Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

ဘော်စတန်မာရသွန် ဗုံးခွဲသူ သေဒဏ်စီရင်ချက်ချမှတ်



အမေရိကန်မြေပေါ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများတွင် ကမ္ဘာကျော် 9/11 အသေခံတိုက်ခိုက်မှု အပြီးတွင် အကြီးမားဆုံး ဖြစ်သည့် ဘော်စတန် မာရသွန် ဗုံးခွဲမှုကို ကျူးလွန်ခဲ့သည့် ညီအစ်ကို နှစ်ဦးအနက် ညီဖြစ်သူကို တရားရုံးမှ သေဒဏ်စီရင်ချက် ချမှတ်လိုက်ပါသည်။ အစ်ကိုဖြစ်သူမှာ လိုက်လံဖမ်းဆီးသော ရဲများနှင့် အပြန်အလှန် ပစ်ခတ်ရာမှ သေဆုံးခဲ့ပြီး ဖြစ်သည်။ပြည်ထောင်စုဗဟိုအစိုးရက ဖွဲ့စည်းထားသော အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၅ ဦးပါ ဂျူရီ ခုံသမာဓိအဖွဲ့သည် သုံးရက်ကြာ အချေအတင် ဆွေးနွေးကြပြီးနောက် တရားခံ ဂျိုခါး ဆာနာယက်ဗ် (၂၁ နှစ်) အား သေဒဏ် စီရင်ချက်ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တရားသူကြီး ဂျော့ခ်ျ အေ အိုတူးလ် ဂျူနီယာသည် ဥပဒေအရ ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်ကို မပယ်လှန်နိုင်ဘဲ သေဒဏ်ကိုသာ အတည်ပြုပေးရမည် ဖြစ်၏။ တရားခံဘက်မှ ဥပဒေအကျိုးဆောင်များက ဂျိုခါး ဆာနာယက်ဗ်အား ပြည်ပမှ ပြောင်းရွှေ့လာကာ ဘာသာရေးအစွန်းရောက် အစ်ကို၏ ဩဇာလွှမ်းမိုးမှု ခံနေရသည့် ရှက်ကြောက်သော ကောလိပ်ကျောင်းသားလေး တစ်ဦးအဖြစ် ပုံဖော်၍ ထောင်ဒဏ်တစ်သက်သာ အပြစ်ပေးရန် လျှောက်လဲခဲ့သော်လည်း ပြည်ထောင်စုအစိုးရ ဂျူရီအဖွဲ့က သေဒဏ်ကိုသာ ရွေးချယ်ခဲ့သည်။ ဘော်စတန်မြို့တွင် ၂၀၁၃ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မာရသွန် ပြေးပွဲ၏ ပန်းဝင်နေရာအနီးတွင် ဗုံးနှစ်လုံးဖောက်ခွဲခဲ့ကြသော တာမလန်နှင့် ဂျိုခါး ဆာနာယက်ဗ်တို့၏ အကြမ်းဖက်မှုကြောင့် လူ သုံးဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရရှိခဲ့၏။ ထို့ပြင် ၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် MIT စက်မှုတက္ကသိုလ်ဝင်း တာဝန်ကျ ရဲတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ ၎င်းတို့ ညီအစ်ကိုသည် ရုရှားလက်အောက်ရှိ မူစလင်နယ်မြေ ချေချင်းညာမှ အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့လာသော အစ္စလာမ်ဘာသာဝင် မိသားစုမှ ဖြစ်ပါသည်။ ညီဖြစ်သူသည် အမေရိကန်နိုင်ငံသား ခံယူထားကာ အစ်ကိုသည် အမြဲတမ်းနေထိုင်ခွင့် ဂရင်းကဒ် ကိုင်ဆောင်ထားသည်။ ၎င်းတို့ ညီအစ်ကိုသည် ပရက်ရှာကွတ်ကာ ပေါင်းအိုးထဲတွင် မီးရှူးမီးပန်းယမ်းများ သိပ်ထည့်ထားသော လက်လုပ် ဗုံးနှစ်လုံးဖြင့် မာရသွန်ပြေးပွဲ ပန်ဝင်နေရာတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြ၏။ အကြမ်းဖက်သမား ဂျိုခါး ဆာနာယက်ဗ်အား ကြီးလေးသော ပြစ်ဒဏ်စီရင်ခြင်းကို လူအများက ထောက်ခံကြိုဆိုကြသော်လည်း သေဒဏ် အဆုံးစီရင်ခြင်းကို ကန့်ကွက်သူများ ရှိခဲ့သည်။ အစွန်းရောက် အကြမ်းဖက်သမားများသည် သေဒဏ်ခံယူ၍ အာဇာနည်သူရဲကောင်းအဖြစ် ခံယူလိုသော စိတ်ဓာတ်ရှိသဖြင့် ထောင်တစ်သက် လွတ်ရက်မရှိ အပြစ်ပေးခြင်းက ပိုမို ထိရောက်သည်ဟု ယူဆသူများ ရှိသည်။ ဆာနာယက်ဗ် ညီအစ်ကိုနှစ်ဦး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၃ ဦးတွင် အသက် အငယ်ဆုံး ၈ နှစ်သားလေး မာတင် ရစ်ချတ်ဒ်၏ မိဘများကလည်း သေဒဏ်ချမှတ်ခြင်းထက် ထောင်ဒဏ်တစ်သက်ကိုသာ ထောက်ခံခဲ့ပါသည်။ ဗုံးခွဲတိုက်ခိုက်စဉ်က အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်သာ ရှိသေးသော ဂျိုခါး ဆာနာယက်ဗ်သည် အမှုစစ်ဆေးနေစဉ်အတွင်း နောင်တရခြင်း၊ စိတ်မကောင်း ဝမ်းနည်းခြင်း စသည့် စိတ်ခံစားချက် တစ်စုံတစ်ရာ မဖော်ပြခဲ့ချေ။ ဂျိုခါး ဆာနာယက်ဗ်အတွက် အစိုးရက ခန့်အပ်ပေးသော ဥပဒေအကျိုးဆောင်အဖွဲ့၏ ခေါင်းဆောင်ရှေ့နေကြီး ဂျူဒီ ကလပ်ခ် လိုက်ပါခဲ့သော အမှုတိုင်းတွင် မည်သည့် တရားခံမျှ သေဒဏ်စီရင်ခြင်း မခံရပေ။

http://kabarthit.com/index.php?option=com_content&view=article&id=660:2015-05-16-01-58-26&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment