Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

NLD ဂီတရန်ပုံငွေပွဲ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ခေါင်းစီးပါ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကျင်းပခွင့်မပြု


NLD မှ ကျင်းပမည့် ရန်ပုံငွေဂီတပွဲအား ဗိုလ်ချုပ်အောင်ဆန်း ၁၀၀ ပြည့် အထိမ်းအမှတ် ခေါင်းစီးပါရှိ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပွဲကျင်းပခွင့် မပြုကြောင်း သတင်းရရှိသည်။

မေလ ၉ ရက် ညနေပိုင်းတွင် တာမွေမြို့နယ် ရွှေထွဋ္ဋ်တင်ဝင်းတွင် NLD က ကျင်းပရန် စီစဉ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံ ကလေးများအတွက် ရန်ပုံငွေပွဲကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ''ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်'' စာတန်းပါရှိသည့် အတွက် ပွဲကျင်းပခွင့်မပြုသေးကြောင်း ပွဲ ကျင်းပရေး ကော်မတီဝင် ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးထွန်းမြင့် က ပြောသည်။

''ဧပြီ ၂၈ ရက်ကတည်းက ရပ်ကွက်၊ မြို့နယ်၊ မီးသတ်၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဂီတအစည်းအရုံး၊ လုံခြုံရေး ၀န်ဆောင်မှု ကုမ္ပဏီတွေကို ပွဲကျင်းပပြုလုပ်ခွင့် ပြုဖို့တင်ထားတာ မြို့နယ်အုပ်ချုပ်ရေးက ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ခေါင်းစဉ်တပ်ထားတော့ ခွင့်ပြုဖို့ငြင်းဆိုပြီး တိုင်းဒေသကြီးကို ဆက်တင်ပါလို့ပြောတော့ တင်တယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒီခေါင်းစီးကိုပယ်ဖျက်ပြီးလုပ်ရင် ခွင့်ပြုမယ်လို့ ပြောတယ်။ ဒါနဲ့ နောက်နေ့တွေမှာ အစိုးရအဖွဲ့အစည်းအဝေးထိုင်ကြတယ်။ NlD က တပ်ထားတဲ့ ခေါင်းစီးအတိုင်း ခွင့်ပြုဖို့ ၀န်ကြီးအချို့က တင်ပြတယ်။ ဒါပေမဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရတော့ ခေါင်းစီးပြောင်းပေးရင် ကျင်းပခွင့်ပြုမယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ အစိုးရအဖွဲ့ ပြန်ကြားရေးနဲ့ နယ်/လုံ ၀န်ကြီးဆီသွားပြီး ခွင့်ပြုပေးဖို့ ထပ်မံရှင်းပြတောင်းဆိုခဲ့တယ်။ အဖြေက အသေအချာ မသိရသေးဘူး။ နယ်/လုံ ၀န်ကြီးက ၀န်ကြီးချုပ်ဆီကို ဆက်လက်တင်ပြဆွေးနွေးပေးပြီး အကြောင်းကြားမယ်လို့ ပြောတယ်။ ဒီအဖြေကို ကျွန်တော်တို့ စောင့်နေတယ်။ ဒီအဖြေအမြန်ရမှ နောက်စီစဉ်စရာတွေကို အဆင့်ဆင့် အချိန်မီ စီစဉ်ရမှာပါ။''ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်စာတန်းပါရှိ၍ ရန်ပုံငွေပွဲ ကျင်းပခွင့်မပြုခြင်းကို ဥပဒေကြောင်းအရ မေးမြန်းရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်းလည်း သိရသည်။
''ဥက္ကဋ္ဌကတော့ ဒီကိစ္စ ဘာလို့ခွင့်မပြုတာလဲ၊ ဒီစာတန်းသုံးလို့ ခွင့်မပေးဘူးဆိုရင် ဥပဒေမှာ ဒီလိုကန့်သတ်ထား တာရှိသလား၊ ဥပဒေကြောင်းအရ မေးမြန်းပါ။ ပြေပြေလည်လည် ကောင်းကောင်းမွန်မွန် မေးမြန်းဖို့ ကျွန်တော်တို့ သွားဆွေးနွေးမေးမြန်းတဲ့သူတွေကို တာဝန်ပေးတယ်။ ဆွေးနွေးတဲ့သူတွေက မေးမြန်းခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့ အဖြေတခုတော့မရဘဲ ညနေအကြောင်းပြန်မယ်လို့ပဲ နယ်/လုံ ၀န်ကြီးကပြောတယ်''ဟု ကော်မတီဝင်တဦးက ဆိုသည်။
မေ ၉ ရက် ည၆နာရီတွင် NLD က ကျင်းပမည့် အဆိုပါ ရန်ပုံငွေပွဲကို Iron Cross တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေမည်ဖြစ်ပြီးရရှိသော ရန်ပုံငွေများကို ကလေးများ၏ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုရန် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးသတင်းအရ ရုံးချိန်ကျော်လွန်ပြီး ဧပြီ ၃၀ ရက် ညနေ ၆ နာရီအထိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးအား ခွင့်ပြုမပြုဆက်သွယ်မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံတင်ပြထားသည်ဟုသာ အကြောင်းပြန်ခဲ့သည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment