Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

စစ်ထောက်လှမ်းရေး၏ သားကောင်ဖြစ်ခဲ့ရသော စကော်ပီယံ (Scorpion) အဖွဲ့၏ ဖြစ်ရပ်မှန်များ (၁)


“စကော်ပီယံဆိုတာ တကယ်တော့ Tour ကုမ္ပဏီ တစ်ခုပါ” - သံဖနောင့်
===============================================
ဝင်ရောက်စီးနင်းခြင်း
စကော်ပီယံအဖွဲ့၏ ခေါင်းဆောင်ဟု အများသူငါ ယူဆထားကြ
သော ရန်နိုင်၏ မွေးနေ့ကို ၂၀၀၁ ခုနှစ်တွင် ကန်တော်ကြီး ဟိုတယ် မြေအောက်ခန်း
ရှိ ကလပ်၌ ကျင်းပပြုလုပ်လျက်ရှိသည်။ ရန်နိုင်က သူ၏မိတ်ဆွေများ၊ သူငယ်ချင်း
များနှင့် လုပ်ဖော်ကိုင်ဖက်များကို ဖိတ်ကြားထားသည်။ နေ့ဘက်တွင် မွေးနေ့ဧည့်ခံပွဲ
ကို ဖူဂျီ၌ ပြုလုပ်ခဲ့ပြီး၊ ညဘက်တွင် ကန်တော်ကြီး ဟိုတယ် ကလပ်၌ ဆက်၍
ကျင်းပသည်။ ဖူဂျီတွင်လုပ်သော မွေးနေ့ပွဲသို့ လာရောက်ပြီး၊ အကြောင်းအမျိုးမျိုး
ကြောင့် ပြန်သွားသူများမှာ ကံတရား၏ မျက်နှာသာပေးခြင်းကို ခံခဲ့ရပြီး၊ ကလပ်သို့
လိုက်ပါသွားသူများမှာ ဘာကိုမှ ကြီးကြီးမားမား ပြစ်မှုမရှိဘဲ၊ ရန်နိုင်နှင့် ခင်မင်
ရင်းနှီးသည်ဟူသော အကြောင်းပြချက်ဖြင့် ထောင်ထဲတွင် ၉ နှစ်ကျော် ၁၀နှစ်နီးပါး
နေထိုင်ခဲ့ရလေတော့သည်။
ထိုနေ့ညနေက မြေအောက်ခန်းရှိ ကလပ်မှာ ဟိုတယ်မှ ဧည့်သည်များ၊ အပြင်မှ
လူငယ်များ ၀င်ရောက်လာပြီးနောက် စည်ကားစပြုလာသည်။ မွေးနေ့ရှင် ရန်နိုင်
နှင့် သူ၏ အပေါင်းအသင်းများ ထပ်မံ ရောက်လာသောအခါ ကလပ်တစ်ခုလုံး
ဆူညံ အသက်ဝင်သွားတော့သည်။ သို့သော် ကလပ် အပြင်ဘက်တွင်
စစ်ထောက်လှမ်းရေး အမှတ် (၁၂)မှ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် လုံထိန်း
တပ်ဖွဲ့များ တစ်ဖွဲဖွဲ ရောက်ရှိလာခြင်းကို အတွင်းမှသူများ လုံးဝ ရိပ်မိသိရှိခဲ့ခြင်း
မရှိပေ။ နဂိုကတည်းက အကွက်ကျကျ စီစဉ်ထားသော ထောက်လှမ်းရေးများ
ကြောင့် ကလပ် အ၀င်ဝတွင် ၀င်လာသူများအား မှတ်တမ်း တင်နေသည့် ရုပ်သံ
ကင်မရာကို မည်သူမှ သတိမထားမိခဲ့။ အရပ်ဝတ် ၀တ်ထားသော ထောက်လှမ်းရေး
တပ်ဖွဲ့များ ကလပ်အတွင်းသို့ ၀င်ရောက်လာချိန်တွင် ဟော်တယ်၏ ဖိလစ်ပိုင်
တီးဝိုင်းက သီဆိုဖျော်ဖြေ တီးခတ်လျက်ရှိသည်။ တချို့ လူငယ်များနှင့် မိန်းကလေး
များမှာ ကလပ် အလယ်တွင် ပျော်ရွှင်စွာ ကနေကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က လက်မြောက်ကာ တီးဝိုင်းကို ရပ်တန့်ရန် အချက်ပြ
