ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇ လ ၁၇ ရက် - ၂၄
(သေဒဏ်တိုက်ကို ပုံစံပြောင်းခြင်း) - ဇော်သက်ထွေး
==========================
ကျွန်တော်တို့ မရောက်ခင် အချိန်က သေဒဏ်တိုက်ကို ရိုင်းစိုင်းပြင်းထန်သော ရာဇ၀တ်သားများအား ထားသောနေရာ အဖြစ် ထောင်အာဏာပိုင်များက ရှုမြင်ထားခဲ့သည်။ ကျွန်တော်တို့ ကိုးဦး ရောက်လာပြီးနောက် သာယာဝတီထောင်မှ ကျန်းမာရေးအရ ပြောင်းရွှေ့လာသော ကိုသိန်းနှင့်ဆိုလျှင် နိုင်ငံရေး အမှုဖြင့် သေဒဏ်ပေးထားသူ ၁၀ဦး ရှိနေသည့် အတွက် ကျွန်တော်တို့၏ အင်အားကလည်း အတော်ကောင်းလာသည်။ သေဒဏ်ကျ အကျဉ်းသားထဲတွင် သူ့အုပ်စု ကိုယ့်အုပ်စုများ ရှိနေပြီး အချင်းချင်းလည်း မသင့်မြတ်ကြပေ။ ထို့ကြောင့် ထောင်ဝါဒါများက သေဒဏ်တိုက် အတွင်း လူသတ်မှုများ မဖြစ်အောင် မျက်ခြေမပြတ် စောင့်ကြည့်နေရသည်။ ကျွန်တော်လည်း သေဒဏ်တိုက်ကို အေးချမ်းတည်ငြိမ်အောင် မည်သည့်နေရာက အကူအညီပေးရမလဲ ဆိုသည်ကို လေ့လာနေရသည်။ ထို့နောက် သေဒဏ် အကျဉ်းသားများထဲမှ ကံဇာတာ မကောင်းမှုကြောင့် အပြစ်ပေးခံရသော လူရိုးလူကောင်းများကို မှတ်သားထားလိုက်သည်။ ပထမဆုံး သူတို့နှင့် ခင်မင်ရင်းနှီးအောင် ပေါင်းလိုက်သည်။ ကျွန်တော့်အိမ်မှ အပတ်စဉ် ပေးပို့နေသော ဂျာနယ်များ၊ စာအုပ်များကို သူတို့ဖတ်ရှုနိုင်ရန် ဝေပေးသည်။
အင်းစိန် အကျဉ်းထောင်ထဲရှိ တိုက်ဝင်းတွင် တိုက် ၆ တိုက်ရှိပြီး သေဒဏ်တိုက်ကို ဖယ်လိုက်ပါက ကျန် ၅ တိုက်တွင် နိုင်ငံရေး အကျဉ်းသားများကို ထားရှိသည်။ အများစုမှာ ကျွန်တော်နှင့် ရင်းနှီးသော ရဲဘော်ရဲဘက် ကျောင်းသားများ၊ နိုင်ငံရေး မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့သည် အစ ပထမက သေဒဏ်တိုက်တွင် နိုင်ငံရေးသမား မရှိသည့် အတွက် အဆက်အဆံ မလုပ်ကြပေ။ ကိုသိန်းနှင့် ကျွန်တော်တို့ ရောက်လာပြီးမှ ဆက်သွယ်လာကြသည်။ ကျွန်တော် သေဒဏ်တိုက်သို့ ရောက်ရောက်ချင်း တိုက်နောက်ကျောဘက်မှ ပထမဆုံး ခိုးလာသည့် နိုင်ငံရေးသမားမှာ လှထွဋ်စိုး (ခ)ကိုထွဋ် (စိန်ဂျွန်း) ဖြစ်သည်။ သူ့ကိုမမြင်ရသော်လည်း သူ့အသံကို မှတ်မိနေသည်။ သူက အသံအုပ်အုပ်ဖြင့် သတင်းများကို ပေးသည်။
“အစ်ကို ဘာမှမပူနဲ့။ ၃ တိုက်မှာ ကျွန်တော်တို့ရှိတယ်။ အစ်ကိုတို့ အမှုကိုလည်း အပြင်မှာ မတရား သေဒဏ်ချတယ်ဆိုပြီး ပူညံပူညံတွေ ဖြစ်နေတယ်။ လိုတာရှိရင်ပြော။ ကျွန်တော် တစ်နေ့တစ်ခေါက် လာခဲ့မယ်”
