Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

အလုပ်မဖြစ်တော့တဲ့ အိမ်ခြံမြေဈေးကွက်

အလုပ်မဖြစ်တော့တဲ့ အိမ်ခြံမြေဈေးကွက်
၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက်ကို လေ့လာကြည့်ပါက အရောင်းဈေးကွက်သည် လည်းကောင်း၊ အငှားဈေးကွက်သည် လည်းကောင်း ကျဆင်းနေကြောင်း၊ အထူးသဖြင့် အရောင်းအ၀ယ် မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။


၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ကာလဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၄ စက်တင်ဘာ နောက်ပိုင်းမှစ၍ အိမ်ခြံမြေဈေးကွက်သည် အရောင်းအ၀ယ် သိသိသာသာ ကျဆင်းလာခဲ့သည်။ ရန်ကုန်မြို့တွင်း ဧရိယာများသာမက မြို့စွန်ဒေသများတွင်ပါ အရောင်းအ၀ယ် ကျဲပါးလာသည်ကိုလည်း တွေ့ရသည်။


ဈေးကွက်တွင် အရောင်းအ၀ယ် ကျဲပါးသွားသည့် အကြောင်းရင်းများမှာ ရောင်းသူဘက်မှလည်း ချရောင်း မရောင်းသကဲ့သို့ ၀ယ်သူဘက်မှလည်း လက်ရှိအိမ်ခြံမြေ ဈေးနှုန်းများအတိုင်း ၀ယ်ယူမှု မရှိတော့သောကြောင့် ဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက် လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားသည်။


“လက်ရှိ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ကို ကြည့်မယ်ဆိုရင် အိမ်ခြံမြေဈေးကွက်က ကျဆင်းနေတဲ့ သဘောရှိတယ်။ အလုပ်မဖြစ်ဘူး။ အရောင်းအ၀ယ်လည်း မဖြစ်ကြဘူး။ ဒါပေမဲ့ ဈေးနှုန်းအားဖြင့်လည်း သိသိသာသာကြီး ကျသွားတာမျိုး မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ရောင်းတဲ့သူတွေဘက်ကလည်း ဈေးကစားဖို့ ၀ယ်ထားတာဆိုတော့၊ ဒါမှမဟုတ်ရင်လည်း ဈေးကြီးမိထားတာဆိုတော့ ချမရောင်းနိုင်သလို ၀ယ်တဲ့သူဘက်ကလည်း အိမ်ခြံမြေဈေးကွက် အခုလိုကျဆင်းချိန်မှာ ဘယ်သူကမှ အမြင့်ဆုံးဈေးနဲ့ ပေးမ၀ယ်ချင်ကြဘူး။ အဲတော့ ဈေးကွက်က အေးနေပြီးတော့ ငွေသေသွားတဲ့ သဘောဖြစ်နေတယ်” ဟု THURA Swiss ၏ CEO ဒေါက်တာအောင်သူရက ပြောကြားသည်။


ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် ကျဆင်းသွားသည့်အတွက် ဈေး ကွက်တွင် လည်ပတ်နေသော ငွေကြေးများလည်း ငွေသေများဖြစ်သွားကြောင်း၊ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်ထက် ရင်းနှီးမြှုပ်နှံသူများ တစ်နည်းအားဖြင့် ဈေးကစားလိုသူများ အာရုံကျနေသည်မှာ ဒေါ်လာဈေးကွက် ဖြစ်နေကြောင်း သိရသည်။


“အခု မြန်မာ့စီးပွားရေးက တော်တော်အေးနေတယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း ၂၀၁၅ ရွေးကောက်ပွဲကိုပဲ စောင့်ကြည့်နေသေးတယ်။ ဒီကြားထဲမှာ အရောင်းအ၀ယ် သိပ်မလုပ်ကြဘူး။ ဆိုတော့ အိမ်ခြံမြေမှာ မြှုပ်နှံထားတဲ့ငွေတွေက ငွေသေတွေဖြစ်ကုန်တယ်။ ဒါကြောင့် Money in Circulation က ကျသွားတယ်။ အကုန်လုံးက Asset တွေမှာ ရင်းနှီးမြှုပ်နှံထားကြတာ။ ဒီပိုက်ဆံတွေက ဘယ်ကလာလဲ ဆိုတော့ ဘဏ်က ချေးငွေတချို့တစ်ဝက်လည်းပါတယ်။ တခြားငွေကြေး တွေကတော့ တရားမ၀င် လှည့်ပတ်စီးဆင်းနေတဲ့ ငွေကြေးတွေနဲ့ ၀ယ်ကြတာဖြစ်နိုင်ပါတယ်။ အခုတော့ စပ်ကူးမပ်ကူးကာလမှာ အားလုံးက စောင့်ကြည့်နေကြတဲ့အတွက် စီးပွားရေးကတော့ ငြိမ်နေတာ တွေ့ရပါတယ်” ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးက ပြောပြသည်။

“အိမ်ခြံမြေဈေးကွက်က အလုပ်မဖြစ်တော့ဘူး။ အရောင်းအ၀ယ် အေးနေတယ်။ အားလုံးက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရမလား၊ ရရင် အိမ်ခြံမြေဈေး ကျသွားနိုင်တယ်လို့ မျှော်လင့်ကြတယ်။ တကယ်လို့ ရွေးကောက်ပွဲက ရလဒ်က အခြေအနေ မကောင်းဘူးဆိုရင်လည်း အပြင်က ရင်းနှီးမြှုပ်မှုတွေကတော့ ၀င်လာမှာ မဟုတ်တော့ဘူး။ ဒါဆိုရင်လည်း အိမ်ခြံမြေဈေးက ထပ်တက်စရာ ဘာမှမရှိဘူး။ ကျဆင်းသွားဖို့ပဲရှိတယ်။ နဂိုကတည်းက မဖြစ်သင့်တဲ့ဈေးကို ရောက်ခဲ့တယ်ဆိုတာက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ပြန်ထုတ်လို့ရအောင် ဈေးကစားကြတာ။ ဒါကြောင့် အိမ်ခြံမြေဈေးကွက်ကတော့ နောက်ပိုင်းမှာ အကျဘက်ကို ဦးတည်သွားဖို့ပဲရှိတယ်” ဟု အိမ်ခြံမြေဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။


ပြီးခဲ့သည့်မေလဆန်းပိုင်းတွင်လည်း ကွန်ဒို၊ တိုက်ခန်းများနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းကြီးများရှိ ဆောက်လုပ်ဆဲ အခန်းများ ရောင်းချသည့်ပွဲကို မေ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင်လည်း ၀ယ်ယူသူထက် လေ့လာသူသာ ပိုများနေကြောင်း၊ အချို့မှာ အဆင့်မြင့်အိမ်ရာ စီမံကိန်းမှ အခန်းများအား ၀ယ်ယူထားပြီး ဈေးလျှော့၍ ပြန်လည်ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။


၂၀၁၄ ခုနှစ်တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက် လာခဲ့သည့်အတွက် BOT စနစ်ဖြင့် ရောင်းချသည့် ကွန်ဒို၊ တိုက်ခန်းများကိုပါ ကြိုပွိုင့်ဖြင့် ၀ယ်ယူမှုများမြင့်တက်ခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် ထို BOT တိုက်ခန်းများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်သေးသည့်အတွက် ၀ယ်ယူမှုများ နည်းသွားကြောင်း သိရသည်။


ယင်းနောက်ပိုင်း ကွန်ဒိုမီနီယံဥပဒေ မထွက်သေးခင် အရောင်းအ၀ယ် ပြုလုပ်နေသော ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်ပြီး စနစ်အပေါ်တွင်လည်းကောင်း၊ ဆောက်လုပ်မှုအပေါ်တွင် လည်းကောင်း၊ ပိုင်ဆိုင်မှုအပေါ်တွင် လည်းကောင်း တစ်စုံတစ်ရာ အာမခံချက်ပေးရန် လိုအပ်နေကြောင်း၊ သို့မဟုတ်ပါက ရောင်းဝယ်မှုအားလုံး ဆုံးရှုံးမည်ဟု မဆိုလိုနိုင်သော်လည်း အထိုက်အလျောက် အန္တရာယ်တော့ ကျရောက်နိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။


“လက်ရှိအရောင်းအ၀ယ်ဖြစ်နေတဲ့ တိုက်ခန်းတွေကတော့ ခေါ်ဈေးထက် ၁၅ ရာခိုင်နှုန်းလောက် လျှော့ရောင်းနေတာ တွေ့ရတယ်။ အထူးသဖြင့် တန်ဖိုးကြီး အဆောက်အအုံတွေနဲ့ ပတ်သက်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတဲ့ သဘောရှိတယ်။ အရောင်းအ၀ယ်မဖြစ်ဘူး။ တိုက်ခန်းနဲ့မြို့သစ် မြေကွက်လောက်ပဲ နည်းနည်းပါးပါး အရောင်းအ၀ယ် ဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ စမ်းချောင်းဘက်မှာ ၉၅၀ ခေါ်ထားတဲ့တိုက်ခန်းကို ဈေးဆစ်တော့ ၈၀၀ နီးပါးနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ အငှားမှာတော့ နှစ်သိန်းဝန်းကျင်လောက် အခန်းတွေငှားဖြစ်တယ်။ အခုလောလောဆယ်ကတော့ အရောင်းအ၀ယ် အေးနေတယ်။ ဟိုတုန်းက မြေကွက်ကြီးတွေဆိုရင် သိန်း ၆၀၀၀၊ ၇၀၀၀ အိမ်ပါ ပါရင် တစ်သောင်းကျော်လောက်အထိ အရောင်းအ၀ယ်ဖြစ်တယ်။ အခုကျတော့ ရောင်းတဲ့သူကလည်း သိပ်ချမရောင်းဘူး။ ၀ယ်တဲ့သူကလည်း မ၀ယ်တော့ဘူး” ဟု ယူနတီ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောကြားသည်။