လိုက်သည်။ တီးဝိုင်း ရပ်သွားပြီးသည့်နောက် ကလပ် တစ်ခုလုံး ကြက်သေ သေ
သွားသည်။ ဟိုတယ် အပြင်ဘက်တွင် လုံထိန်းတပ်ဖွဲ့မှာ ကလပ်က လူငယ်များ ထွက်ပြေးလာပါက မလွတ်နိုင်အောင် စည်းဝိုင်း အထပ်ထပ်ဖြင့် ကာရံပြီး၊ အသင့်
အနေအထား ပုံစံဖြင့် စောင့်ကြပ်လျက်ရှိသည်။ ကလပ်ထဲသို့ ထောက်လှမ်းရေး
တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ ၀င်ရောက်လာသော အခါတွင်တော့ အော်ဟစ်သံများ
ငရဲတမျှ ပွက်လောညံသွားသည်။ တပ်ဖွဲ့ဝင်များက ကလပ်အတွင်းရှိ သူများကို
ယောက်ျားလေး၊ မိန်းကလေး ခွဲခြားလိုက်သည်။ ထို့နောက် ကလပ်အပြင်သို့
တစ်ဦးချင်း ထွက်စေပြီး၊စစ်ဆေးလိုက်သည်။ မွေးနေ့ရှင်ရန်နိုင်နှင့် မပတ်သက်သော
သူများကို လွှတ်ပေးလိုက်ပြီး၊ ရန်နိုင်နှင့် ပတ်သက်သောသူ အားလုံးကို ဖမ်းဆီးကာ အချုပ်ကားထဲသို့ ထည့်သွင်းလိုက်သည်။ ထိုသူတွေ အားလုံးကို တပ်မတော်
ထောက်လှမ်းရေး (၁၂)ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ယူပြီး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း
ရှိ၊ မရှိ စစ်ဆေးရန် အတွက် ဆီးနမူနာ၊ သွေးနမူနာများကို ရယူလိုက်သည်။
ဖမ်းဆီးလာသော သူများထဲတွင် စကော်ပီယံဂိုဏ်း၏ ခေါင်းဆောင်ဟု ယူဆ
ထားသူ ရန်နိုင်မှလွဲပြီး၊ ကျန်သော အကြီးပိုင်းမှသူများ မပါဝင်သည့် အတွက်
ထောက်လှမ်းရေး တပ်မှူးက တပ်ဖွဲ့ဝင်များကို ဆဲဆိုကြိမ်းမောင်းနေသည်။
ထိုအချိန်တွင် စစ်ကြောနေသော တာဝန်ရှိ ပုဂ္ဂိုလ်အား ရန်နိုင်ကနားမလည်စွာဖြင့်
ပြန်မေးလိုက်သည်။
“ကျွန်တော်တို့ကို ဘာကိစ္စကြောင့် ဖမ်းတာလဲ”
“မင်းတို့ စကော်ပီယံဂိုဏ်းကို အချိန်မီ ထိန်းသိမ်းလိုက်တာ။ အဲဒီတော့ မင်းတို့ရဲ့
ဖွဲ့စည်းပုံကို ငါတို့လိုချင်တယ်”
ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်၏ စကားဆုံးဆုံးခြင်း စိတ်မထိန်းနိုင်သဖြင့် ရန်နိုင်က အားပါးတရ အော်ရယ်လိုက်သည်။ ရယ်သံဆုံးဆုံးခြင်း မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားသို့ ပြင်းထန်သည့် ရိုက်ချက်များ ကျရောက်လာသည်။ ရန်နိုင် မွှန်ထူ
သွားသည်။ ခေါင်းမူဝေနေချိန်တွင် သူ့ကို စစ်ကြောနေသော ထောက်လှမ်းရေး၏
အမိန့်ပေးသံကို ကြားလိုက်ရသေးသည်။
“စကော်ပီယံဂိုဏ်းရဲ့ အကြီးပိုင်း ၅ယောက် ပါမလာသေးဘူး။ ငါစာရင်းနဲ့ သေချာ
စစ်ဆေးပြီးပြီ။ မနက်ဖြန်မှာ အဲဒီ ၅ယောက်ကို ချက်ခြင်းဖမ်းခဲ့”
ရန်နိုင်စိတ်ပျက်စွာ ခေါင်းကိုခါယမ်းလိုက်သည်။
ဂိုဏ်းလော ကုမ္ပဏီလော
---------------------------------
ကန်တော်ကြီးဟိုတယ် ကလပ်မှ ရန်နိုင် အပါအ၀င် လူ ၁၇ယောက်အား ဖမ်းဆီး
ခဲ့ပြီး နောက်တစ်နေ့တွင် စကော်ပီယံဂိုဏ်း၏ အကြီးတန်း ခေါင်းဆောင်များဟု စွပ်စွဲခြင်းခံရသော ဇော်ဇော်ထက်လူ အပါအ၀င် နောက်ထပ်လူငယ် ၆ဦးကို ထပ်မံဖမ်းဆီးလိုက်သည်။ ထိုသူစုစုပေါင်း ၂၃ ယောက်ကို တစ်ဦးချင်းခွဲပြီး၊ စစ်ကြောရေးလုပ်သည်။ အထူးသဖြင့် ဒုတိယ ခေါင်းဆောင်ဟု ထင်မြင်ယူဆ
ထားသော ဇော်ဇော်ထက်လူကို လမ်းမတော်ရှိ သင်္ဘော အေဂျင်စီ ကုမ္ပဏီတွင်
လာရောက် ဖမ်းဆီးသည်။ ဇော်ဇော်ထက်လူက ကလပ်တွင် ကိုရန်နိုင်တို့အား ဖမ်းဆီးသွားခြင်းကို ကြားသိသော်လည်း သာမန်ရန်ဖြစ်မှုကြောင့် ဖမ်းဆီးသည်
ဟု ထင်မြင်နေသည်။ သို့သော် သူ့ကို လာခေါ်သောအခါ ပြဿနာကြီးမှန်း သိသွား
သည်။ မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ထားခြင်း မရှိသဖြင့် ထောက်လှမ်းရေးများ
ခေါ်ဆောင်ရာသို့ မလိုက်နိုင်ကြောင်း ငြင်းဆိုသော်လည်း ဆွေမျိုးသားချင်းများ၏
နားချမှုအပြင် မည်သည့်ပြဿနာမှ မဖြစ်နိုင်ဟု ထင်ကာ ထောက်လှမ်းရေးများ
ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါခဲ့သည်။ စစ်ကြောရေး စခန်းတွင် ထောက်လှမ်း
ရေးများက တစ်ခုတည်းသော မေးခွန်းကိုပင် ပြန်မေးပြန်သည်။
“မင်းတို့ စကော်ပီယံရဲ့ ဖွဲ့စည်းပုံပေး”
“ဘယ်ဖွဲ့စည်းပုံကို ပေးရမှာလဲ။ ကုမ္ပဏီ ဖွဲ့စည်းပုံဆိုရင် ရုံးမှာ ရှိမှာပေါ့”
“မဟုတ်ဘူး။ မင်းတို့ဂိုဏ်းရဲ့ လူစာရင်းကို တောင်းတာ”
“ဟား ဟား မရှိဘူး”
“မင်းတို့အားလုံးမှာ တက်တူးထိုးတဲ့ အရုပ်တွေရှိလား”
“ရှိတယ်”
“အားလုံး ကင်းမြီးကောက် အရုပ်တွေပဲလား”
“ကင်းမြီးကောက်တော့ ထိုးမလားဗျ။ ကိုယ်ကြိုက်တဲ့အရုပ် ကိုယ်ထိုးကြမှာပေါ့”
စကားဆုံးဆုံးချင်း လက်ထိပ် ခတ်ထားသော ဇော်ဇော်ထက်လူ ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်များ ကျရောက်လာသည်။ မလှမ်းမကမ်းတွင် ကိုရန်နိုင်က သူ့ကို စစ်ကြောနေသော ထောက်လှမ်းရေးအား စကော်ပီယံ ဆိုသည်မှာ ၁၉၉၅ခုနှစ်
က စတင်ပြီး၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွင် မှတ်ပုံ တင်ထားသည့် Travel &
Tour ကုမ္ပဏီဖြစ်ကြောင်း ရှင်းပြနေသည်။ ကုမ္ပဏီ၏ နာမည် အပြည့်အစုံမှာ
ကင်းမြီးကောက် အဖြူ (White Scorpion)သာ ဖြစ်သည်ဟု ပြောသည်။ သို့သော်
ထောက်လှမ်းရေးများက လုံးဝ လက်မခံ။ အမှန်တကယ်တော့ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသည့် ရန်နိုင်သည် ဂျပန် အမျိုးသမီးဖြင့် အိမ်ထောင်ကျပြီး၊ စီးပွားရေးလုပ်ရန် မြန်မာနိုင်ငံသို့ ပြန်ရောက် လာခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်
ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရ လက်ထက်တွင် ကုန်သွယ်ရေး ၀န်ကြီး
ဌာန၌ ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကို စကော်ပီယံ အမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။
ထို့နောက် ခင်မင်ရင်းနှီးနေသော ဇော်ဇော်ထက်လူကလည်း ထိုကုမ္ပဏီ၌ မန်နေဂျာ
အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရန်နိုင်၏ ဇနီးဖြစ်သူ ဂျပန် အမျိုးသမီး၏ ချိတ်ဆက်
ပေးမှုကြောင့် ဂျပန်မှ ခရီးသွား အများစု မြန်မာနိုင်ငံသို့ လာရာတွင် စကော်ပီယံ
ကုမ္ပဏီကို ဆက်သွယ် ကြသည်။ ရန်နိုင်နှင့် ဇော်ဇော်ထက်လူက ဂျပန်များ မြန်မာ
နိုင်ငံ၌ လည်ပတ်ရာတွင် လိုအပ်သော ကိစ္စများကို ကူညီဆောင်ရွက်ပေးသည်။
စစ်အစိုးရ လက်ထက်တွင် ဂျပန်လူမျိုးများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင်
ရည်ရွယ်ချက် အမျိုးမျိုး ရှိနေသည်။ တစ်ချို့က စီးပွားရေးလုပ်ရန် လာသလို၊ တစ်ချို့
ကလည်း အလည်အပတ် သဘောသာ လာကြသည်။ ဂျပန်လူကြီးများက ရွှေတိဂုံ အပါအ၀င် မြန်မာနိုင်ငံ၏ ရှေးဟောင်းနေရာ ဒေသများသို့ သွားလိုသော်လည်း ဂျပန်လူငယ်များမှာ နိုက်ကလပ်များ၊ ဘားများသို့ ပို့ပေးရန် တောင်းဆိုကြသည်။
ထိုလူငယ်များထဲတွင် ဂျပန် ယာကူဇာများလည်း ပါဝင်လာသည်။ သို့သော် ခရီးသွား
ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံသို့ တရားဝင် ရောက်လာသော မည်သည့် နိုင်ငံခြား
သားကိုမဆို သူတို့ သွားချင်သော နေရာသို့ လိုက်ပို့ ပေးရုံသာ ရှိသည်။
ဤသို့ဖြင့် စကော်ပီယံ ကုမ္ပဏီမှာ ခရီးသွားများ ရလာသလို စီးပွားရေးလည်း အတန်ငယ် ကောင်းလာသည်။ ထို့ကြောင့် ကုမ္ပဏီတွင် မိသားစုနှင့် ခင်မင်ရင်းနှီး
သော၊ သူငယ်ချင်းများ၏ ညီတစ်ချို့ကို ခန့်ထားသည်။ ထိုကာလက သောကြာနေ့
ညနေ အလုပ်နားချိန်တွင် ၀န်ထမ်းများအား အပန်းဖြေစေရန် ကလပ်များသို့
