Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

ဒီမိုကရေစီ အမှောင်ကျသည့်နေ့


 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဓိကကျသည့် ပုဒ်မများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မတခုချင်းစီအလိုက် ဇွန် ၂၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံး ဖြတ်မှုပြုလုပ်ခဲ့ကြသည်။

ဒီမိုကရေစီ အမှောင်ကျသည့်နေ့ဟုဆိုရလောက်အောင် ဒီမိုကရေစီအင်အားစုများ ပြင်ဆင်ရေး တောင်းဆိုနေသည့် 
ပုဒ်မများ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ရှုံးနိမ့်ခဲ့သည်ကို တွေ့ရ သည်။

ပြည်ထောင်စုလွှတ်တော်သို့ တက် ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၃၃ ဦးရှိသည့်အနက် ဇွန် ၂၅ ရက်နေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ၅၈၃ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

ပျက်ကွက် ၅၀ ဦး ရှိကြောင်း သိရသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦးရှိသည်။ ပြည်သူ့လွှတ်တော်မှ ၁၁၀ ဦး နှင့် အမျိုးသားလွှတ်တော်မှ ၅၆ ဦးဖြစ် သည်။ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော် တက်ရောက်သည့်ကိုယ်စားလှယ်များ၏ မဲပေးမှုသည်သာ အကျုံးဝင်သည်။

ဇွန် ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉ (စ) စသည့် အရေးပါသည့် ပုဒ်မများနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့သည်။
ပုဒ်မ ၄၁၈ (ခ) မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၈၆ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲဖြစ်သည်။ ပုဒ်မ ၄၃၆ (က)၊ ၄၃၆ (ခ) တို့တွင် ထောက်ခံမဲ ၃၈၈ မဲ၊ ကန့်ကွက် မဲ ၁၉၅ မဲဖြစ်သည်။ ပုဒ်မ ၆၀ (ဂ) တွင် ထောက်ခံမဲ ၃၈၆ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲဖြစ်သည်။ ပုဒ်မ ၅၉ (ဃ)တွင် ထောက်ခံမဲ ၅၅၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲဖြစ်သည်။ ပုဒ်မ ၅၉ (စ)တွင် ထောက်ခံ မဲ ၃၂၁ မဲ၊ ကန့်ကွက်မဲ ၂၆၂ မဲ ဖြစ် သည်။

ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပုဒ်မ တခုချင်းစီအလိုက် ထောက်ခံမဲ အများဆုံး ဖြစ်နေသော်လည်း ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) ပါ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက် အရ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်၍ ပြင်ဆင်ရေး အထမမြောက်ပေ။ ပုဒ်မ ၅၉ (ဃ)တခု တည်းသာ ၇၅ ရာခိုင်နှုန်းကျော်သည်။ သို့သော် ထိုပုဒ်မမှာ ပြုပြင်ပြောင်းလဲရေး အတွက် အရေးမပါလှပေ။

ပုဒ်မတခုလုံးကို ဖြုတ်ပစ်လျှင်ပင် မည်သည့်အကျိုးသက် ရောက်မှုမှရှိမည်မဟုတ်ပေ။ မဲခွဲဆုံးဖြတ်မှု နှင့် ပတ်သက်၍ လျှို့ဝှက်မဲစနစ်ကို ကျင့် သုံးခဲ့ခြင်းကြောင့် မည်သည့်ပုဂ်္ဂိုလ်က မည်သို့သော မဲပေးခဲ့ကြသည်ဆိုသည်ကို တော့ မသိရပေ။ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များအားလုံးမှာ ကန့်ကွက်မဲ ပေးခဲ့ကြဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

အခြေခံဥပေဒ၊ အရေးပါသည့် ပုဒ်မများ ပြင်ဆင်ရေး လုံးဝအထမမြောက် တော့သည့်ကာလအလွန်တွင် မြန်မာ့နိုင်ငံ ရေးအခင်းအကျင်း မည်သို့ဆက်လက်ဖြစ် ပေါ်လာမည်ဆိုသည်က စဉ်းစားစရာဖြစ် လာသည်။ တိုင်းရင်းသားပါတီတချို့ ၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အခြေအနေမျိုးဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိသည်။NLDအနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကိုလည်း ရွေးချယ်စရာ နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပြောကြားထားသည့်တိုင် လက်တွေ့အား ဖြင့် သပိတ်မှောက်သည့် အခြေအနေမျိုး အထိ ဖြစ်လာနိုင်ခြေမရှိပေ။

သို့သော် လက်ရှိ မဲစာရင်းမှားယွင်းမှု စံချိန်တင်နေ သည့် အခြေအနေများ၊ လူတဦး တယောက် နိုင်ငံ့အကြီးအကဲ မဖြစ်အောင် 
ရည်ရွယ်ရေးဆွဲခဲ့သည့် ပုဒ်မပြင်ဆင်ရေး အထမမြောက်တော့သည့် အခြေအနေများ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ် လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေနည်းနေသည်။ ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တရပ် တည်ဆောက်သွားမည်ဟု ဦးသိန်း စိန်က အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့သည့် တိုင် လက်ရှိ အနေအထားအရ ဖြစ်လာနိုင် ခြေမရှိပေ။

၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်း သားများ လိုလားသည့် ဖက်ဒရယ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ဒီမိုကရေစီအင်အားစု များ လိုလားသည့် ဒီမိုကရေစီစံချိန်စံညွှန်းများပါဝင်သည့်အခြေခံဥပဒေတရပ်အဖြစ် ပြောင်းလဲပြင်ဆင်နိုင်မှုမရှိခြင်းကြောင့် အခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး အကျပ် အတည်းမှာ ၂၀၁၅ အလွန်ကာလများတွင် လည်း ဆက်ရှိနေဦးမည်ဖြစ်သည်။ သို့သော် လွှတ်တော်ထဲတွင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ ဆက်ရှိ နေဦးမည်ဖြစ်ရာ ၂၀၁၅ အလွန်ကာလတွင် လည်း အခြေခံဥပဒေပြင်ဆင်ရေး အထမြောက်နိုင်ဦးမည့် အနေအထားမရှိ သေးပေ။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


No comments:

Post a Comment