Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 25, 2015

ပန်းချီကားတချပ်ရဲ့ရာဇဝင်


အစိမ်းရောင်မြက်ရိုင်းတောထဲမှာ အဖြူရောင်ငှက်တကောင်တည်း ခရီးသွားနေတဲ့ ဒီပန်းချီ ကားလေးပုံစံအတိုင်း ပိတ်စအဖြူပေါ်မှာ သိုးမွှေးချည်နဲ့ထိုးပြီးပန်းချီတချပ်ဖန်တီးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော် ၂၀၀၀ ခုနှစ်လောက်က မြင်းခြံထောင်ထဲမှာပါ။
အဲဒီချည်ပန်းချီထဲမှာတော့ အစိမ်းရောင်တွေကအခုပုံထက်ချွန်ထက်လွန်းလှပါတယ်။ တကယ်တော့ အဲဒီပန်းချီရဲ့စိတ်ကူးနဲ့ကောက်ကြောင်းဆွဲပေးတဲ့သူက ကိုတင်အောင်မြင့်ဆိုတဲ့ RIT ကျောင်းက ဗိသုကာကျောင်းသား ပန်းချီဆရာလေးတယောက်ပါ။ သူက ၁၉၉၈ ခုနှစ်မှာ စစ်အစိုးရဆန့်ကျင်တဲ့ကျောင်းသားလှုပ်ရှားမှုမှာပါလို့ ထောင်အနှစ်နှစ်ဆယ်ကျော်ကျလာတဲ့ သူပါ။ အဲဒီနှစ်ကာလတွေမှာတော့ မြင်းခြံထောင်ဟာ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို အနှိပ်စက်ဆုံးထောင်တခုဖြစ်ပါတယ်။ ကျနော်တို့ကို သီးသန့်ထောင်တိုက်ထဲမှာ တယောက် တခန်း၊ ဒါမှမဟုတ် သုံးယောက်တခန်းထားပါတယ်။ အခန်းစုစုပေါင်းက အရှေ့ဘက် ၂၅ ခန်း အနောက်ဖက် ၂၅ ခန်းဆိုတော့ အခန်း ၅၀ ရှိပါတယ်။ တခန်းနဲ့တခန်းမဆက်သွယ်ရ၊ စကားမပြောရ၊ အစားအသောက်ဆေးဝါးကူညီချင်လို့မှ ပေးခွင့်မရ၊ ရေချိုးချိန်မှာ တခန်းစီ ထွက်ချိုးရပြီး အဲဒီအချိန်ဆို ကျန်တဲ့အခန်းကလူတွေက လမ်းကိုကျောပေးပြီး နောက်လှည့်ပုံစံ နဲ့ ထိုင်ပေးနေရပါတယ်။ နာရီနဲ့ချီပြီး တင်ပလင်ခွေထိုင်နေရတဲ့အတွက် ခြေသလုံးတွေ ထုံကျင်ပြီး အောက်ပိုင်းမသန်သလိုတောင်ခံစားကြရပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘယ်သူတွေဒီတိုက်ထဲမှာရှိနေတယ်ဆိုတာ ကျနော်တို့အချင်းချင်း မသိအောင်လို့ပါ။ ဒါပေမယ့် ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှို့ဝှက်ဆက်သွယ်ရေး နည်းတွေနဲ့သိနေကြပါတယ်။ ဟိုဘက်ခန်းနဲ့ဒီဘက်ခန်း အုတ်နံရံကို အင်္ဂလိပ်စာလုံး အေဆို တချက် ဘီဆိုနှစ်ချက် ဆိုတာမျိုး လက်နဲ့ခေါက်အချက်ပေးပြီး နာမည်စာလုံး ပေါင်းတော့ ဘယ်သူရှိလဲဆိုတာ သိသွားတာမျိုးပေါ့။ တခြားနည်းတွေလဲရှိပါသေးတယ်။ နောက်တော့ အလျဉ်းသင့်ရင်ရေး ပါ့မယ်။ ဒီလိုနဲ့ ၁၉၉၉ ကုန်ခါနီးလောက်မှာ ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကို ထောင်ထဲကိုဝင်ရောက်စစ်ဆေးခွင့်ပြုလိုက်ရတဲ့နောက် ကျနော်တို့ကိုလဲ ခွင့်မပြုချင်၊ ပြုချင်နဲ့ တခန်းနဲ့တခန်းစကားပြောတာ၊ ဆက်သွယ်တာကို ထောင်ကခွင့်ပြုလိုက်ရပါတယ်။ ဒီလိုနဲ့ကျနော်ကလဲ ပန်းချီဆွဲတာဝါသနာပါ၊ အရင် အင်းစိန်ထောင်မှာနေခဲ့ရတဲ့ကာလ တွေမှာလဲ သိုးမွှေးချည်နဲ့ပန်းချီကားတွေလုပ်ဆိုတော့၊ ဗိသုကာကျောင်းသား ပန်းချီဆရာ ကိုတင်အောင်မြင့်နဲ့ပိုပြီးရင်းနှီးသွားတာပါ။