ခေါ်သွားလေ့ရှိသည်။ အများအားဖြင့် Pioneer ကလပ်သို့ အသွားများပြီး၊ တစ်ခါ
တစ်ရံ ပါတီပွဲများ ကျင်းပပြုလုပ်လေ့ရှိသည်။ နောက်ပိုင်းတွင် ပါတီလုပ်လိုသော
မိတ်ဆွေများ၏ အကူအညီ တောင်းမှုများကြောင့် စီစဉ်ပေးရတာမျိုးတွေ ရှိသည်။
ဖိတ်စာ လုပ်ပေးရသည်။ Organizer လုပ်ပေးရသည်။ Punchတွေ၊ Beerတွေ
ကို စီစဉ်ပေးရသည်။ တစ်ခါတစ်ရံတွင် အခန်း ခက်ခဲသည့် အတွက် စိတ်ငြိမ်
သော ရပ်ကွက် အတွင်းရှိ အားလပ်နေသော လုံးချင်းအိမ်များကို ငှားရမ်းပြီး
စီစဉ်ပေးရသည်။ ကလပ်ဆိုသည်မှာ မတစ်ထောင်သားများ လာကြသည့်
အလျောက် မကြခဏ ပြဿနာ ဖြစ်တာမျိုး ရှိသည်။ လူငယ် အချင်းချင်း မူး၍ရန်ဖြစ်ပြီး၊ ထိုးကြိတ်တာမျိုး ရှိခဲ့ဖူးသည်။ သို့သော် အများထင်သလို စကော်ပီယံဂိုဏ်းကြီး
ထူထောင်ပြီး၊ မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးနေသည့် အခြေအနေမျိုးတော့ လုံးဝ
မဟုတ်ခဲ့ပေ။ ထိုခေတ် ထိုအခါက ကလပ် လုံခြုံရေးမှာလည်း ယခုလို ပုဂ္ဂလိက
လုံးခြုံရေးများ မပေါ်သေးသဖြင့် ပြဿနာများ မကြာခဏ ဖြစ်လေ့ရှိသည်။ သို့သော်
ရန်နိုင်တို့ စကော်ပီယံ အဖွဲ့သားများမှာ အမြဲတမ်း လာလေ့ရှိသဖြင့် ကလပ်
မန်နေဂျာများ၊ ၀န်ထမ်းများဖြင့် ရင်းနှီးခင်မင်နေသည်။ ထို့ကြောင့် ကလပ်တွင်
အခြား ဧည့်သည်များထက် ဦးစားပေး ခံရခြင်းများရှိသည်။ စကော်ပီယံမှ နိုင်ငံခြား
သား ဧည့်သည်ဆိုလျှင် ကလပ်က အထူးဂရုစိုက်သည်။
တစ်နေ့တွင် စကော်ပီယံ ကုမ္ပဏီ ကံဆိုးမိုးမှောင်ကျစေမည့် အမှုတစ်ခု ပေါ်ပေါက်
လာခဲ့သည်။ဖိုးသား (အမည်လွှဲ)ဟုခေါ်သော လူငယ် တစ်ယောက်မှာ ဆေးဖြတ်
ထားသည်မှာ မကြာသေး။ သို့သော် ၂၀၀၀ ခုနှစ်၊ New Year ညတွင် သူငယ်ချင်း
များက နှစ်သစ်ကို ကြိုဆိုရန် လာခေါ်ကြသည်။ ထိုညက ဆေးဖြတ်ထားသူ ဖိုးသား
က ဆေးပြန်ချမိသည်။ အသုံးများ သွားသဖြင့် Overdose ဖြစ်ပြီး၊ သတိလစ်
သွားသည်။ သူငယ်ချင်းများက သတိရစေရန် သူတို့နည်း သူတို့ဟန်ဖြင့် ပြုစုကြ
သည်။ သို့သော် အခြေအနေက အတော် ဆိုးနေသည်။ ထိုအခါ အတူရှိနေသော
သူငယ်ချင်း ၄ ယောက်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ သတိမေ့နေသော
သူငယ်ချင်းကို သူတို့အိမ်ရှေ့သို့ သွားပြန်ပို့ပေးသည်။ ထိုအချိန်က ဟန်းဖုန်းများ
