Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

အင်းတကော်မြို့တွင် နာမည်ကြီးနေသော နှစ်လောင်းပြိုင် လူသတ်မှု၏ နောက်ကွယ်က လူမသိသူမသိ ဖြစ်ရပ်များ ။




ပဲခူးတိုင်းဒေသကြီး၊အင်းတကော်မြို့ရှိ ရွှေပြည် ၃ ရေလှောင်တမံသွားရာလမ်းဘေး
တွင် ၂၀၁၅ခုနှစ် မေ ၅ရက် နေ့လည် ၁နာရီခန့် အချိန်တွင် လက်ပြန်ကြိုး တုပ်
လျက်ဖြင့် အသတ်ခံထားရသည့် အမျိုးသား အလောင်း နှစ်လောင်းကို ကားတစ်စီး
မှလာရောက် စွန့်ပစ်ခြင်း ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ဖြစ်ရပ်မှာ အင်းတကော်မြို့တွင်
နာမည်ကြီး လူသတ်မှု ဖြစ်လာခဲ့သည်။

အဆိုပါ လူသတ်မှုမှာ လက်ပြန်ကြိုး တုတ်ထားသော လူနှစ်ဦးအား ဓါးဖြင့်ထိုး၍ သတ်ထားခြင်းဖြစ်ကာ သာမာန် လူသတ်မှု တစ်ခုဟု ယူဆနိုင်သော်လည်း ယင်း
နောက်ကွယ်တွင် ဖြစ်ပွားနေသော ကိစ္စတစ်ချို့မှာ စိတ်ဝင်စားစရာ ကောင်းလှ
သလို ထိုသို့ လာရောက်စွန့်ပစ်မှုကို ၁၅နှစ်ခန့် အရွယ်ရှိ ကလေးမလေးမှ စတင်
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သမီးက သူငယ်ချင်းအိမ်ကို သွားမယ်ဆိုပြီး၊ အပြင်ထွက်လာတော့ ကားအဖြူရောင်
တစ်စီးက ကားထဲကနေ ပစ်ချနေတာကို တွေ့ရတယ်။ ဘာပိုပစ်ချလဲ ဆိုတာတော့
မသိလိုက်ဘူး။ ကားနဲ့ကွယ်နေတဲ့ အတွက်ကြောင့်မို့လို့ ပစ်ချပြီးလို့ ကားကိုနောက်
ဆုတ်ပြီး၊ ပြန်ထွက်မယ် လုပ်ပြီးမှ ကားပေါ်ကလူ တစ်ယောက် ဆင်းလာတယ်။
ပြီးတော့မှ ကားပေါ်ပြန်တက်ပြီး ရန်ကုန်ဘက်ကို ပြန်လှည့်ထွက်သွားတာကို သမီး တွေ့လိုက်တယ်။ သမီးတွေ့လိုက်တဲ့ အချိန်မှာ လူနှစ်ယောက်မှန်း သိတာ
နဲ့ ဆယ်အိမ်မှူး ဦးလေးကို ချက်ခြင်းပြေးပြီး ပြောပါတယ်”ဟု အသတ်ခံရသူ
နှစ်ဦး၏ အလောင်းအား ပထမဆုံး တွေ့ရှိသူဖြစ်သည့် ၁၅နှစ် အရွယ် မသီတာ (အမည်လွှဲ)က ပြောသည်။

အဆိုပါ အလောင်းစွန့်ပစ်ခဲ့သည့် မော်တော်ကား ပြန်လည် ထွက်ခွာပြီး၊ အချိန်
၇မိနစ်ခန့် အထိ အလောင်းနှစ်လောင်းထဲက တစ်လောင်းမှာ လှုပ်လှုပ်ရှားရှား
ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒုတိယ မျက်မြင်သက်သေ အဖြစ် တွေ့ရှိသူ
ဖြစ်သည့် အင်းတကော်မြို့ ရပ်ကွက် ၂ ဆယ်အိမ်မှူး ဦးရွှေထွန်းက ဆိုသည်။

“ကျွန်တော့်ကို ကလေးမလေးက ဟိုမှာ လူနှစ်ယောက် လာပစ်သွားတယ် ဦးလေး
ဆိုလို့ ကျွန်တော်လည်း အဝေးကနေ လှမ်းကြည့်နေတဲ့ အချိန်မှာ နောက်မှသိ
ရတာက လှုပ်နေတဲ့သူက အကြီးဆုံး အစ်ကို ဖြစ်တယ်။ ကိုညွန့်ဝေ ဖြစ်နေတယ်။
သူက လှုပ်လှုပ်ရှားရှား ဖြစ်နေတော့ ကျွန်တော်ကလည်း အနားကို မသွားသေး
ဘဲ၊ သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေ၊ ရဲစခန်းက တာဝန်ရှိသူတွေကို ဖုန်း
ဆက်ပြီး အကြောင်းကြားတော့ အချိန် ၇မိနစ်လောက် ကြာသွားပြီး၊ အနား
ရောက် အချိန်မှာတော့ နှစ်ယောက်လုံး အသက်မရှိတော့ဘူး”ဟု ဦးရွှေထွန်း
က သူ၏ မျက်မြင် ကြုံတွေ့မှုများကို ရှင်းပြသည်။

လူသတ်မှုဖြစ်စဉ်
-----------------------------
သေဆုံးသူ အမျိုးသားများမှာ သေဆုံးစဉ်တွင် တစ်ဦးမှာ ပက်လက်အနေအထား၊
အရှည် ၈ပေရှိ Tdili Deans တံဆိပ် ခါးပတ်ခေါင်းနဲ့ ချည်နှောင်လျက်၊ နောက်
တစ်ဦးမှာ မှောက်လျက် အနေအထားဖြင့် အရှည်တစ်ပေခွဲရှိ အနက်ရောင်
နိုင်လွန်ကြိုးများဖြင့် လက်နှစ်ဖက်အား ချည်နှောင်စွာ တွေ့ရပြီး၊ ပက်လက် အနေအထားနေသူမှာ နို့အုံထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ၀ဲပေါင်ထိုးသွင်း ဒဏ်ရာ
ခြောက်ချက်၊ လက်ပြင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ မှောက်လျက် အနေအထား
နှင့် အမျိုးသားမှာ ခါးအထက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲလည်ပင်း ထိုးသွင်း
ဒဏ်ရာ တစ်ချက်၊ ဂုတ်ပိုးတွင်း ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးလျက်
တွေ့ရှိခဲ့ရကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

အသတ်ခံရသူ နှစ်ဦး၏ နောက်ကြောင်း
------------------------------------------------
သေဆုံးခဲ့ရသူများမှာ တောင်ဥက္ကလာ မြို့နယ်တွင် နေထိုင်သူ အသက် ၅၂နှစ်
အရွယ် ကိုညွန့်ဝေနှင့် စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၅၅ နှစ်
အရွယ် ဦးညွန့်ဆွေတို့ဖြစ်ပြီး၊ ၄င်းတို့မှာ ညီအစ်ကို နှစ်ဦး ဖြစ်ကြောင်းလည်း
သိရသည်။

အသတ်ခံခဲ့ရသည့် အဆိုပါ ညီအစ်ကိုနှစ်ဦး အနက် အသက် ၅၂ နှစ်အရွယ်
ကိုညွန့်ဝေ ဆိုသူမှာ စမ်းချောင်း မြို့နယ်ရှိ ကျော်ကျော်နိုင် မိသားစု အမည်ဖြင့်
ပြည်ပ လုပ်ငန်းရှာဖွေရေး အေဂျင်စီတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး၊
ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ဆန္ဒရှိသူများကို ထိုအေဂျင်စီသို့
ချိတ်ဆက်ပေးသူ တစ်ဦးလည်း ဖြစ်သည်။

ကိုညွန့်ဝေ အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလပိုင်းတွင် ဂျပန်သို့ ပို့ဆောင်
ပေးမည်ဆိုကာ အမျိုးသား (၆)ဦးထံမှ တစ်ဦးလျှင် ပျမ်းမျှငွေကျပ် သိန်း ၁၁၀ကျော်၊
ငွေကျပ် စုစုပေါင်း သိန်းပေါင်း ၆၉၀အား ယူဆောင်ပြီး၊ ကိုကျော်ကျော်နိုင်ထံ
သွားရောက် အပ်နှံခဲ့သည်။ ထိုသို့ အပ်နှံပေးပါက လူတစ်ဦးလျှင် ၅သိန်းနှုန်း
ဖြင့် ပွဲခအဖြစ် ကိုညွန့်ဝေမှ ရရှိကြောင်းနှင့် အေဂျင်စီ တည်ထောင်သူ
ကိုကျော်ကျော်နိုင်သည် ယင်းသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ယူထားသည့်
အဆိုပါ ငွေများအပြင် တခြားသူများထံမှ ငွေများကို လိမ်လည်ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်းလည်း သိရသည်။

