ပေ ၄၀ တလုံး ကို ၁၃ သိန်း နီးပါးကျတယ်။ အခြား စာရွက်ကြေးတွေပါရင် သိန်း ၁၂၀ လောက်ရှိတယ်။ တရားဝင်လုပ်လည်း ဒီလောက်ကုန်တယ် ခွင့်ပြုချက်မဲ့ ဆောက် လည်း ဒီလောက်ပဲကုန်တဲ့ အကြားမှာ ဘာကြောင့် ခွင့်ပြုချက်မဲ့တွေ ကို ဆောက်တာလဲဆိုရင် စည်ပင်မှာ တင်တဲ့စရိတ်နဲ့ အချိန်က ကြန့်ကြာလို့။ ကိုယ့်ငွေနဲ့ကိုယ်ရင်းထားတဲ့ ကန်ထရိုက်တယောက် အနေနဲ့ကတော့ ဒီငွေကြောင့် ဆုံးရှုံးသွားတဲ့ အချိန် ကာလ ငွေရဲ့တိုးပွားတဲ့ အချိန် ကာလတွေ နစ်နာတယ်။ မြန်မြန်လုပ်ပေးနိုင်ရင် ကျနော်တို့မှာ အကျိုးများများ ရှိလာနိုင်တာပေါ့။

အချိန်ကာလကို စည်ပင်မှာ တရားဝင် ကြေညာထားတာက ၄၅ ရက် ဆိုပေမယ့် တခါမှ မရခဲ့ဘူး၊။ အကြမ်းဖျဉ်း အမြန်ဆုံး လုပ်နိုင်ရင် ၃ လ က အမြန်ဆုံးပဲ။ ဒီထက်မက ကြန့်ကြာနေတဲ့ ဖိုင်တွေ အများကြီးပဲ။ နောက်ပြီး စည်ပင် လူကြီး အပြောင်းအလဲ ဖြစ်ရင် လည်း လုပ်ထုံးတွေက ပြောင်းတတ်တော့ ကျနော်တို့က သိန်း ၁၀၀ လောက်က လက်ထဲမှာ ဆောင်ထားပြီး သူတို့ ပြောင်းလဲတဲ့ လမ်းကြောင်းပေါ် လျှောက်နေရတာ။

နောက်တချက်က ကန်ထရိုက်တိုက်တွေအားလုံးကို စည်ပင်ကနေ ရေမပေးဘူး၊ ငမိုးရိပ် ဂျိုးဖြူကလာတဲ့ရေ မပေးဘူး။ ကန် ထရိုက် တိုက်မှာ နေတဲ့သူတွေကလည်း အခွန်ဆောင်ထားတဲ့ ပြည်သူ မဟုတ်ဘူးလား၊ ကျနော် တို့ဆီမှာ စည်ပင်ရဲ့ အခွန်ပေါင်း မြောက်များစွာကို ကောက်တယ်။ ကျနော်တို့ ထမ်းဆောင်ရတယ်။ ဒါပေမယ့် ကန်ထရိုက်တိုက်တွေကို ရေသန့် မပေးဘူး။

ဒီလို မပေးတဲ့အခါကျတော့ ကျနော် အင်ဂျင်နီယာတယောက် အနေနဲ့ မြင်တဲ့ အမြင်ပေါ့။ ကန်ထရိုက် တိုက်တိုင်း အ၀ီစိတွင်း တူးရ တယ်။ ဒီလို တိုက်အောက်မှာ အ၀ီစိတွင်း တူးလိုက်ခြင်းအားဖြင့် ကန်ထရိုက် တိုက်ရဲ့ ဖောင်ဒေးရှင်း ကောင်းပါ့ဦးမလား။ အ၀ီစိတွင်း တူးလိုက်တော့ သဲတွေလည်း ထွက်မယ် ရေတွေ လည်း ထွက်လာမယ်ဆိုရင် မြေအောက်မှာ ဂလှိုင်ပေါက်ကြီး ဖြစ်လာနိုင်တယ်။ ဒီလိုဆိုရင် ရန်ကုန်မြို့မှာ ကန်ထရိုက်တိုက်တွေ တပုံကြီးဖြစ်လာရင် အ၀ီစိတွင်းတွေ မြောက်များစွာ ဖြစ်လာပြီး တချိန်မှာ ကျနော် တို့ ရန်ကုန်မြို့ကျွံပြီဆိုရင် ဘယ်သူက တာဝန်ယူမှာလဲ။ နားလည် တတ်ကျွမ်းတဲ့ အသိပညာရှင်တွေနဲ့ ပြုပြင် သင့်ပြီလို့ ကျနော် ထင်တယ်၊ ဒါက မှားနေတယ်။

နောက်ပြီး မြို့တည်နေပြီး အောက်ခြေမှာ လုပ်ရမယ့်ကိစ္စတွေကို နောက်ကျမှ လုပ်နေတယ်။ အခြားနိုင်ငံတွေမှာ မြို့တည်ရင် ဘယ် လို တည်သလဲဆိုတာ နမှုနာယူသင့်ပြီလို့ ထင်တယ်။ တခြားနိုင်ငံမှာ မြို့တည်ရင် လမ်းပိုင်း ရေပိုင်း မြေအောက်ထဲမှာရှိတဲ့ ကိစ္စအားလုံးကို စီမံကိန်းကို အရင်ချပြီးတော့မှ မြေပေါ်မှာ တက်လာမယ့် ကိစ္စကို စဉ်စားတယ်။ ဒီမှာက အပေါ် အစီအမံတွေကို ဖြစ်ချင် သလိုဖြစ် လုပ်နေတာ နောင်ဖြစ်လာနောင်မှ ရှင်းမယ်ဆိုတဲ့ အရာတွေ မလုပ်သင့်တော့ဘူး။

မေး။ ။ ဟိုတလောက ရန်ကုန်မှာ လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းပွဲတခုမှာ လုပ်ငန်းပြီးစီးမှု မရှိဘဲ ရပ်တန့်နေတဲ့ ဆောက်လုပ် ရေး လုပ်ငန်းတွေ ၇၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ လတ်တလော ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ လတ်တလော ဖြစ်နေတာက ရပ်ကွက်တွေ တော်တော်များများမှာ ဆောက်လုပ်ရေး သမားတွေက ကြိုပွိုင့် ယူထားတဲ့ အိမ်တွေရှိတယ်။ အိမ်ပိုင်ရှင်တွေကို ရွှေ့ပြောင်း စရိတ်လေးပေးပြီး အိမ်တွေ ဖျက်ထား တာတွေ ရှိတယ်။ အခုလိုမျိုး အခြေ အနေ လည်း ရောက်ရော တအိမ်လုံးကို ဆက်ဆောက်ရင် သိန်းထောင်ချီပြီး ကုန်မှာဆိုတော့ စရန် အဆုံးခံပြီး ပြန်အပ်လိုက်တာတွေ ဖြစ် လာတာ တော်တော် များလာတယ်။ အိမ်ရှင်တွေကလည်း သူအိမ်တလုံးကလည်း ဖျက်ထားတော့ နေစရာတွေ ပျောက်လာတာတွေ ဖြစ်နေတယ်။အခုဆို အိမ်တွေကိုလည်း ဆက်မဆောက်နိုင်တော့ဘူး။ အိမ်တွေကို ပြန်ပေါင်တာတွေ ဖြစ်နေတယ်။ အခုဆိုရင် ရပ်ကွက် တိုင်းမှာ ဆက်ပြီးမလုပ်နိုင်တော့လို့ စရန်တွေ ပြန်လှန်နေတာတွေ ဖြစ်နေတယ်။ မြေကွက်အပေါ်မှာ အဆောက်အအုံကြီး ဖျက်ခံလိုက်ရလို့ ငုတ်တုတ်ကြီး မေ့သွားရတဲ့သူတွေ တော်တော် များလာပြီ။