မရှိသေး၍ တခြားအိမ်တစ်အိမ်မှ ဖုန်းဆက်ပြီး၊ သူတို့သားကို ထွက်ခေါ်ရန် အကြောင်းကြားသည်။ ထိုအချိန်တွင် ဆေးမူးနေသော လူငယ်မှာ လူးလှိမ့်ပြီး၊ အိမ်ဘေးရှိ မြောင်းထဲသို့ ကျသွားသည်။ အိမ်မှ ထွက်ကြည့်သောအခါ ဘာကိုမှ မတွေ့သည့်အတွက် နောက်နေသည်ဟု ထင်ပြီး ပြန်ဝင်သွားသည်။ သူငယ်ချင်း
များက နောက်တစ်ကြိမ် ပြန်ရောက်လာပြီး၊ သူတို့ သူငယ်ချင်း အခြေအနေကို
ကြည့်သည်။ အိမ်ဘေးမြောင်းထဲတွင် တွေ့ရသည့်အတွက် သူ့အိမ်သို့ ဖုန်းထပ်
ဆက်ပြန်သည်။ ထိုအခါမှမိသားစုက တွေ့သွားသောအခါ ကောင်လေးက
သေဆုံးနေလျက်ရှိသည်။ ဆေးကြောင့် ရှော့ခ်ရသွားပြီး၊ ၂ နာရီလောက်ကြာမှ
တွေ့ရသည့်အတွက် အသက်မမှီတော့။ နောက်ဆုံး ဆေးရုံကြီးကို ဖုန်းဆက်ပြီး၊ လူနာတင်ကားဖြင့် လာသယ်သော်လည်း အရမ်း နောက်ကျသွားခဲ့သည်။ ထိုကိစ္စ
နှင့် ပတ်သက်ပြီး၊ သေဆုံးသွားသော လူငယ်နှင့်အတူ လျှောက်လည်သည့်
သူငယ်ချင်း ၄ယောက်လုံး အဖမ်းခံခဲ့ရသည်။ ၂ယောက်ကို အာမခံဖြင့် လွှတ်
ပေးပြီး၊ ကျန် ၂ယောက်ကို တရားစွဲဆိုခဲ့သည်။ သို့သော် ထိုပြဿနာ ဖြစ်ပြီးသည့်
နောက် စကော်ပီယံမှာ လူသတ်သည်ဆိုပြီး နာမည်ကြီးသွားသည်။
နောက်ပိုင်းတွင် စကော်ပီယံက အဆိုတော် ဂျေမီအား လက်ဖြတ်ပြီး၊ သတ်ပစ်
လိုက်သည်။ တိုင်းမှူး တစ်ယောက်၏ သားကိုရိုက်ပြီး၊ ကားမှန်များကို ခွဲသွားသည်
ဟူသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ စကော်ပီယံဆိုသည့်
နာမည် ပိုကြီးလာပြီး၊ လူတိုင်း မျက်မုန်းကျိုးစရာအဖွဲ့ ဖြစ်လာသည်။ ကလပ်တွင်
ရန်ဖြစ်တိုင်း စကော်ပီယံက ကောင်တွေဟု သတင်းလွှင့်ခြင်း ခံရပြီး၊ လူသတ်
သမားများ၊ မုဒိန်းသမားများဟူသည့် ကောလဟလများလည်း ဆက်တိုက်
ထွက်ပေါ်လာသည်။ ထိုသတင်းဆိုးများ၏ နောက်ဆက်တွဲ အဖြစ် ၂၀၀၁ ခုနှစ်
တွင် ရန်နိုင်၏ မွေးနေ့ကို အကြောင်းပြု၍ လူ ၂၃ ယောက်အား ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။
ပြိုကွဲခြင်း
---------------------
စကော်ပီယံ အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သောသူ ၂၃ ဦးအား ထောက်လှမ်းရေး
စခန်းတွင် စစ်ကြောရေး ၃ရက် ပြုလုပ်ခဲ့သည်။ ဖမ်းထားသူများ အားလုံး အနက်မှ လက်ရှိ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး တစ်ဦး၏ သားကို အင်းစိန်ထောင်သို့ မပို့ခင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ကျန်၂၂ဦးကို ဗဟိုစံပြ အင်းစိန်