ငွေကြေးများကို လိမ်လည်မှုကြောင့် ကိုကျော်ကျော်နိုင် အေဂျင်စီ တည်ထောင်ရာ
စမ်းချောင်း မြို့နယ်တွင် ကိုကျော်ကျော်နိုင်နှင့် ကိုညွန့်ဝေတို့အား လိမ်လည်မှု
အပါအ၀င် အမှုငါးခုဖြင့် စမ်းချောင်း မြို့နယ် ရဲတပ်ဖွဲ့ရုံးတွင် တရားစွဲဆို
ထားကြောင်းနှင့် တိမ်းရှောင်နေသူ ကိုကျော်ကျော်နိုင်မှာ အောင်ချမ်းမြေ့
ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း တည်ထောင်သူ တစ်ဦးဖြစ်ကြောင်း
လည်း သိရသည်။

ဂျပန်ပို့မည်ဆိုကာ ငွေအလိမ်ခံရသူများ
----------------------------------------------
“ဂျပန်ကို ၄၅ ရက်အတွင်း သွားရမယ်ဆိုပြီးတော့ အရင်ဆုံး သင်တန်းကြေး ၅
သိန်း သွင်းရတယ်။ ပထမဦးဆုံး စာချုပ်အနေနဲ့ ၅၅သိန်း ပေးသွင်းရတယ်။ အဲဒီနောက်ပိုင်းမှာ လေယာဉ် လက်မှတ်ပြတယ်။ လေယာဉ်လက်မှတ် ပြပြီး
တော့ ကျန်တဲ့ သိန်း၅၀ ကို ပေးသွင်းရတယ်။ အလုပ်သမား ဗီဇာနဲ့ သွားရမယ်
ဆိုပြီး၊ ကျွန်တော်တို့ကို ပြောတယ်။ သွားရမယ့်ရက် တစ်ပတ် ကျော်လွန်
သွားတော့ မသွားရမယ့် အတူတူ ပိုက်ဆံ ပြန်တောင်းတော့လည်း မရတော့
ဘူး။ နောက်မှ စုံစမ်းရတာက ကိုကျော်ကျော်နိုင်က ထွက်ပြေးသွားပြီး သူတို့ကို အမှုဖွင့်ထားတယ်”ဟု ကိုယ်တိုင် အလိမ်ခံရသူ တစ်ဦး ဖြစ်သူက Tomorrow
သို့ ပြောသည်။

“ဂျပန်ကို ပို့ပေးမယ်ဆိုပြီး မပို့ပေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ အလိမ်ခံရသူ
တွေဖြစ်တဲ့ မျိုးသက်၊ ကျော်သူရ၊ ဇင်သူအောင်၊ ကျော်မင်းထွန်း၊ ကျော်ဇင်ဝင်း
နှင့် ရှိုင်းကိုကိုတို့က စမ်းချောင်းမြို့နယ် တရားရုံးမှ ကိုညွန့်ဝေကို ရာကြီး
အမှတ် ၄၄၇/၁၄ မှ ၄၅၁/၁၅ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀ အပါအ၀င် အမှု ၅ခုဖြင့် တရားစွဲဆိုထားတယ်”ဟု စမ်း ချောင်းမြို့နယ် စခန်းမှူး ရဲအုပ် သိန်းအေးမှ
Tomorrowသို့ အတည်ပြု ပြောသည်။

လူသတ်မှုနောက်ကွယ်
-----------------------------
အင်းတကော် မြို့နယ်တွင် အသတ်ခံခဲ့ရသူမှာ လိမ်လည်မှုဖြင့် အမှုရင်ဆိုင်
နေရသော ကိုညွှန့်ဝေ ပါဝင်သည်ဟု သိရသည်နှင့် ပဲခူးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ညွှန်ကြားချက် နှင့်အတူ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းကာ အမှုမှန်ကို အမြန်ဆုံး လိုက်လံ စုံစမ်းနိုင်ခဲ့ကြောင်း သိရသည်။