“မင်းတို့ ၃ တိုက်မှာ တခြား ဘယ်သူတွေရှိသေးလဲ”
“ကျွန်တော်ရယ်၊ မန္တလေး လူ့ဘောင်က ကိုငြိမ်းချမ်းရယ်၊ တာမွေ သက်ဦးရယ်ရှိတယ်။ သက်ဦးက အစ်ကိုဖတ်ချင်တဲ့ စာအုပ်ကိုပြော။ ပို့ပေးလိုက်မယ်လို့ ပြောတယ်”
“အေးကောင်းတယ်။ ရာဇ၀င်စာအုပ်တွေ ပို့ပေးလိုက်စမ်းကွာ”
ကိုထွဋ်တို့နှင့် အဆက်အသွယ် ရပြီးသည့်နောက် ကျွန်တော့်ထံသို့ ရာဇ၀င်စာအုပ် အမြောက်အမြား ရောက်လာသည်။ ဆရာညိုမြ၏ ကုန်းဘောင်ရှာတော်ပုံ၊ ဆရာနန္ဒ၏ သံနှင့်သွေး အပါအ၀င် ဒဂုန်ခင်ခင်လေး၏ စာအုပ်များ၊ ဆင်ဖြူကျွန်း အောင်သိန်း၏ စာအုပ်များ ရောက်လာသည်။ ထိုစာအုပ်များကို ညဘက်မီး မရှိသည့် အတွက် နေ့ဘက်တွင်သာ ဖတ်ရှုရသည်။ ကျွန်တော်က စာပေ၀ါသနာပါသော တခြား သေဒဏ် အကျဉ်းသားများကိုလည်း စာအုပ်များ ငှားရမ်းပေးသည်။ ကျွန်တော်တို့ ရောက်ရှိနေကြောင်း ကြားသိပြီးသည့်နောက် ၁တိုက်တွင် ထောင်ကျနေသော ဆရာ ဖျာပုံနီလုံဦးကလည်း ၀တ္ထုစာအုပ်များကို ပို့ပေးသည်။ သေဒဏ်တိုက်သို့ရောက်ပြီး တစ်လခန့် အကြာတွင် ကျွန်တော့်အခန်းမှာ ၂တိုက်၏ စာကြည့်ခန်း ဖြစ်လာသည်။ ကျွန်တော်၏ စာပေ စည်းရုံးရေးသည် အတန်အသင့် အောင်မြင်သော်လည်း သေဒဏ် အကျဉ်းသား အားလုံးကိုတော့ မလွှမ်းခြုံ နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သေဒဏ်အကျဉ်းသား၏ တစ်ဝက်ခန့်မှာ စာပေကို ၀ါသနာ မပါသောကြောင့် ကျွန်တော်နှင့် ဆက်ဆံရေးမှာ နွေးနွေးထွေးထွေး မဖြစ်သေးပေ။
တညနေတွင် ရေချိုးချချိန်၌ သေဒဏ် အကျဉ်းသား တချို့မှာ ကျိုးနေသော ခြင်းလုံးကို အ၀တ်ဖြင့် စည်းပြီး ပိုက်ကျော်ခြင်း ခတ်ကြသည်။ ထောင်မှ ICRC အကူအညီဖြင့် ဘောလုံးများ၊ ခြင်းလုံးများ၊ စစ်တုရင် အရုပ်များကို အကျဉ်းသားများ အတွက် ပေးသော်လည်း လောက်ငှသည်ဟူ၍ မရှိပေ။ ထို့ကြောင့် တိုက်တစ်တိုက်လျှင် တစ်လလောက်နေမှ ခြင်းလုံး တစ်လုံးသာရသည်။ ထို့ကြောင့် ကြာကြာမခံ။ သူတို့ကိုကြည့်ရင်း ခေါင်းထဲတွင် အသိဥာဏ် လက်ခနဲ ဖြစ်သွားသည်။ နောက်တစ်ပတ် ထောင်ဝင်စာတွင် အိမ်ကို ပိုက်ကျော်ခြင်းခတ်သည့် ခြင်းလုံးများ မှာလိုက်သည်။ ရောက်လာသော အခါ ပိုက်ကျော်ခြင်း ခတ်သော အုပ်စုကို ပေးလိုက်သည်။ ခြင်းခတ်ချိန်တွင် သူတို့က ကျွန်တော့်ကို တလေးတစား လာခေါ်သည်။ ဤသို့ဖြင့် သူတို့နှင့်လည်း အဖွဲ့ကျသွားသည်။