မေး။ ။ ကြိုပွိုင့် တိုက်ခန်း အရောင်းအ၀ယ် အခြေအနေကရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အခုကတော့ ကြိုပွိုင့် ပျောက်နေတယ်။ ကြိုပွိုင့်ဆိုတာက မြေ၀င်ကစားနေတဲ့ ၀ယ်ရောင်းတွေ ပျောက် သွားတာ။ ပထမက သူတို့က ဒလဘက်မှာ စီမံကိန်း လုပ်မယ်။ အခု မြို့တည်မယ် အခု မတည်တော့ဘူးနဲ့ ပိုက်ဆံရှိတဲ့သူတွေက ဘာမှမဟုတ်တဲ့ လယ် ကွင်းကြီးကိုတောင် သွားရင်း နှီးမြှုပ်နှံလိုက်တော့ ပိုက်ဆံတွေ ဆုံးရှုံးသွားတယ် ကာလတခု ရပ်သွားတယ်။ ဒီတော့ အိမ်ခြံမြေဈေးကွက်ကို ငွေထုတ်ဖို့ စိတ်မရှိတော့ဘူး။ ကြိုပွိုင့်ဆိုတာ ငွေရှင်တွေ လာပြီးတော့ ကစားတဲ့နေရာ။

ကန်ထရိုက်တိုင်းမှာ အဆောက်အအုံ တခုအပေါ်မှာ ဘက်ဂျက် လျာထားမှု ရှိတယ်။ သိန်း ၁၀၀၀ ဆို ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်။ ကြိုပွိုင့် ၀င်ဝယ်တဲ့ငွေနဲ့ ဆက်လုပ်သွားတာ၊ တချို့ဆို ဘက်ဂျက်တောင် မလျာ ထားဘဲ ကန်ထရိုက် လုပ်နေတဲ့သူတွေ ရှိတယ်။ အိမ်ရှင်အတွက် ရင်းနှီးလိုက်တဲ့ငွေပဲ သူက ရှာပြီးလုပ်တာ ရှိ တယ်။ အခု အဲဒီလို ကန်ထရိုက်တွေက တော်တော် အထိနာခဲ့ တယ်။ အခု အရောင်းအ၀ယ်က ဈေးကို တ၀က် ချိုးပြီး ၀ယ်လာတယ်။ နောက်ပိုင်းမှာ လူလိမ်တွေ ရှိလာနိုင်တယ်။ အခုချိန်က မြို့ထဲက ကွန်ဒိုတွေရော ကျနော် တို့လို အလတ်စားတွေရော အ၀ယ်တွေ ပျောက်နေတယ်။

မေး။ ။ မကြာခင်မှာ ရွေးကောက်ပွဲ ကာလကိုလည်း ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံမှု ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အားလုံးကတော့ ရင်တမမပဲ။ စီပွားရေးသမားတိုင်းက နိုင်ငံရေးပေါ်မှာပဲ လုပ်နေတာ။ နိုင်ငံရေး အပြောင်းအလဲမှာ ကောင်း ရင် အများကြီး ကောင်းသွားမှာ။ နိုင်ငံရေး အခြေအနေ ဆိုးသွားရင် ဒီနေ့ ကျနော်တို့ ကားစီးနိုင်ပေမယ့် နောက်နေ့ ဆိုက်ကား စီးတဲ့ ဘ၀ ရောက်သွားမှာ။ ဘာကြောင့်လဲဆိုရင် ကျနော်ပိုင်တဲ့ ငွေတွေကို သူများအိမ် တွေကို ကတိအရ ဆောက်ပေးလိုက်တဲ့အတွက် ငွေတွေက ၀င်သွားပြီ။ ဒီတိုက်ခန်းလည်း ရောင်းမရ ကျနော် သုံးလိုက်တဲ့ ငွေလည်း ဆုံးပြီ။ ဒီလိုကာလအတွင်းမှာ ကိုယ်ပိုင်တဲ့ငွေကို စိုက်ထုတ်ရမှာ စိုးရိမ်နေရတယ်။

ဒွိဟ အချိန်ဖြစ်နေတော့ ကျနော်တို့ရဲ့ နစ်နာဆုံးရှုံးမှု မဖြစ်အောင် ကျောထောက် နောက်ခံပေးနိုင်တာက ဘဏ်တွေကပဲ။ ဘဏ်တွေကပဲ ကျောထောက် နောက်ခံပေးနိုင်မှာ။ ဖြစ်စေချင်တာက ဒီလို အခြေအနေတွေ မရောက်ခင် ဆောက်လုပ်ရေးဘဏ်နဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဆီက လိုအပ်ချက်တွေက ကျနော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်သမားတွေကို ဖြည့် ဆည်းပေးဖို့အတွက် အခက်အခဲ အများကြီး ရှိတယ်။