လူသတ်မှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှာ ကိုညွန့်ဝေ အသတ်မခံရခင် မေလ ၅ရက်
နံနက် ၈နာရီခန့်တွင် ကိုညွန့်ဝေထံ ဖုန်းဝင်လာပြီး၊ အိမ်ရှိ မိသားစုများကို လမ်း
ထိပ်တွင် ဧည့်သည်တွေ စောင့်နေတယ် သွားရောက်မည် ဖြစ်ကြောင်း၊ ပြော
ဆိုကာ ဦးညွန့်ဆွေနဲ့အတူ နေအိမ်မှ ထွက်သွားခဲ့ကြောင်းကို ပဲခူးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ရုံး မှုခင်းဌာနမှ ရဲအုပ် မင်းဇော်က ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ကိုညွန့်ဝေတို့ အကြောင်းကို စမ်းချောင်းမြို့မ ရဲစခန်း
ကနေ အရင်ဆုံး စုံစမ်းတယ်။ အဓိက မသင်္ကာသူတွေ အနေဖြစ် စမ်းချောင်းမြို့မ
ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ၆ဦးကို အဓိကထားပြီး၊ စုံစမ်းခဲ့တယ်။ ကိုညွန့်ဝေ
မသေခင်မှာ အိမ်က မိသားစုဝင်တွေက မနက် ၁၁နာရီအထိ ဖုန်းအဆက်
အသွယ် ရသေးတယ်။ မိသားစုတွေ ဖုန်းအပြင် သဲလွန်စ တစ်ခုအနေနဲ့
ကိုညွန့်ဝေရဲ့ ဖုန်းထဲကို ဖုန်းခေါ်ထားတဲ့ နံပါတ်ကနေတဆင့် စုံစမ်းလိုက်တော့
အမှုဖွင့်ထားသူ ၆ဦးထဲက မျိုးသက်ရဲ့ ဖုန်းဖြစ်နေတယ်။ ကျွန်တော်တို့လည်း
မျိုးသက်ကို ထပ်မံ စုံစမ်းလိုက်တဲ့ အခါမှာ ရန်ကုန်မှာ မနေတော့ဘဲ၊ သူနေထိုင်
တဲ့ ဧရာဝတီတိုင်းကို ပြန်သွားပြီလို့ သိရတယ်”ဟု ရဲအုပ်မင်းဇော်မှ Tomorrow
သို့ ဆက်လက် ရှင်းပြသည်။

တရားခံဟု စွပ်စွဲခံထားရသူ မျိုးသက်ထံသို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေး မေးမြန်းခဲ့ရာ ၄င်းမှငြင်းဆိုခဲ့သော်လည်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့
မှ သွားရောက် မေးမြန်းသည့် အခါမှ မျိုးသက် အနေဖြင့် ၀န်ခံခဲ့ခြင်း ဖြစ်သည်။

တရားခံဟု စွပ်စွဲခံထားရသူ မျိုးသက်မှ “ကျွန်တော်တို့ ကားနဲ့ ကိုညွန့်ဝေတို့ ညီအစ်ကို နှစ်ယောက်ကို ခေါ်လာခဲ့ပြီး၊ လမ်းရောက်တဲ့ အချိန်မှာ ကျွန်တော်တို့
မေးမြန်းရင်း နှိပ်စက်ရာကနေ ကိုညွန့်ဆွေ အနေနဲ့က ရှစ်မိုင်နား အရောက်မှာ
သိပ်လှုပ်ရှားမှု မရှိတော့ဘူး။ ပဲခူး အ၀င် အင်တကော်နား ရောက်တော့မှ
လူရှင်းတာနဲ့ ပစ်ချခဲ့တယ်။ မသေသေးဘူး ထင်တာနဲ့ ကားပေါ်က ဆင်းပြီး ဓားနဲ့ နှစ်ယောက်စလုံးကို ထပ်ထိုးပြီးမှ ကားပေါ်ပြန်တက်ပြီး ထွက်လာတာ
ဖြစ်တယ်”ဟု ၄င်း ထွက်ဆိုချက်များအား မှုခင်းရဲတပ်ဖွဲ့မှ ပြန်လည် ပြောပြ
ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် တရားခံဟု စွပ်စွဲခံထားရသူ မျိုးသက်အား ဆက်လက်
မေးမြန်းရာတွင် မျိုးသက် အနေဖြင့် ကျော်သူရမှ ဓားဖြင့်ထိုးပြီး၊ မျိုးသက် အနေ
ဖြင့် မကြည့်ရဲသောကြောင့် တစ်ဖက်တွင် လှည့်နေကြောင်း၊ ကျော်သူရ၊
ကိုညွန့်ဝေတို့သာ မှတ်မိပြီး၊ အမှုဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများ စီးနင်း
လာသော ကားအမျိုးအစားများကို ၄င်းအနေဖြင့် မှတ်မိခြင်း မရှိနေသကဲ့သို့
ဖြစ်နေကြောင်း မှုခင်း ရဲတပ်ဖွဲ့မှ သိရသည်။