ဒါနဲ့ သူ့ကို ကြိုက်တဲ့ပုံတပုံကောက်ကြောင်းဆွဲပေး၊ ကျနော် ချည်နဲ့ထိုးမယ်ဆိုတော့ ကိုတင်အောင်မြင့်က အဲဒီလို အနီ၊ အနက်နဲ့အပြာရောထားတဲ့ အိပ်မက်ဆန်ဆန် ကောင်းကင် တခုအောက်မှာ ချွန်ထက်နေတဲ့အစိမ်းရောင်တွေကြားထဲက အဖြူရောင်ငှက်တကောင် ခရီးသွားနေပုံဆွဲပေးတာပါ။ အဲဒီကောက်ကြောင်းတွေထဲမှာ ကျနော်က သိုးမွှေးချည်လေးတွေနဲ့ အရောင်ဖြည့်ပြီး ပန်းချီကားတခုအဖြစ်ဖန်တီးလိုက်ပါတယ်။
ထောင်ဆိုတာက ထောင်ပါပဲ။ ICRC ကြောင့် ကျနော်တို့ကို လွတ်လပ်ခွင့်ပေးထားသယောင် ခွင့်ပြုထားပေမယ့် ကျနော်တို့ရဲ့အချိန်နဲ့အမျှလှုပ်ရှားမှုတွေကို ရာဇဝတ်လူသတ်သမားတွေ ကိုစောင့်ကြည့်ခိုင်းထားပါတယ်။ သူတို့ကလဲ သူတို့ရထားတဲ့ စည်းကမ်းထိမ်းတို့၊ တန်းစီးဆိုတဲ့ရာထူးလေးတွေ စည်းစိမ်လေးတွေမပျောက်အောင် ကျနော်တို့နိုင်ငံရေး အကျဉ်းသားတွေရဲ့ပြောဆိုလှုပ်ရှားမှုတွေကို ဟုတ်တာရော မဟုတ်တာရောပေါင်းပြီး လျှို့ဝှက်သတင်းပို့ပါတယ်။
ထားပါတော့။ ပြောချင်တာက မြင်းခြံထောင်မှာ ၁၉၉၈၊ ၉၉၊ ၂၀၀၀ ကာလတွေမှာ ဂတ်စတာဗိုလို့နာမည်ကြီးတဲ့ထောင်မှူးကြီးတယောက်ရှိပါတယ်။ ဦးဆွေတင်တဲ့။ သူ့ရာထူးက အပွင့်နှစ်ပွင့်ပါပဲ။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်လောက်ပါဝါပြတယ်။ တရက်တော့ တလာစီတယ်လို့ခေါ်တဲ့ ရှာဖွေရေးလုပ်တော့ ကျနော်လုပ်ထားတဲ့ ချည်ပန်းချီ တွေသိမ်းသွားပါတော့တယ်။ အခုပြန်ဆွဲပြထားတဲ့ ပန်းချီလေးလဲသူပဲယူသွား ပါတယ်။ သူကတော့ ပန်းချီရဲ့အဓိပ္ပါယ်ကိုသိမှာမဟုတ်သလို တန်းဖိုးလဲသိမယ့်ပုံတော့မပေါ်ပါဘူး။ ရောင်းစားရင်ရမယ်ဆိုတာလောက်တော့သိပါလိမ့်မယ်။
အဲဒီပန်းချီရဲ့အဓိပ္ပါယ်ကဒီလိုပါ။
ကိုတင်အောင်မြင့်ရေ-ခင်ဗျားဒီစိတ်ကူးကိုဘယ်ကနေရတာလဲလို့ကျနော်မေးတော့ သူက။ ကျနော်အလယ်တန်းနဲ့အထက်တန်းကို အင်းလျားလမ်းထဲက စိန့်အော်ဂက်စ်တင်းကျောင်းမှာ တက်တာ၊ ကျောင်းသွားတော့ ရန်ကုန်တက္ကသိုလ်ကိုဖြတ်ပြီးသွားရတာပေါ့။ အဲတော့ သမဂ္ဂမြက်ခင်းပြင်ကြီးကိုလှမ်းကြည့်လိုက်ရင် အဲဒီမှာဗျိုင်းတွေကိုတွေ့ရတယ်ဗျာ။ အဲဒီမြင်ကွင်းပါပဲတဲ့။
ဒါကိုသူက ဆာရီရယ်လ်လိုရေးချင်ပုံရပါတယ်။ သမိုင်းထဲကအဖျောက်ခံလိုက်ရတဲ့ သမဂ္ဂအဆောက်အဦကြီးနေရာမှာ အစိမ်းရောင်တွေကြီးစိုးနေပြီး၊ အဖြူရောင်ငှက်တွေ ကတော့ ရှာဖွေနေလေရဲ့ဆိုတာမျိုးလို့ ကျနော်ကအဓိပ္ပါယ်ဖွင့်လိုက်ပါတယ်။
သမဂ္ဂအဆောက်အဦမရှိတော့ပေမယ့် သမဂ္ဂကကျောင်းသားတွေရဲ့ရင်ထဲမှာ အိပ်မက်လိုရှိ နေတာကိုပြောပါတယ်။ အခုတော့ ကိုတင်အောင်မြင့်လဲ နေသိပ်မကောင်းသလိုလိုကြားရ တော့ ကျနော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကိစ္စနတော့မရှိပါဘူးလို့အညာလေနဲ့ ပြောပါရစေ။ သမဂ္ဂကို ၁၉၆၂ ခုနှစ်မှာ မှော်ဆရာကြီးကဖျောက်လိုက်သလို ဒိုင်းနမိုက်နဲ့ခွဲပြီး ချက်ချင်း အမှုန့်ချေလိုက်ပေမယ့် သမဂ္ဂဝိဥာဉ်တွေက ထုံကူးသွားခဲ့ပြီး ရွက်ကျပင်ပေါက်လို နေရာအနှံ့ပေါက်နေခဲ့ပါပြီ။ ဖြူစင်တဲ့ဗျိုင်းတွေက သမိုင်းကိုဆက်ပြီးသယ်ဆောင်နေပါပြီ။
လင်းနွေးအိမ်
ဇွန်လ ၂၄ ရက်၊ ၂၀၁၅။
via Than Htike

No comments:

Post a Comment