ပြည်သူလူထု၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်နှစ်လျှင် အခန်းပေါင်း ၇၂၀၀ နှင့် စုစု ပေါင်း ၃၆၀၀၀ ကို ငါးနှစ်အတွင်း ဆောက်လုပ်ခဲ့ကြောင်း၊ ယခုအစိုးရ လက်ထက်တွင်မူ ရန်ကုန်မြို့၌ပင် တစ်နှစ်လျှင် အထပ်မြင့်နှင့်အထပ် နိမ့်အလုံးပေါင်း ၄၀၀၀ နှင့်အထက် ဆောက်လုပ်လာကြကြောင်းလည်း မြို့ရွာနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


ပြီးခဲ့သည့်နှစ်တွင်မူ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်သည့် အလားအလာများကြောင့် လည်းကောင်း၊ ဈေးကစားမှုများကြောင့် လည်းကောင်း၊ တောမှမြို့သို့ရွှေ့ပြောင်းမှု များလာသည့် အတွက်လည်းကောင်း၊ အိမ်ရာလိုအပ်ချက်များလည်း မြင့်တက်လာခဲ့ကြောင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် တန်ဖိုးနည်းအိမ်ရာနှင့်တန်ဖိုးမျှတအိမ်ရာများ ဆောက်လုပ်ပေးနေသော်လည်း လက်ရှိ ရန်ကုန်မြို့၏ အိမ်ထောင်စု ဦးရေနှင့်ဆိုပါက အလွန်နည်းနေသေးကြောင်း သိရသည်။


၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အထပ်မြင့်နှင့် အထပ်နိမ့်စုစုပေါင်း ၁၈၇၈ လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၃၀၄၆ လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃၉၂၈ လုံး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဇွန်အထိ ဆောက်လုပ်ခဲ့သည့် အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ အလုံးပေါင်း ၂၃၇၂ လုံး ဆောက်လုပ်ထားကြောင်း သိရသည်။


တရားဝင် ကိန်းဂဏန်းအရမူ လေးနှစ်အတွင်း အထပ်မြင့် အထပ်နိမ့် အလုံးပေါင်း ၁၁၀၀၀ အထက် တည်ဆောက်ခဲ့ကြောင်း၊ သို့သော် စီးပွားဖြစ် တည်ဆောက်ခဲ့သည့် အထပ်မြင့်အထပ်နိမ့် အဆောက်အအအုံ အများစုသည် ကြိုပွိုင့်စနစ်ဖြင့် ဘဏ်ချေးငွေဖြင့်သာ ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။


“ပြည်သူတွေအနေနဲ့ အိမ်ရာပိုင်ဆိုင်ဖို့အတွက် ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ အိမ်ရာကဏ္ဍ ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးရေး၊ ပြည်သူတွေအိမ်ရာ ပိုင်ဆိုင်ရေးအတွက် နှစ်ရှည်ချေးငွေစနစ်နဲ့ လုပ်ပေးခဲ့ပါတယ်။ အဲလို နှစ်ရှည်အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်ဖို့ လုပ်တဲ့အခါမှာ ၂၆၄ ဦးကို စတင်ရောင်းချပေးပြီးပါပြီ။ အလားတူ မန္တလေးတိုင်း ဒေသကြီးမှာလည်း မန္တလေးတိုင်း စည်ပင်သာယာက ဆောင်ရွက်တဲ့ တန်ဖိုးနည်း အိမ်ရာတွေကို မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ၀ယ်ယူလိုတဲ့ ပြည်သူတွေကို ဆောင်ရွက်ပေးဖို့ စီစဉ်လျက်ရှိပါတယ်” ဟု မေ ၂၆ ရက်တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။


ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်မှုများ ရှိနေသော်လည်း အိမ်ရာလိုအပ်ချက် ရှိမြဲရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အိမ်ခြံမြေဈေးကွက် အေးနေသော်လည်း ဈေးနှုန်းများသည် သာမန်လူတန်းစားအတွက် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် အရောင်းအ၀ယ် မဖြစ်သော်လည်း ငှားရမ်းမှုများ ရှိနေသေးကြောင်း၊ ငှားရမ်းမှုများတွင်လည်း သာမန်ပြည်သူများအတွက် မငှားမဖြစ် ငှားရမ်းနေထိုင်ရမည့် နှစ်သိန်းပတ်ဝန်းကျင် တိုက်ခန်းလေးများလောက်သာ ငှားရမ်းမှုများနေသည်။


“အိမ်ခြံမြေ အရောင်းအ၀ယ်ကတော့ အေးပါတယ်။ လတ်တလော အရောင်းအ၀ယ် နည်းနည်း ဖြစ်တာက တိုက်ခန်းလေးတွေပါ။ လုံးချင်းတို့ ကွန်ဒိုတို့ကျတော့ အငှားလောက်တော့ဖြစ်တယ်။ မြို့ထဲမှာဆိုရင်တော့ မြေညီထပ်လေးတွေ ငှားရတယ်။ အခုလောလောဆယ်တော့ မြို့သစ်ဘက်က ၂၀၀၊ ၃၀၀ တန် မြေကွက်လေးတွေကတော့ နည်းနည်း အရောင်းအ၀ယ်ဖြစ်တယ်။ အခုလောလောဆယ် အရောင်းအ၀ယ် အေးသွားပေမယ့် ဒဂုံမြို့သစ်တို့ ဘာတို့ဘက်က မြေကွက်လေးတွေတော့ အရောင်းအ၀ယ် ဖြစ်တာလေး ရှိတယ်။ ဒါပေမဲ့ အခုတစ်လောတော့ ဒလဘက်က အရောင်းအ၀ယ် ပြန်ဖြစ်လာပြန်တယ်။ နေရာပေါ် မူတည်ပြီးတော့ ဈေးကွဲသွားတာကလွဲရင် ဒလဘက်က လမ်းမတန်းက ဈေးမြောက်သွားတာ တွေ့ရတယ်။ အထူးသဖြင့် တံတားချဉ်းကပ်လမ်းနဲ့ နီးတဲ့ဟာတွေ ဈေးမြောက်ကုန်တယ်။ အတွင်းလမ်း ဆိုရင်တော့ ရာဂဏန်းလောက်ရှိတယ်။ အပြင်ဘက်ကတော့ နဂိုဈေးထက် နှစ်ဆလောက်ခေါ်ပြီး တောင်းနေကြတာတွေ့တယ်။ တချို့နေရာတွေကျတော့လည်း အဆောက်အအုံပါပါတယ်။ ကျန်တဲ့နေရာတွေကတော့ အရောင်းအ၀ယ် အေးနေတယ်။ ရန်ကုန်မြို့ထဲမှာ ဆိုရင်လည်း လုံးဝအရောင်းအ၀ယ် အေးတာမျိုး မဟုတ်ပေမယ့် ရောင်းမယ့်သူရော ၀ယ်မယ့်သူရော စောင့်ကြည့်နေကြပါတယ်” ဟု ယူနတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောကြား သည်။


လက်ရှိအိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအ၀ယ်အေးနေသော်လည်း အရောင်းအ၀ယ် ဖြစ်သွားသည့် တိုက်ခန်းများ၏ ဈေးနှုန်းများကို လေ့လာရာတွင် ပြီးခဲ့သည့်နှစ်ထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။


“အခု အရောင်းအ၀ယ် အေးတယ် ဆိုတာကလည်း ကြိုပွိုင့်တွေအပေါ်မှာ လူတွေရဲ့ ယုံကြည်မှု ကျသွားတာလည်းပါတယ်။ နောက်တစ်ခုက အိမ်ခြံမြေဈေးကွက် အနေအထားကို လေ့လာကြည့်ရင် အမြဲတမ်းဆိုသလို ဒေါ်လာဈေးတက်ရင် တိုက်ခန်းတွေ ရောင်းမကောင်းဘူး။ ဒါကလည်း တစ်ပတ်ပြန်လည်နေတာ။ ဒုတိယအချက်က ရွေးကောက်ပွဲကို စောင့်ကြည့်နေတာလည်း ရှိတယ်။ ၂၀၁၅ ဟိုဘက်မှာတော့ အိမ်ခြံမြေဈေးကွက်မှာ ခိုင်မာတဲ့သူတွေလောက်ပဲ ကျန်တော့မယ်လို့ ထင်ပါတယ်။ ဈေးကွက်အနေအထားကလည်း ရွေးကောက်ပွဲအပေါ် မူတည်ပါလိမ့်မယ်” ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

Ref : Eleven Media Group
http://www.shweproperty.com/article/detail/1037/property-news86

No comments:

Post a Comment