“သူရဲ့စိတ်ထဲမှာ ဘယ်သူတွေ ပါလဲဆိုတာကို အသေအချာ မပြောဘူး။
ကျော်သူရရယ်၊ ကိုညွန့်ဝေရယ်ပဲ မှတ်မိတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှုမှန် ပေါ်ပေါက်အောင် အေးဆေး ဖြေးညင်းစွာနဲ့ လမ်းကြောင်းပေါ်
ရောက်အောင်တော့ မေးမြန်းနေပါတယ်။ စီးနင်းလာတဲ့ ကားကိုလည်း ဆက်
လက် စုံစမ်းနေတယ်”ဟု ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး ရဲအုပ်မင်းဇော်မှ
ဆိုသည်။

တစ်မိသားစုလုံး ဘ၀ပျက်ခဲ့ရလို့ သတ်ခဲ့တယ်..
----------------------------------------------------------
မျိုးသက် အနေဖြင့် ကိုညွန့်ဝေအား သတ်ရခြင်းမှာ ၄င်းအနေဖြင့် ဂျပန်သို့သွားရန်
ငွေကြေးများကို မိသားစုပိုင် လယ်ယာမြေများနှင့် ရွှေငွေရတနာများကို အကုန်စုပုံ
ရောင်းချခဲ့ပြီး၊ ကိုညွန့်ဝေတို့အား ပေးအပ်ခဲ့သော်လည်း တစ်ပတ်အတွင်း သွား
ရောက်ရန် မဖြစ်နိုင်ခဲ့ကြောင်း၊ ယင်းနောက် လယ်ယာမြေများ ပြန်လည် လုပ်ကိုင်
ရန် အတွက်လည်း ယာမြေများ မရှိတော့သည့် အပြင် ငွေကြေးချေး ယူထားသည်
များကိုလည်း ပြန်လည် ဆပ်ရန်အတွက် ဖိအားပေးမှု များစွာလည်း ရှိခဲ့ကြောင်း
သိရသည်။

ထိုသို့ ပြဿနာများ ဖြစ်နေချိန်တွင် မျိုးသက်၏အမေဖြစ်သူမှာ စိတ်ဆင်းရဲကာကွယ်လွန်
သွားခဲ့ပြီး ရက် ၂၀အကြာတွင် ဖခင်ဖြစ်သူမှာလည်း ထပ်မံ ကွယ်လွန်ခဲ့သည်။

ထို့ပြင် ဇနီးဖြစ်သူမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ဆေးရုံတွင် တက်
ရောက် ကုသနေခဲ့ပြီး၊ ထိုကုသစရိတ်များကို ပေးရန်အတွက် တစ်ကျပ်တစ်ပြား
မှ မရှိသည့် အချိန်တွင် ၄င်း၏စိတ်ထဲ၌ ဘ၀ပျက်အောင် လုပ်ဆောင်ခဲ့သူများ
ဖြစ်သည့် ကိုညွန့်ဝေနှင့် ကိုကျော်ကျော်နိုင်တို့အား နာကြည်းချက်ဖြင့် သတ်ရန်
ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း မှုခင်း ရဲတပ်ဖွဲ့သို့ ပြောပြချက်များ အရ သိရသည်။

ဆက်လက်စစ်ဆေး
--------------------------
မသင်္ကာသူများထဲမှ ကျော်မင်းထွန်းနှင့် ရှိုင်းကိုကိုတို့သည် ၄င်းတို့၏ တောင်ယာ
လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိနေသောကြောင့် သူတို့နှစ်ဦးအား အမှုမှ ပတ်
သက်ခြင်း မရှိသူများ အဖြစ် သတ်မှတ်ထားခဲ့ပြီး၊ အမှုတွင် ပါဝင်ပတ်သက်သူ
ကိုကျော်သူရမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ကျန်ရှိနေသူများကိုလည်း
ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် နယ်မြေ
ရဲစခန်းမှ (ပ) ၅၈/၁၅၊ ပုဒ်မ ၃၀၂/၂၀၁ တို့ဖြင့် အမှုဖွင့်ထားပြီး၊ တရားခံဟု စွပ်စွဲ
ခံထားရသူ မျိုးသက်မှ ၀န်ခံထားပြီး၊ ထွက်ပြေး တိမ်းရှောင်နေသူ ကျော်သူရနှင့်
ပါဝင် ပတ်သက်သူများကို ဆက်လက် စုံစမ်းလျက် ရှိကြောင်း သိရသည်။

သတင်း- ဇေယျာ ( Tomorrow သတင်းဂျာနယ် )

No comments:

Post a Comment