နာဆာ၏ မြန်နှုန်းမြင့် အမြင့်လွန် ဂျက်လေယာဉ်များ တာဝန်ထမ်းဆောင်ပုံ |
ဝါရှင်တန် ၊ ၃-၆-၂၀၁၅
မေ၂၇ ရက်က နာဆာမှ ထုတ်လွှင့်ခဲ့သော ဗီဒီယိုဖိုင် တစ်ခုတွင် လေယာဉ်မှူး များက F-15 D ဂျက် တိုက်လေယာဉ် ကို မောင်းနှင်ကာ KC-135 ဆီဖြည့် လေယာဉ်ထံမှ ဝေဟင်တွင် ဆီဖြည့် လေ့ကျင့်ခန်း ပြုလုပ်နေပုံကို ဖော်ပြခဲ့ရာ နာဆာပိုင် မြန်နှုန်းမြင့် အမြင့်လွန် ဂျက် တိုက်လေယာဉ်များ အကြောင်းကို လူထုက စိတ်ဝင်စားမှု ပိုလာကြောင်း သိရသည်။
''နာဆာမှာ ဂျက်တိုက် လေယာဉ်တွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ ကတော့ Chase Plane လို့ခေါ်တာပါ။ အမေရိကန် လေတပ်၊ ရေတပ်နဲ့ မရိန်းတပ် တွေရဲ့ လေတပ် ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်း ထားပါတယ်။
ဒါပေမဲ့ လုပ်ငန်း တာဝန်ချင်းတော့ ကွာပါတယ်။ အာကာသ ယာဉ်မှူး လေ့ကျင့်ရေး သင်တန်းအတွက် ဒီ တိုက်လေယာဉ် တွေကို သုံးပါတယ်။ ဒါ့ပြင် နာဆာရဲ့  အာကာသ ယာဉ်တွေ၊ စူးစမ်း လေ့လာရေး ယာဉ်တွေကို မြေပြင် မှာဖြစ်စေ၊ ဝေဟင်မှာဖြစ်စေ၊ အန္တရာယ် တစ်စုံတစ်ရာ မဖြစ်အောင် စောင့်ကြပ် ပေးရပါတယ်'' ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
''အာကာသ ယာဉ်မှူး တစ်ယောက် ဖြစ်လာဖို့  အတတ်ပညာ မြောက်မြားစွာ လိုအပ်ပါတယ်။ ဝေဟင်မှာ ဆီဖြည့်တာ တစ်ခုတည်း ကိုက အတော် မလွယ်တဲ့ ကိစ္စပါ။ အရှိန် နှေးကွေးလှတဲ့ ဆီဖြည့် လေယာဉ်ကို အနောက်ကနေ ချဉ်းကပ် ရပါတယ်။ ဆီဖြည့် လေယာဉ်ရဲ့ ဆီပိုက်နဲ့  ဂျက်လေယာဉ်ရဲ့ ဆီပိုက် တည့်အောင် နေရာယူရ ပါတယ်။ ဒီပိုက် နှစ်ခု ချိတ်ဆက် ရပါတယ်။ ဆီဖြည့်ပြီးရင် ညင်သာစွာ ပြန်ဖြုတ် ရပါတယ်။ ဒါတွေ အားလုံးကို တစ်နာရီမိုင် ၅ဝဝ နှုန်း အနည်းဆုံး ပျံသန်းနေတဲ့ လေယာဉ် နှစ်စီးက ဝေဟင်ထဲမှာ ဆောင်ရွက်ရတာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။
''ဒီ Chase Plane တွေကို အခုမှ စသုံးတာ မဟုတ်ပါဘူး။ ၁၉၆ဝ ပြည့်နှစ်လွန် ကတည်းက အသုံးပြုနေ ခဲ့တာပါ။ အဲဒီတုန်းက F-104 စတားဖိုက်တာ တွေကို ပြန်လည် ပြုပြင်ပြီး မြန်နှုန်းမြင့်၊ အမြင့်လွန် ပျံသန်းမှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ ပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ပထမဆုံး အသံထက် မြန်တဲ့ လေယာဉ်ဟာ F-104 ဖြစ်လာခဲ့ ပါတယ်'' ဟု ၄င်းက ဖြည့်စွက် ပြောပြသည်။
ယခုအခါ ၄င်း Chase Plane များကို နာဆာပိုင် အာကာသယာဉ် များ ပျံသန်းမှုကို စောင့်ကြည့် ရာတွင် အသုံးပြုပြီး အာကာသယာဉ် အသစ် စမ်းသပ် မောင်းနှင်ရာတွင် လည်း ရှေ့၊ နောက် ၊ ဝဲ ၊ ယာ တို့မှ အနီးကပ် လိုက်ကြည့်ခြင်း၊ ကင်မရာများ တပ်ဆင်ကာ လိုအပ်သည့် ရိုက်ကွက် များကို ရယူခြင်း တို့ကို တွင်ကျယ်စွာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment