Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

Selfie ရိုက်နေသည့် ရှေးခေတ် အော်တိုမန် မင်းသားတစ်ပါးပုံ ရုပ်တု ဖျက်ဆီးခံရ


တူရကီရှိ မြို့တစ်မြို့တွင် Selfie ဓာတ်ပုံရိုက်နေသည့် ရှေးခေတ် အော်တိုမန် မင်းသားတစ်ပါး၏ ရုပ်တုကို စိုက်ထူခဲ့သော်လည်း မြို့ခံများ၏ မကျေမနပ် ဖြစ်မှုနှင့်အတူ ရုပ်တု အစိတ်အပိုင်းတစ်ခု ဖျက်ဆီးခံလိုက်ရသည်။
တူရကီမြောက်ပိုင်း အေမက်စ်ယာမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လူတစ်ဦး၏ အရွယ်အစားအတိုင်း ထုလုပ်ထားသည့် အဆိုပါ ရုပ်တုကို စိုက်ထူခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားများ စည်ကားနေလေ့ရှိသည့် ရင်ပြင်နေရာ တစ်ခုတွင် ထားရှိသည့် ရုပ်တု၌ အော်တိုမန်ခေတ် မင်းသားသည် ခါးတွင်ချိတ်ထားသည့် ဆောင်ဓားကို လက်တစ်ဖက်က ကိုင်ထားပြီး ကျန်လက်တစ်ဖက်က မိုဘိုင်းဖုန်းဖြင့် မိမိကိုယ်ကို Selfie ဓာတ်ပုံ ရိုက်နေသည့်ဟန် တွေ့ရှိရသည်။ သို့သော်လည်း ယခုအခါ မြို့ခံတစ်ဦးဦး၏ လက်ချက်ဟု ယူဆရသည့် အခြေအနေ၌ ရုပ်တု၏ လက်ထဲမှ မိုဘိုင်းဖုန်း အစိတ်အပိုင်းမှာ ဖျက်ဆီးခံထားရပြီ ဖြစ်သည်။

အဆိုပါ ရုပ်တုကို နိုင်ငံခြားသားများက သဘောကျခဲ့သော်လည်း အေမက်စ်ယာ မြို့ခံအများစုက မနှစ်မြို့ကြချေ။ သမိုင်းကြောင်း ထည်ဝါခဲ့သည့် အော်တိုမန် အင်ပါယာခေတ်က အေမက်စ်ယာသည် ထီးမွေနန်းလျာ ဆက်ခံမှုအတွက် အရေးအပါဆုံး အစိတ်အပိုင်းတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ ထိုစဉ်က ဆူလ်တန်ဘုရင် အလောင်းအလျာ မင်းသားများသည် အော်တိုမန် အင်ပါယာကြီး တစ်ခုလုံးကို တာဝန်မယူမီ အေမက်စ်ယာသို့ စေလွှတ်ခံရပြီး အုပ်ချုပ်ရေး အတွေ့အကြုံများကို လက်တွေ့ သင်ယူရလေ့ရှိသည်။
“အဲဒီခေတ်က မိုဘိုင်းဖုန်း မပေါ်သေးတာ လူတိုင်းအသိပါ။ ဒီရုပ်တုက သမိုင်းကြောင်းကို စော်ကားမော်ကား လုပ်နေသလို ခံစားရတယ်။ ရုပ်တုလက်ထဲက မိုဘိုင်းဖုန်းကို ချိုးသွားတဲ့လူက တကယ်ဆိုရင် ရုပ်တု တစ်ခုလုံးကို ဖျက်ဆီးသွားသင့်တာပါ”ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
အာဏာပိုင်များကမူ ယခုရုပ်တုသည် အော်တိုမန်ခေတ် မင်းသား တစ်ပါးပါးကို တိတိကျကျ မရည်ညွှန်းသလို လူအများ အာရုံစိုက်လာစေရန်သာ ရည်ရွယ်ခဲ့ကြောင်း ဖြေရှင်းခဲ့သည်။ “ကျွန်တော်တို့ရဲ့ မင်းသားတွေကို စော်ကားတာ၊ မရိုမသေလုပ်တာ ဘာတစ်ခုမှ မပါပါဘူး။ ရှေးဟောင်း သမိုင်းပုံရိပ်ကို ခေတ်သစ်အမြင်နဲ့ ရောစပ်ဖန်တီးခြင်းဟာ ဘာအမှားမှ မရှိနိုင်ပါဘူး”ဟု အေမက်စ်ယာ မြို့တော်ဝန် ကာဖာ အော့ဇ်ဒီမာက မှတ်ချက်ပြုသွားသည်။
_Ref: BBC
 http://7daydaily.com/story/37075#.VVJrF5M2XYg

No comments:

Post a Comment