အကျဉ်းထောင် သီးသန့်ထောင်တွင် ဆက်လက်စစ်ဆေးသည်။ သီးသန့်ထောင်
တွင် ထောက်လှမ်းရေး အကူဌာနခွဲ တစ်ခုရှိပြီး၊ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးက
တာဝန် ယူထားသည်။ သီးသန့်ထောင် အတွင်းရှိ သီးခြားအိမ်လေးများတွင်
တရားခံများအား လက်ထိပ်ခတ်၊ ခေါင်းကို အ၀တ်အုပ်ကာ ညဘက် ခေါ်ယူပြီး၊ စစ်ဆေးလေ့ရှိသည်။ စကော်ပီယံ အဖွဲ့သားများမှာလည်း နိုင်ငံရေးသမားများ
ကဲ့သို့ ရိုက်နှက် စစ်ဆေးခြင်း ခံရသည်။ ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးက
အားလုံးကို ပုံစံကြီး ထိုင်ခိုင်းသည်။ ပုံစံကြီး ဆိုသည်မှာ လက်နှစ်ဖက်ကို ခေါင်းပေါ်
တင် ခြေဖ၀ါးနှစ်ဖက်ကို ထောက်ကာ ခေါင်းငုံ့ထားရခြင်း ဖြစ်သည်။ လိုချင်သည့်
အဖြေ မရလျှင် အသေရိုက်သည်။ တစ်ခါ တစ်ရံ လက်နှစ်ဖက်ကို နောက် ပြန်လက်
ထိပ်ခတ် ၀ါးလုံးလျှိုပြီး၊ ခြေထောက်နှစ်ဖက်ကို ကြိုးဖြင့်ချည်ထားသည်။ ရှေ့တွင်
ကျောက်ခဲပုံ ထားထားပြီး နောက်ကနေ ရိုက်သည်။
ဖမ်းဆီး ခေါ်လာသော ၂၂ယောက်ထဲတွင် လူငယ်တစ်ချို့မှာ ၁၆နှစ်၊ ၁၇နှစ်
အရွယ်သာ ရှိသေးသည်။ ဇော်ဇော်ထက်လူက ဖမ်းဆီးခံရသည့် အချိန်တွင် ရန်နိုင်
နှင့် ခွာပြဲခဲ့သည်မှာ ၁၉၉၈ ခုနှစ်လောက် ကတည်းက ဖြစ်ပြီး၊ စကော်ပီယံ ကုမ္ပဏီ
တွင် မလုပ်တော့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ အထူးသဖြင့် ရန်နိုင်နှင့် သူ၏
ဇနီးဖြစ်သူ ဂျပန် အမျိုးသမီးတို့ ဆက်ဆံရေး အဆင်မပြေသလို ဇော်ဇော်ထက်လူ
နှင့်လည်း စိတ်သဘောထား မတိုက်ဆိုင်မှုများ တစ်ခါတစ်ရံ ရှိခဲ့သည်။ ဇော်ဇော်
ထက်လူကလည်း ၁၉၉၉တွင် အိမ်ထောင်ကျပြီးနောက် မိသားစု လုပ်ငန်းဖြစ်သော
သင်္ဘော ကုမ္ပဏီတွင် အလုပ် ပြန်လုပ်နေသည်။ ညဘက် ကလပ်များသို့ မသွား
တော့ဘဲ အေးအေးဆေးဆေး နေသည်။ ပြဿနာ ဖြစ်ပွားစဉ်က ကုမ္ပဏီ ကိစ္စများ
အတွက် ဘန်ကောက်သို့ ရောက်နေသည်။ ဘန်ကောက်က ပြန်လာပြီး မကြာခင်
စကော်ပီယံ ကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထိုအခြေအနေကို
ထောက်လှမ်းရေးများအား ရှင်းပြသော်လည်း သူတို့က လုံးဝ လက်မခံ။ သူတို့က ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကင်းမြီးကောက် ပုံတွေကို တက်တူး ထိုးထားသော ဂိုဏ်းသားများနှင့် ဂိုဏ်းခေါင်းဆောင်များကို မြင်ယောင်ထားပုံရသည်။ စစ်ကြောရေး
လုပ်တိုင်း စကော်ပီယံဂိုဏ်း၏ ဖွဲ့စည်းပုံကို အမြဲတောင်းသည်။ ရန်နိုင်ကို