စာလည်းမဖတ်၊ အားကစားလည်း ၀ါသနာမပါဘဲ အထီးကျန်၍ စိတ်ဓာတ် ကျဆင်းနေသော သေဒဏ် အကျဉ်းသားများလည်း ရှိနေသေးသည်။ သူတို့သည် လောကကြီးကို မကျေမနပ် ဖြစ်လျက်ရှိပြီး ဘယ်သူနှင့်မဆို ရန်ဖြစ်ရန် အဆင်သင့်ရှိနေသည်။ ထိုသူများကို ဆက်ဆံရသည်မှာ အန္တရာယ် များလွန်းလှသည်။ သူတို့မှာ အပြင်လောကတွင် မိသားစုများ မရှိတော့သလို ဘ၀အတွက် မျှော်လင့်ချက်များ ကုန်ဆုံးနေသော သူများလည်း ဖြစ်သည်။ ထိုသူများ၏ ဒေါသများ ပေါက်ကွဲ မသွားစေရန် အတွက် ကျွန်တော်တို့ရှေ့တွင် ရောက်နေသော သေဒဏ်အကျဉ်းသား တီးတီးက စားရေးသောက်ရေး အတွက် ကြည့်ရှု စောင့်ရှောက်ပေးထားသည်။ တီးတီးက တတ်နိုင်သည့် အလျောက် သူတို့အတွက် ထောင်မှ ဈေးဝယ်ပေးသည့် နေ့တွင် အချိုမှုန့်များ၊ ဆီများကို မှာပေးသည်။ သို့သော် သေဒဏ်တိုက်ရှိ လူကုန် မပေးနိုင်သည့် အတွက် မရသည့်သူများက တီးတီးကို ရန်ပြုချင်လာကြသည်။ ထိုအခြေအနေကို ကျွန်တော် သိပြီးသည့်နောက် တီးတီးနှင့်အတူ တတ်နိုင်သမျှ ၀င်ကူသည်။ ထောင်ဝင်စာ မလာသောသူများ အတွက် ရေချိုးဘောင်းဘီများ၊ ဆပ်ပြာခွက်များ၊ သွားပွတ်တံ၊ သွားတိုက်ဆေးများ တတ်နိုင်သမျှ ၀ယ်ပေးသည်။ ဤသို့ဖြင့် ကျွန်တော်တို့ သေဒဏ်တိုက်သည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ် ငြိမ်သက်အေးစက် မနေတော့ဘဲ လှုပ်လှုပ်ရှားရှား သာသာယာယာ ဖြစ်လာသည်။ ထောင်ဝင်စာ လာသည့်နေ့များတွင် သူ့ဟင်း ကိုယ့်ဟင်းများ ဖလှယ်၍ စားကြသည်။ ထောင်ဝင်စာ မလာသည့် အကျဉ်းသားများကို ကျွန်တော်တို့က ဟင်းချက်ရန် တာဝန်ပေးပြီး အတူစားကြသည်။ ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦး ပိုပြီး ခင်ခင်မင်မင် ဖြစ်လာသည်။ သေဒဏ်ကျ အကျဉ်းသား အားလုံးထဲတွင် မည်သူနှင့်မျှ စကားမပြောဘဲ ချည်ထိုးနေသော သူတစ်ယောက်ရှိသည်။ သူသည် တောင်ငူဘက်ရှိ တပ်ရင်း တစ်ခုမှ တပ်ကြပ်ကြီး တစ်ဦးဖြစ်ပြီး အမည်မှာ ကို ...ဖြစ်သည်။ နံနက်မိုးလင်းမှ ညနေအထိ မည်သူ့ကိုမျှ စကားပြောလေ့မရှိ။ အကျဉ်းထောင် အာဏာပိုင်များထံသို့ မည်သည့် အခွင့်အရေးမျှ မတောင်းဆို၊ အားကစားလုပ်ခြင်း၊ လမ်းလျှောက်ခြင်းလည်း အလျင်းမရှိ နေမကောင်းလည်း မဖြစ်ပေ။ သူနှင့် ကျွန်တော် ရင်းနှီးရန် ကြိုးစားသည်။ ထင်သလောက် မအောင်မြင်ခဲ့ပေ။ စကားပြောကြည့်သည်။ မေးသမျှကိုပဲ ဖြေသည်။ သူက လောကကြီးတွင် ဘာကိုမှ သိချင်ဟန်မတူ။ တခြား