မေး။ ။ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံဖြိုးရေးဘဏ်က ချေးငွေ ထုတ်ချေးပေးတာတွေ လုပ်မယ်လို့ ပြောနေတာ ရှိပါတယ်။ အဲဒီ ဘဏ်ကရော တကယ်ပဲ အလုပ်ဖြစ်ပါသလား။

ဖြေ။ ။ ကျနော်တို့ သွားကြည့်တယ်။ သူတို့မှာ အခြားဘဏ်တွေမှာ မရှိသေးတဲ့ ချေးငွေတမျိုး ရှိတယ်။ ပရောဂျက် ချေးငွေပေါ့။ ဒါက နှစ်ဘက်စလုံးကိုပေးတာ အိမ်ရှင်ဘက်ကိုလည်း ပေးတယ်။ ကန်ထရိုက်ဘက် ကိုလည်း ပေးတယ်။ ကန်ထရိုက်မှာကလည်း ငွေလိုလို့လုပ်တဲ့ ကန်ထရိုက် ရှိတယ်။ နောက် ဒီပရောဂျက် ချေးငွေက သုံးနှစ်အထိ ပေးတဲ့အတွက်ကြောင့် အတိုးမှန်ရင် ပေးတဲ့အခါ ကျနော်တို့ ကြိုပွိုင့်တွေကို ပေးလို့ရတယ်။ အခုလောလောဆယ် ကြိုပွိုင့်တွေ ပျောက်နေတာကို ဈေးကွက်ပြန်ရလာအောင် ကျနော် လုပ်ခဲ့ပေမယ့် အချည်းအနှီးပဲ။

ပရောဂျက် တခုလုံးမှာ အိမ်ရှင်နဲ့ ကန်ထရိုက် စာချုပ်ချုပ်ထားတယ်။ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အပေါင် တင်မှာလား အရစ်ကျပေါ့။ အခုသွားတော့ မူက ပြောင်းသွားပြန်ရော၊ အခုက ဆိုက်ထဲမှာ ၂၀ ရာခိုင်နှုန်း ပြီးနေ ရမယ် ဖြစ်ပြန်ရော။ ကျန်တဲ့ ခိုင်မာတဲ့ စာရွက်စာတမ်းတွေလည်း တင်ပြရမယ်၊ ကုမ္ပဏီပိုင်းက အဆောက်အအုံက သိန်းတထောင်ကျရင် ၁၀၀၀ တန်တဲ့ မြေကွက်ကို စာရွက် စာတမ်း ပေးထားနိုင်မှ ပိုက်ဆံရမှာ။ ကျနော်တို့ လုပ်ငန်းတွေက တလုံးတည်း လုပ်နေတာမှ မဟုတ်တာ အနည်းဆုံး ၁၀ လုံး အလုံး ၂၀ ရှိကြတယ်။ အခုလို ကြိုပွိုင့် ပျောက်နေချိန်မှာ လည်ပတ်ဖို့ ခက်ခဲနေတယ်။ အခုချိန်မှာက ဘဏ်က ချေးငွေရဖို့ အခွင့် အလမ်း အရမ်း နည်းနေတယ်။

အခက်အခဲက စီးပွားရေးသမားတိုင်းမှာ မြေတွေ အိမ်တွေ ၀ယ်ထားတာ ရှိကြတယ်။ ဒါပေမယ့် ကိုယ်နေတဲ့ အိမ်ကလွဲ ကျန်တဲ့အိမ် အားလုံးက စီးပွားရေး လုပ်ဖို့အတွက် သက်သက်ပဲလေ။ နောက်တယောက်က နာမည်ပြောင်း လုပ်ပေါ့။ နောက် ကျနော်တို့က ပါမစ် မြေတွေလည်း ၀ယ်ထားတယ်။ ကျနော်တို့ နာမည် ဖောက်စရာမလိုဘူး။ နောက်တယောက် ရောင်းလိုက်ရင် သူ့ဟာသူ နာမည် ဖောက် မှာပေါ့။ ၉၉ ယောက် လက်ထဲမှာ အဲဒီလိုမျိုးကြီးပဲ ရှိတယ်။ အဲဒီမြေကို ဘဏ်က မယူဘူး။ ကိုယ့်နာမည် ပေါက်ပြီးသား မြေ ကိုပဲ ဘဏ်က ယူတယ်။ ဒါဆိုရင် commercial loan ပဲလေ။ ဒါဆို ဒီဘဏ်မှ ချေးမှ ဖြစ်တာ မဟုတ်တာ အခြား ဘဏ်တွေမှာလည်း ရတာပဲ၊ ဆောက်လုပ်ရေးဘဏ်ဆိုတာက ဆောက်လုပ်ရေးသမားတွေ အတွက် အထောက် အကူဖြစ်တဲ့ ဘဏ်ဖြစ်ရမယ်။

မေး။ ။ ကန်ထရိုက်တိုက် ဆောက်လုပ်ရေး လုပ်ငန်းတွေအနေနဲ့ အခြား အခက်အခဲတွေ ရှိပါသလား။

ဖြေ။ ။ နောက်ဆောက်လုပ်ရေးအသင်းမှာ ဆွေးနွေးတဲ့ အချိန်တုန်းက ကုမ္ပဏီတွေက မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုး ရေးကနေ ထောက်ခံ စာ ယူရမယ်ဆိုတဲ့ အချက်တချက်ပါတယ်။ ကန့်ကွက်ခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုရင် မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးမှာ လုပ်နေတဲ့ ကန် ထရိုက်တွေက ကြီးကြီးမားမားတွေ လုပ်ခဲ့တယ်။ အရင်က လုပ်တဲ့ သူတွေက ကျနော်တို့ဆီမှာ လုပ်တဲ့သူတွေကနေ တဆင့်ပွားတဲ့သူတွေက လုပ်တာ။ မြိ့ရွာနဲ့ အိုးအိမ်က သိတဲ့ သူကသိသလို စည်ပင်မှာ သိတဲ့ ကန်ထရိုက်က ပိုများတယ်။ ဒီကိစ္စက ကြိုးနီ စနစ် ကို အားပေးနေတာ တခုပဲ။

မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးနဲ့ မလုပ်တဲ့ ကုမ္ပဏီတွေ အများကြီးပဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ၈၀ ရာခိုင်နှုန်းက စည်ပင်နဲ့တွဲလုပ်ပြီး လိုင်စင်ယူရတယ်။ မြို့အိုးမှာလည်း လိုင်စင် ယူရတယ်၊ ကျနော်တို့နိုင်ငံမှာ အင်ဂျင်နီယာ ဖြစ်တာ အောက်တန်း တော်တော်ကျတယ်။ ဘာကြောင့်လဲဆိုရင် ဆရာဝန်က ဆ/မ လက်မှတ်ရသွားပြီးရင် တတိုင်ပြည်လုံးသွားပြီး ဆေးကုလို့ ရတယ်။

အင်ဂျင်နီယာက အရင်က စည်ပင်မှာ အငယ်တန်း လိုင်စင်ဆိုပြီး လျှောက်ရတယ်။ ပြီးရင် အကြီးတန်း အင်ဂျင် နီယာ လိုင်စင်လျှောက်၊ ဒါလည်း ဒီရန်ကုန်မြို့ဧရိယာတခုပဲ လုပ်ခွင့်ရှိတယ်၊ နောက် စည်ပင်လိုင်စင်ကိုင်ပြီး အိုး/အိမ်မှာ သွားလုပ်လို့မရဘူး။ လိုင်စင်ပြန် တင်ရတယ် အင်ဂျင်နီယာလုပ်ရတာ ဒီမှာက သူတောင်းစားလိုပဲ။ အခုလာပြန်ပြီ။ အင်ဂျင်နီယာ ကောင်စီဆိုပြီး နားကို မလည်တော့ ဘူး။ အင်ဂျင်နီယာ ကောင်စီကပဲ အုပ်ချုပ် မယ်ဆိုရင် စည်ပင်က လိုင်စင်ယူစရာ မလိုတော့ဘူး။ ဒီနိုင်ငံမှာ အင်ဂျင်နီယာ ဖြစ်ရတာ အရမ်း အောက်တန်း ကျတယ်။ အခု အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံရတာက မသေချာတဲ့ လမ်းပေါ် လျှောက်နေရသလိုပါပဲ။ ။
http://burma.irrawaddy.org

No comments:

Post a Comment