ဂိုဏ်းခေါင်းဆောင်ဟု သမုတ်ပြီး၊ ဇော်ဇော်ထက်လူကို ဒုခေါင်းဆောင် အဖြစ်
ပုံဖော်သည်။ ထိုဂိုဏ်းက လူငယ်တွေ အတွက် မူးယစ်ဆေးဝါးများကို ရောင်းချပြီး၊ စီးပွားရှာနေသည်ဟု စိတ်ကူးယဉ်ထားပုံပေါ်သည်။ ထောက်လှမ်းရေးတွေ၏ အမူ
အကျင့် အတိုင်း ခေါင်းဆောင်မှ ဒုခေါင်းဆောင်၊ ဒုခေါင်းဆောင်မှ ဂိုဏ်းသားများ
အထိ ဇယားအဆင့်ဆင့် ဆွဲပြီး၊ အကျယ်ချဲ့လိုပုံရသည်။ သူတို့ကို စကောက်ပီယံ
ကုမ္ပဏီ၏ မှတ်ပုံတင်အား ကုန်သွယ်ရေး ဌာနတွင် စစ်ဆေးကြည့်ရန် ပြောသော်
လည်း နာဝင်ပုံမရ။ နောက်ဆုံး နိုင်ငံပိုင် သတင်းစာထဲ၌ White Scorpion ကုမ္ပဏီ
အား ဖျက်သိမ်းလိုက်ကြောင်း မထင်မရှား ပါဝင်ခဲ့သည်။ သို့သော် ဖမ်းဆီးထားသူ
အားလုံးကို ဆီးစစ်ပြီး မူးယစ်ဆေး သုံး မသုံး အဖြေထုတ်သည်။ ဖမ်းဆီးထားသော
လူ ၂၂ ယောက် အနက် ကလပ်မှ ဖမ်းလာသော လူ ၅ ဦးသာ ဆေးကျသည်။ ရန်နိုင်နှင့် ဇော်ဇော်ထက်လူ အပါအ၀င် ကျန် ၁၇ဦးမှာ ဆေးအောင်သည်။
သို့သော် ထောက်လှမ်းရေးက ၂၂ ယောက် အနက် ၁၇ ဦးကို ပုဒ်မ ၅(ဃ)၊ ပုဒ်မ ၆
တို့ဖြင့် လည်းကောင်း၊ ဆေးကျသော ၅ဦးကို နောက်ထပ် ၁၅(က)ဖြင့် လည်းကောင်း အင်းစိန် ထောင်ဗူးဝတွင် အထူး တရားရုံး ပြုလုပ်ကာ စစ်ဆေးသည်။ တရားရုံးသို့
မိသားစုဝင်များ လာရောက် နားထောင်ခွင့်မရှိ။ ရှေ့နေ ငှားပေးခွင့်မရှိ။ ထောင်ထဲ
သို့ ရောက်ပြီး ၁လခွဲကြာမှ ရုံးထွက်ခဲ့ရသလို ရုံးချိန် ၂ချိန်းပြီးမှသာ ရှေ့နေ ငှားခွင့်
ပေးသည်။ သို့သော် တတိယ ရုံးချိန်းတွင် ရှေ့နေ ခုံပျောက်သွားပြီး၊ တရားသူကြီး
တစ်ဦးသာ ရှိတော့သည်။ တရားသူကြီးက ၅(ဃ)ဖြင့် အားလုံးအား ၇နှစ်၊ သင်းဖွဲ့
ပုဒ်မ ၆ဖြင့် ၅နှစ် စုစုပေါင်း ၁၇ယောက်အား ၁၂နှစ် ချခဲ့သလို၊ ဆေးကျသော ၅ဦး
အား မူးယစ်ဆေး ပုဒ်မ ၁၅ (က)ဖြင့် နောက်ထပ် ၅နှစ်စီ ထပ်မံချခဲ့ပါသည်။
စကော်ပီယံ ဂိုဏ်းသားများဟု စွပ် စွဲခြင်း ခံရသော လူငယ် ၂၂ယောက်မှာ အပြစ်
ကို ထုချေခွင့် မရဘဲ၊ ထောင်ထဲတွင် ၁၀နှစ်ခန့် နေထိုင်ခဲ့ရပြီးမှ အစိုးရသစ် လက်ထက်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။ သို့သော် ၂ဦးမှာ ထောင်ပြင်သို့
ပြန်ပါမလာဘဲ ထောင်ထဲ၌ပင် အသက်စတေးခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)
သံဖနောင့်
( Tomorrow သတင်းဂျာနယ်ပါဆောင်းပါး )

No comments:

Post a Comment