ဈေးဝယ်ထွက်ရာတွင် ပိုက်ဆံများများ စားစား မသုံးလို့ဟု ဆိုကာ ကမ္ဘာလှည့် ခရီးသွားများကို အော်ဟစ် ကြိမ်းမောင်းသော တရုတ် ဧည့်လမ်းညွှန် အမျိုးသမီး၏ အပြုအမူကို မှတ်တမ်းတင် ထားသည့် ဗီဒီယိုဖိုင် အွန်လိုင်းပေါ် တက်လာရာ ထိုအမျိုးသမီး ဧည့်လမ်းညွှန်လည်း လိုင်စင် ရုပ်သိမ်းခံလိုက်ရ ပြီဟု သိရသည်။
ကမ္ဘာလှည့်ခရီးသွား တစ်ယောက်လျှင် ယွမ်သုံးထောင် (၄၈၃ ဒေါ်လာ) ဖိုးအထက် ဈေးမ၀ယ်လျှင် နောက်ခရီးစဉ်ကို ဖျက်ပစ်မည်။ အပြန် ခရီးစဉ် အတွက်လည်း တာဝန်မယူဟု ဘတ်စ်ကားပေါ်တွင် မိုက်ကြီးဖြင့် လူမိုက် ဆန်ဆန် အော်ဟစ်ကြိမ်းမောင်း နေသည့် ဗီဒီယိုဖိုင် အွန်လိုင်းပေါ် တက်လာရာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တရုတ် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ရှုတ်ချရုံ သာမက တရုတ်ပြည်တွင်းမှ Weibo ဆိုရှယ် မီဒီယာတွင် လည်း အလားတူ ကြုံတွေ့ခဲ့ရပုံများကို ဖွင့်ချမှုများ ပေါ်ပေါက်လျက် ရှိသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ဧည့်လမ်းညွှန် အမျိုးသမီးသည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည်ဟု ပြည်နယ် တာဝန်ရှိသူ များက ပြောသည်။ တရုတ်နိုင်ငံတွင် ခရီးသွား လုပ်ငန်းများသည် ကမ္ဘာလှည့် ခရီးသွား များအား ဈေးဆိုင်များ၊ ရှောပင်း စင်တာများသို့ ပို့ပေးကာ ခရီးသွားများ ၀ယ်ယူသည့် တန်ဖိုး အလိုက် ဆိုင်များထံမှ ကော်မရှင် ပြန်ရယူသည့် စနစ်ဆိုး ကြီးထွားခဲ့ဖူး သဖြင့် ၂၀၁၃ ခုနှစ်တွင် တရားဝင် ဥပဒေ ထုတ်ပြန်ကာ ခရီးသွားများကို အတင်းအကျပ် ဈေးဝယ်ခိုင်းခြင်း၊ ကော်မရှင် ရယူခြင်းမျိုး မလုပ် ရဟု တားမြစ်ခဲ့ရသည်။ ဗီဒီယိုဖိုင်သည် လေးမိနစ်စာ ရှိသည်။ ကမ္ဘာလှည့် ခရီးသွားများ အပြည့်ပါသော ဘတ်စ်ကားပေါ်တွင် ဧည့်လမ်းညွှန် အမျိုးသမီးက အော်ဟစ် ကြိမ်းမောင်းနေပုံများ ပါဝင်သည်။
ဧည့်လမ်းညွှန် အမျိုးသမီးကို လိုင်စင် ရုပ်သိမ်းလိုက်ပြီ ဖြစ်သလို၊ ၎င်းကို ခန့်ထားသည့် ခရီးသွား လုပ်ငန်း Kunming Fengh-ua Travel Agency ကိုလည်း ဒဏ်ငွေ ယွမ်နှစ်သောင်း ရိုက်လိုက်ကာ လုပ်ငန်း လုပ်ကိုင် ခွင့်လည်း ဆိုင်းငံ့ ထားကြောင်း ယူနန် ပြည်နယ်၊ ကမ္ဘာလှည့် ခရီးသွား တာဝန်ရှိသူများက တနင်္ဂနွေနေ့က ထုတ်ပြန် ပြောကြားသည်။
တရုတ်နိုင်ငံမှ Weibo ဆိုရှယ် မီဒီယာ သုံးသူများ ကလည်း ယူနန်ပြည်နယ်တွင် ကြုံ တွေ့ခဲ့ရသော ကိုယ်တွေ့ များကို ရင်ဖွင့်သည်။ Weibo သုံးသူ တစ်ယောက်က ဈေးလည်း အတင်းဝယ် ခိုင်းတယ်။ အပြီးအစီး စားရိတ်ငြိမ်းလို့ ပြောထားပြီး တစ်ကယ်တမ်း ကျတော့ လမ်းတစ်လျှောက် ကုန်ကျ စရိတ်တွေလည်း ခရီးသည်တွေပဲ ထပ်စိုက်ရတယ်။ ခရီးသည်တွေကို ဘာမှမပြောဘဲ ခရီးစဉ်ကိုလည်း သူတို့ ပြောင်းချင်သလို ပြောင်းပစ် ကြတယ်။ သက်ဆိုင်ရာကို တိုင်မယ် လုပ်တော့ ဧည့်လမ်းညွှန်တွေ တစ်ယောက်နဲ့ တစ်ယောက် ဖုံးဖိပေးထားပြီး ဖျောက်ပစ်လိုက် ကြတယ်။ ယူနန် ကိုတော့ မသွား တာ အကောင်းဆုံးပဲ ဟု ကိုယ်တွေ့ကို ရေးသား ထားသည်။
http://messengernewsjournal.com
No comments:
Post a Comment