Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ၃ လကြာ ပထမဆုံးအကြိမ် ပိတ်ပင်


 မြန်မာ့ငါးသယံဇာတတိုးပွားဖို့ အခုနှစ် ဇွန်လ မှ သြဂုတ်လထိ ၃ လတာကာလကို ငါးလုံးဝမဖမ်းရ ရာသီအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်လိုက်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

ငါးသားပေါက်ရာသီမှာ ငါးမဖမ်းကြဖို့ ပြည်တွင်းပြည်ပက ပင်လယ်ကမ်းဝေး ငါးဖမ်းလှေ သင်္ဘောတွေအားလုံးကို  ပိတ်ပင်လိုက်တာလို့ ငါးလုပ်ငန်း ဦးစီးဌာန ဒု ညွန်ကြားရေးမှူး ဦးမြင့်သူက ပြောပါတယ်။

“ငါးပုစွန် သယံဇာတ ထိန်းသိမ်းတဲ့အနေနဲ့ပေါ့နော်၊ မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ ငါးပုစွန်များ သားပေါက်ဖွားတဲ့ရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ် ကို ကျနော်တို့က သယံဇာတ ထိန်းတဲ့အနေနဲ့ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ပိတ်ပင်တာပါ။ မြန်မာ့ပင်လယ်ပြင် ရေပြင်အတွင်းမှာရှိတဲ့ ကမ်းဝေးလှေတွေအားလုံးကို ပိတ်ပင်တာပါ။ ကမ်းဝေးနဲ့ ပတ်သက်လာရင် နိုင်ငံခြားရော ပြည်တွင်းရောပါ။”

ဒီညွန်ကြားချက်ကို တိကျစွာလိုက်နာဖို့ ၀န်ကြီးဌာနတွေကို ကြပ်မတ်ခိုင်းထားပြီး  စည်းကမ်း မလိုက်နာတဲ့ ငါးဖမ်းလှေတွေကို စစ်တပ်က စည်းကမ်းပျက်ရေယာဉ်တွေအဖြစ် ဖမ်းဆီးမှာ ဖြစ်တယ်လို့ လည်း ငါးလုပ်ငန်း ဦးစီးဌာနအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့  မြန်မာနိုင်ငံမှာ  မေ နဲ့ ဇွန် ၂ လကိုသာ  ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်လေ့ရှိပေမယ့် ငါးဖမ်းဆီးခွင့် လုံးဝပိတ်ပင်ထားတာမျိုးမဟုတ်ပဲ ငါးဖမ်း သင်္ဘောလှေ သင်္ဘောတွေကို နယ်မြေလိုက် အလှည့်ကျ ငါးဖမ်းခွင့်ပြုခဲ့တာပါ။

အခုနှစ်မှာအချိန် ၁ လ ထပ်တိုးပြီး ၃ လကြာ ငါးလုံးဝမဖမ်းဖို့ ပိတ်ပင်လိုက်တဲ့ အတွက် ငါးလုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအားလုံး အခက်အခဲနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ဒီဗွီဘီ ကိုပြောပါတယ်။

“ကျနော်တို့နဲ့ဆက်နွယ်နေတဲ့ ငါးသမားတွေ၊ အလုပ်သမားတွေ စားဝတ်နေရေးတွေ အခက်အခဲ အများကြီးတွေ့သွားနိုင်တယ်။ အဓိကကတော့ အလုပ်သမားတွေပါဘဲ၊ အခုလိုမျိုး ပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ နောက် တခါပြန်စဖို့ဆိုတာ မလွယ်ဘူးလေ။  အလုပ်သမား ပြန်ရှာဖို့ နောက်တကြိမ်ပြန်ထွက်ဖို့ဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ ဖြစ်နိုင်တယ်။  နောက် အအေးခန်းတို့ ရေခဲစက်တို ကျနော်တို့နဲ့ဆက်နွယ်နေတဲ့ ငါးပိငါးခြောက်လုပ်ငန်းတွေ အကုန်လုံး ရပ်သွားမှာပေါ့ဗျာ၊ အလုပ်သမား ၄ သောင်း ၅ သောင်းလောက်ဟာ အလုပ်ရပ်သွားတဲ့ သဘောရှိတာပေါ့။”

ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း အနေနဲ့ကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ငါးဖမ်းဆီးခွင့်ပေးဖို့ အစိုးရဆီမှာ အသနားခံစာပေးပို့ ထားတယ်လို့ ပြောပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်နေ့စဉ်သတင်းစာတွေမှာတော့ မြန်မာ့ရေပေါ်ရေအောင်ငါး သယံဇာတ ဟာ နှစ်ပါင်း ၃၀ ကျော်အတွင်း ၈၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားတယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က မြန်မာနိုင်ငံမှာ ရေပေါ်ရေအောက် ငါးသယံဇာတ တန်ချိန်စုစုပေါင်း ၁၇၅၀၀၀၀ ရှိခဲ့ရာဟာ ၂၀၁၃ ခုနှစ်မှာ နော်ဝေငါးသုတေသန သင်္ဘော Dr. Fridtjof Nansen ရဲ့လေ့လာတွေ့ရှိချက်အရ ရေပေါ်ရေအောက် ငါးသယံဇာတ တန်ချိန် ၃၉၁၀၀၀  သာရှိတော့တယ်လို့ ဆိုပါတယ်။

မြန်မာ့ ငါးသယံဇာတ လျော့နည်းသွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ဒု ညွန်ကြားရေးမှူး ဦးမြင့်သူက “ငါးဖမ်းစွမ်းအားစုတွေများလာတာလဲပါတာပေါ့၊ သတ်မှတ် စည်းကမ်းဖောက်ဖျက်ပြီး ငါးဖမ်းပိုက်တွေနဲ့ဖမ်းတာတွေလည်းပါတာပေါ့၊ ဒါတွေကြောင့် အရွယ်မရောက်သေးတဲ့ငါးတွေ ငါးသေး၊ ငါးမွှားတွေ၊ ငါးအသေးလေးတွေ ငါးပေါက်ကလေး တွေပါ ကုန်တာလည်း ပါတာပေါ့၊ အဲဒါတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ အရင်တုန်းက လှေအရေအတွက်နဲ့ အခုလှေ အရေအတွက်ဆိုရင်တော့ အခုက ၂၅၀၀- ၂၆၀၀ လောက်ရှိတာ၊  ဟိုတုန်းကတော့ ၇၀၀ လောက်ပဲရှိတာ အဲလိုတော့ကွာသွားတာပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြားအိမ်နီးချင်းနိုင်ငံတွေမှာလို သားဥပေါက်ချိန်နဲ့ ငါးသားပေါက်ချိန် ၃လ ကိုလုံးဝငါးမဖမ်းဆီးဖို့အတွက် ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ဖို့လွှတ်တော်က ဆုံးဖြတ်ခဲ့သလို  အစိုးရကလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက Fishing Rights အစီအစဉ်နဲ့ မြန်မာ့ ပင်လယ်ပြင်ထဲမှာ ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ ထိုင်းအပါအ၀င် နိုင်ငံခြား ငါးဖမ်းလှေ အားလုံး ကို ငါးဖမ်းခွင့်ရပ်ဆိုင်းထားပါတယ်။

မြန်မာ့ငါးသယံဇာတ လျော့နည်းလာမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်ပ ငါးပုစွန်တင်ပို့မှုက ရတဲ့ဝင်ငွေဟာ လည်းဆက်တိုက်ကျဆင်းနေရာမှာ   ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့  ဒီမတိုင်ခင်နှစ်ကထက် ဒေါ်လာသန်း ၁၀၀ လောက်လျော့ကျသွားပြီး အမေရိကန် ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ တယ်လို့ စီးပွားကူးသန်းဌာန စာရင်းအရသိရပါတယ်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၅၁၈ သန်းဝင်ငွေရခဲ့ပြီး ဒီမတိုင်ခင်နှစ်က ဒေါ်လာ သန်း ၆၅၀ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ငါးသယံဇာတ ပိုင်ဆိုင်မှု အမြင့်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု၊ ထုတ်လုပ်မှုနဲ့ အသုံးချမှု အားနည်းတာကြောင့် ရေထွက်ပစ္စည်းတင်ပို့မှုဟာ ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာကွာဟနေတာပါ။

မြန်မာနိုင်ငံဟာ ပင်လယ်ငါး၊ မွေးမြူရေးငါး၊  ပုစွန်၊ ဂဏန်း ငါးရှဥ့်၊ ပုစွန်ခြောက်နဲ့ တခြား ရေထွက်ပစ္စည်းတွေကို  အာဆီယံနိုင်ငံတွေကိုသာမက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃ဝ လောက်ကို တင်ပို့နေတာ ဖြစ်ပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)
http://burmese.dvb.no

No comments:

Post a Comment