အကျဉ်းသားတွေက လွတ်ငြိမ်း ချမ်းသာခွင့်နှင့် နိုင်ငံတော် တရားရုံး ပြင်ဆင်ချက်များကို နေ့စဉ် မျှော်နေကြသော်လည်း တပ်ကြပ်ကြီးကတော့ လုံးဝ မျှော်လင့်ထားပုံ မရှိပေ။ တစ်ရက်တွင် သူ့အခန်းရှေ့သို့ ဖြတ်လျှောက်ခိုက် သူ့လက်ထဲတွင် အုန်းခွံဖြင့် ပြုလုပ်သည့် အင်မတန်လှသော Hand Made ဆွဲကြိုးလေးကို တွေ့လိုက်ရသည်။ ကျွန်တော် မနေနိုင်ဘဲရပ်ပြီး သူ့ကိုမေးလိုက်သည်။
“လှလိုက်တာဗျာ ဘယ်သူ့ကို ပေးဖို့လဲ”
သူက အသာအယာ ခေါင်းရမ်းပြသည်။ ပြီးနောက် ဆွဲကြိုးလေးကို လက်ထဲတွင် အသာအယာ လှည့်ပတ်ကြည့်ရှုရင်း ခပ်တိုးတိုး ပြန်ပြောသည်။
“လုပ်တုန်းကတော့ ကျွန်တော့်မိန်းမကို ပေးဖို့ပဲ။ ဒါပေမဲ့ သူမလာတာ တစ်နှစ်ရှိသွားပြီ။ ဆရာ လိုချင်ယူလိုက်လေ”
“ဟာ မဟုတ်တာ ခင်ဗျား ဇနီးလာရင် ပေးဖို့ သိမ်းထားလိုက်ပါ”
ထိုသို့ပြောပြီး ကျွန်တော် ထွက်လာခဲ့ပြီးနောက် သူ၏ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ အတန်ကြာတော့မှ တစ်ရက်တွင် သူထောင်ဝင်စာသွားတာ တွေ့လိုက်ရသည်။ ထောင်ဝင်စာက ပြန်လာတော့ ကျွန်တော့် အခန်းရှေ့တွင်ရပ်ပြီး စမူဆာထုပ်ကို လှမ်းပေးသည်။
“ဆရာပြောသလိုပဲ ကျွန်တော့်မိန်းမ ထောင်ဝင်စာ လာသွားတယ်။ ကျွန်တော် ဆွဲကြိုးလေး ပေးလိုက်ပြီ”
“ခင်ဗျားကိုယ်စား ၀မ်းသာ လိုက်တာဗျာ”
ထိုအဖြစ်အပျက် ပြီးသည့်နောက် ကို...နှင့် ကျွန်တော်မှာ ညီအစ်ကိုရင်းသဖွယ် ရင်းနှီးလာသည်။ သူက နောက်ထပ် အုန်းခွံတစ်ခုကို ရအောင်ရှာပြီး ကျွန်တော့်ဇနီး အတွက် နောက်ထပ် ဆွဲကြိုးလေး တစ်ခု နေ့မအား ညမအား လုပ်ပေးသည်။ ထိုဆွဲကြိုးလေး ပြီးသည့်နေ့က ကျွန်တော့်ကို အမှတ်တရပေးရင်း သူ၏ လျှို့ဝှက်ထားသော ဘ၀ကို တိုးတိုးတိတ်တိတ် ရင်ဖွင့်ပြောပြသည်။ သူသည် ကျေးလက်တောရွာမှ မွေးဖွားလာသော သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင် ရှားပါးသည့် အတွက် တပ်မတော်ထဲသို့ ၀င်ရောက်ခဲ့သည်။ သူ၏ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် တပ်ရင်းဗိုလ်ကြီးအစ တပ်ရင်းမှူး အဆုံး အားလုံးက သဘောကျပြီး ရာထူးလည်း အဆင့်ဆင့်တက်ခဲ့သည်။
စစ်သက် (၁၂)နှစ် အရောက်တွင် တပ်ရင်းအတွက် အားကိုးရသော တပ်ကြပ်ကြီး ဖြစ်နေလေပြီ။ အိမ်ထောင်လည်း ကျပြီး၍ သားသမီးလည်း ထွန်းကားနေပြီဖြစ်သည်။ သူ၏ ဇနီးသည်မှာလည်း သူ့နည်းတူ ရိုးရိုးအအ တောသူသာဖြစ်သည်။ သူ၏အိမ်ထောင်သည်လိုင်းမှာ တပ်ရင်းရုံးနှင့် နီးသည့်အလျောက် ရုံးမှ အရာခံဗိုလ် ရုံးအုပ်ကြီးက မကြာခဏ ခေါ်ခိုင်းသည်။ ရုံးတွင် တံမြက်စည်းလှည်း၊ သောက်ရေအိုး ရေဖြည့်ကအစ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးရသည်။ ထိုသို့ လုပ်ပေးသည့် အတွက် ဆန်များ၊ ဆပ်ပြာတောင့်များ၊ ဆီများ မကြာခဏပေးသည်။ သူလည်း ရာထူး ရလာသည့်အလျောက် ရှေ့တန်းသို့လည်း လိုက်ပါရသည်။ တောင်ငူတွင် အခြေစိုက်ထားသည့် အတွက် KNU နယ်မြေများသို့ တောက်လျှောက် စစ်ဆင်ရေးထွက်ရသည်။ ရှေ့တန်းတွင် ရန်သူ့ကျည်နှင့် ကပ်သီးလေးလွဲ၍ အသက်ရှင်ရမည့် ကံဇာတာ ပါသော်လည်း တစ်ရက်တွင် ကံကြမ္မာဆိုး ကျရောက်ခဲ့ရသည်။
ရှေ့တန်းမှ ဒီတစ်ခေါက် အပြန်တွင် ဇနီးဖြစ်သူ၏ မျက်နှာမှာ မသာမယာ ဖြစ်နေသည်။ သူပြန်လာသည်ကို ပျော်ရွှင်နေပုံမရ။ ညဘက် ရောက်သောအခါ ဇနီး ဖြစ်သူက ရှိုက်ကြီးတငင် ငိုကြွေးပြီး သူ့အဖြစ်ကို ပြောပြသည်။ ခင်ပွန်း ဖြစ်သူ ရှေ့တန်း မကြာခဏ ထွက်နေချိန်များတွင် တပ်ရင်းရုံး၌ သန့်ရှင်းရေး ဆောင်ရွက်နေခိုက် ရုံးအုပ်ကြီးက သူ့ကိုခေါ်ယူပြီး ရုံးအနောက်ဘက် ဘူးစင်အောက်၌ မကြာခဏ ကာမပြုကျင့်မှုများ ရှိကြောင်း၊ ခင်ပွန်းဖြစ်သူကို ပြန်ပြောလျှင် အလုပ်မှ ဖြုတ်ပစ်မည်ဟု ပြောသည့် အတွက် ကြိတ်မှိတ်သည်းခံနေခဲ့ကြောင
နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခု ပိုင်ပိုင်နိုင်နိုင်ချပြီး
နောက်ဆုံးတွင်တော့ ရိုးသားသော တပ်ကြပ်ကြီးသည် စစ်စည်းကမ်း ဖောက်ဖျက်မှု၊ အမိန့် မနာခံမှု၊ လူသတ်မှုတို့ဖြင့် သေဒဏ် အပြစ်ပေးခံခဲ့ရသလို ဇနီးဖြစ်သူမှလည်း ကြံရာပါ အမှုဖြင့် ထောင်ဒဏ် ၃နှစ် အပြစ်ပေး စီရင်ခြင်း ခံခဲ့ရသည်။ သူသည် ဇနီးဖြစ်သူ အပေါ်တွင် မည်သို့မှ အပြစ် မယူခဲ့သလို သူ့မိန်းမကလည်း ခင်ပွန်းသည်အား သစ္စာရှိသည်။ သူ့ကို အင်းစိန်ထောင်သို့ ပို့လိုက်သော်လည်း ဇနီးဖြစ်သူမှာ တောင်ငူထောင်၌ ကျန်ရစ်ခဲ့သည်။ ထောင်မှလွတ်သောအခါ သူ့ကိုထောင်ဝင်စာ လာတွေ့သည်။ ကျွန်တော် လွတ်သွားသည် အထိလည်း သူ့ဇနီး ဖြစ်သူမှာ ထောင်ဝင်စာ လာတွေ့ နေသည်ကို ယနေ့တိုင် ကျွန်တော် အမှတ်ရလျက်ရှိသည်။
နောက်ထပ် ထူးခြားသော သေဒဏ် အကျဉ်းသားမှာ ဇာတ်လမ်းထဲတွင် တွေ့ရလေ့ရှိသော စိတ္တဇ လူသတ်သမား ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
No comments:
Post a Comment